Advertisements

ပွင့်လင်းခြင်းဖြင့် အဂတိကင်းစေချင်

ရန်ကုန်တိုင်းဥပဒေချုပ်သစ်က ကောင်းအောင်လုပ်ပါမယ်လို့ပြောပြီးတော့၊ အလုပ်နဲ့သက်သေမပြနိုင်ရင်လည်း အလကားပဲလို့၊ အင်တာဗျူးတစ်ခုကိုဖတ်ရတယ်။

မွန်ပြည်နယ်မှာရော ကိုယ့်ဆရာများ ကောင်းအောင်ဘာတွေဘယ်လို ပြောခဲ့ကြသလဲလို့သတိထားမိတယ်၊ ဆရာများက နေရာကြီးများအရ မူဝါဒအကောင်ထည်ဖော်သူဆိုတော့ သူတို့အပြောကို မဲပေးတဲ့ပြည်သူက တအားစိတ်ဝင်စားကြပါတယ်၊ အလေးလည်း

ထားတယ်၊ မျှော်လည်း မျှော်လင့်ကြပါတယ်၊ ထို့နည်းသူ မိမိမဲပေးခဲ့တဲ့ အမတ်တွေ၊ လွှတ်တော်မှာ အိပ်နေလား၊ သူတို့နဲ့တွေ့တုန်းကပြောပေးမယ်ဆိုတဲ့့ဂတိအတိုင်း ပြောတာမျိုးရှိလားပေါ့၊ စိတ်ဝင်တစား လေ့လာသူအနေနဲ့ လွှတ်တော်ကိုလာတက်တာတောင် ရှိကြပါတယ်။

သူတို့ကို အပြစ်မဆိုပါဘူး၊ အမတ်တချို့ဆိုရင် ဘယ်နှစ်ခါမေးဖူးလဲလို့ ဒဲ့မေးရမလိုဖြစ်အောင်၊ အမေးနည်း ကြပါတယ်၊ ရှိနေမှန်းတောင် မသိရပါဘူး၊ ဘောလုံးသမားတွေပြောသလို အသင်းနာတယ်၊ မကန်ဘဲကွင်းထဲလာနေတာ၊ ပြန်မရတဲ့ အချိန်ကိုဖြုန်းနေတယ်၊ မဲပေးတဲ့ ပြည်သူတွေရဲ့ အချိန်တွေကို အားမနာတော့ဘူးလား၊ မဲရွေးစဉ်က အပြောကောင်းခဲ့တာ၊ ပြန်သတိရ သင့်ပါတယ်၊ မကန်ရင်လူလဲရမယ်၊ အသင်းမန်နေဂျာကို ဘာလို့ ပြည်သူ့အသင်းအနာခံပြီး ထည့်ထားတာလဲလို့ မေးရလောက်အောင်၊ သူများမေးဖြေတာကိုပဲ ဟိုကြည့်ဒီကြည့် နဲ့ဆို၊ ဝေဖန်စရာဖြစ်တာပေါ့၊ တစ်ပြိုင်တည်းမှာပဲဝန်ကြီးတွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းဆိုပြီး သူမကျွမ်းကျင်သေးတဲ့ဘာသာရပ်ကို ဌာနဆိုင်ရာ အကြီးအကဲက၊ တင်ပေးတာကိုဖြေကြားကြပါတယ်၊ မကျွမ်းဘူး ဆိုတာကလည်း ဌာနပေါင်း – ၂၀ ကျော်ကို တော်ရုံစကေးနဲ့ဘယ်လိုနားလည်မလဲ၊ အနည်းဆုံး သုံးလလောက် မအိပ်မနားမနေလုပ်ပါမှ၊ ဒါတောင်တစ်ဌာန – ၅ ရက် လောက်ပဲရမယ်ဆိုရင်၊ အလုပ်ဖြစ်မှာ မဟုတ််သေး၊ ဝန်ထမ်းကိုဦးဆောင်ဖို့ကတော့လိုသေး၊ ကြိုးစားကြပါ။

Advertisements

ဒီကြားထဲ အခမ်းအနားတွေလိုက်တက်ရတော့၊ အခမ်းနားကျမှ မေးရတာမျိုးလည်းတွေ့ရတတ်ပါတယ်၊ အခုနောက်ပိုင်း အမတ်တွေက အစပျိုးမေးခွန်းလေးပဲ၊ အစိုးရကို ပေးတတ်တယ်၊ အဲဒီအဖြေလေးကိုင်ပြီး၊ မထင်မှတ်တဲ့ ဆက်စပ်မေးခွန်းကြီးတွေ ဆွဲ

မေးတာမျိုးရှိလာကြတယ်၊ ဝန်ကြီးက လူရည်မလည်ရင်အငိုက်မိတတ်တယ်၊ တချို့ကလည်း နောက်မှစာနဲ့ ဖြေတာမျိုးရှိလာတယ်၊ လတ်တလော ဆားကွင်းတွေကို တစ်ဧက – ၅ သိန်းချေးမယ်၊ ဌာနက ကွင်းဆင်းတယ်၊ Action Plan ဆိုတဲ့စကား၊ ဆားရာသီမစမီ၊ စက်တင်ဘာလ မကုန်ခင်ရမယ်လို့ပြောခဲ့ကြပါတယ်။

ခု အောက်တိုဘာလလယ်ရောက်နေပြီ၊ အီလည်လည်နဲ့ပဲ ရှိနေသေးတယ်။ ပြောတဲ့အတိုင်း မလုပ်နိုင်ဘူး ဖြစ်နေပါတယ်။ ဘယ်နေရာအံချော်နေလဲမသိဘူးပေါ့။

နီးစပ်ရာထောက်ကြည့်တော့ နာဂစ်တုန်းက ဧရာဝတီက ချေးငွေမဆပ်နိုင်တာကို ဘဏ်ဘက်က မစွန့်စားရဲဘူးဖြစ်နေတယ်လို့အသံကြားတယ်၊ ဟိုဘက်မှာ ဒါဖြစ်လို့၊ ဒီဘက်မှာ ဒါကိုမလုပ်ဘူးဆိုရင် တောင်သူကိုအကျိုးပြုမယ့် SME က အလှမ်းကဝေးနေဦးမှာပဲ၊ တစ်ဆက်တည်း တောင်သူ မိုးစပါးချေးငွေ၊ မကျေလို့ဆိုပြီး၊ ဒီနှစ်၊ ဒဲ့ပြောရင် ဒီအစိုးရလက်ထက်ကြမှ ပုံစံ – ၇ အပေါင်ထားရ၊ မကျေတဲ့ ဒေသမှာလုပ်ပေါ့၊ မွန်ပြည်နယ်မှာက ချေးငွေ ကျေတဲ့အစဉ်လာကောင်းတယ်ဆိုရင် တစ်မျိုးစဉ်းစားသင့်၊ အခု ၆ – လပိုင်း မိုးကြီးရေမြုပ်ပျက်စီးတဲ့ ဘီလူးကျွန်းလယ်တွေပြန်လုပ်ဖို့ငွေလိုတော့၊ တောင်သူတွေက ပုံစံ-၇ ပြန်ရရင်အတိုးနည်းမယ်ဆိုပြီး၊ တင်ပြကြတော့၊ အမတ်က လွှတ်တော်မှာပြော၊ ပြည်ထောင်စုအစီစဉ်တိုင်းလုပ်ရတာမို့ ပုံစံ – ၇ ကို ချေးငွေကျေမှပြန်ပေးမယ်လို့ ဖြေတာကြားရ၊ လွှတ်တော်အပြီး အမတ်ကိုမေးတော့ ဘီလူးကျွန်းက ဒီနှစ်မိုးစပါး ချေးငွေတာဝန်ကျေနိုင်ပါ့မလားလို့ပူပန်တယ်လို့ဆိုပါတယ်။

ဒီအကြောင်းကဒီလို ပွင့်ပွင့်လင်းလင်းပြောပြလိုက်ရင်၊ ဘယ်သူကမှ အပြစ်တင်မှာမဟုတ်သလို ဘယ်သူမှလည်း အားလုံးပြည့်စုံတာ မရှိကြပါဘူး၊ ဒီဘက်မှာပါတီက ဝန်ကြီးဌာန တစ်ခုမှာ သူခန့်နိုင်တာက ဝန်ကြီး၊ ဒုဝန်ကြီးပဲ၊ ဒါလည်း အပြည့်မဟုတ်သေး၊ အပြင်က ပညာရှင်တွေပါသေး၊ ပြောရရင် ဌာနတစ်ခုမှာ အများဆုံး ဆယ်ရာခိုင်နှုန်းလောက်ပဲရှိပြီး၊ ကျန်တာကတော့ စီစဉ်ထားတဲ့ မိုးကျရွှေကိုယ်တွေများကြပါတယ်၊ ကျွန်တော်မျိုး သေသင့်တယ်ဆိုတဲ့ ကိုးရီးကားကို မေ့နေပြီလား။

ဝန်ချတောင်းပန်ခြင်းအနုပညာကို မေ့နေကြပြီလား၊ အဲဒီလောက်တော့မာနမရှိသင့်ပါ။
ဒီနေရာကို ဘယ်သူကြောင့်ရလာသလဲဆိုတာလေးတွေးကြည့်သင့်၊ မမေ့သင့်ပါ၊ မေ့နေရင်လည်း အနှစ်သုံးဆယ်မှာ ပြန်လည်နိုးထသတိရဖို့လိုပါပြီ၊ ဘယ်သူက ဘယ်လိုဆွဲပြီး၊ပြည်သူတွေရဲ့ ပါဝင်မှုကြောင့် ရလဒ်တွေမမျှော်မှန်း လောက်အောင်ပြောင်းခဲ့ပါသလဲ၊ ဘာဖြစ်လို့လဲဆိုတော့ မမှားဘူးတဲ့သူ မရှိသလို၊ အားလုံးကောင်းပါသည်ဆိုတာလည်းမဖြစ်နိုင်ပါဘူး၊ ဒီကနေ့ ပါတီက ၁၀ ရာခိုင်နှုန်းလောက်ပဲ လုပ်နိုင်တယ်လို့ မြင်ပါတယ်၊ ဘယ်လိုလုပ် ၂/၃ နှစ်လောက်နဲ့၊ လှည့်လို့ ဆွဲလို့ ပါပါ့မလား၊ အချိန်ပေးရမယ်၊ ကြိုးစားရမယ်၊ ပြောချင်တာက လုပ်နိုင်တာကို လုပ်၊ လုပ်နိုင်သလောက်ပဲပြောပေါ့၊ အခက်အခဲစိန်ခေါ်မှုကိုပြောပေါ့၊ မဟုတ်ဘူး၊ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်၊ မပြောပါနဲ့၊ လေနောက် အလုပ်မပါတော့၊ လူထုက အပြစ်တင်၊ အပြစ်ပြောတာက လူ့သဘာဝပဲ၊ လူကြီးဆို အပြောဆင်ခြင်ရမယ်လေ၊ လမ်းဘေးက မဟုတ်ဘူး၊ ကိုယ့်အဆင့်မသိသေးရင်လည်းသိအောင် အရင်လုပ်ဖို့လိုပြီ။

လူကြီးပြောတာကို အများစိတ်ဝင်စားတော့သတင်းဖြစ်တတ််ပါတယ်၊ ပြန်ပြောရရင် တစ်ကြိမ်တစ်ခါလောက် ၆ လအတွင်း၊ ကိုယ်ပြောခဲ့တဲ့ ဂတိစကားတွေ၊ သီချင်းထဲကလို ဘယ်များရောက်သွားသလဲလို့မေးရမယ်၊ မေးသင့်တယ်၊ ဒီမှာပြောတာမျိုး မဟုတ်ဘဲ လွှတ်တော်မှာ မေးတယ်၊ ဌာနက စုံစမ်းရေး ဖြေတယ်၊ အဖြေကိုကောက်ချက်ချတယ်၊ လိုအပ်ရင် မဲခွဲတယ်၊ လွှတ်တော်မှာ ဆိုင်ရာဝန်ကြီးတွေကပြောဆိုတဲ့ ဂတိရော၊ အောင်ခဲ့တဲ့အဆိုတွေရော၊ ဘယ်လောက်များ အကောင်ထည်ဖော်နိုင်ပါသလဲ၊ ဘယ်နှစ်ရာခိုင်နှုန်းလောက်ကျန်သေးလဲ၊ အဲဒါကို ပွင့်လင်းစွာ ပြောရမယ်၊ ချပြရမယ်၊ တို့ကလုပ်တယ်၊ ဒီအခက်အခဲကြောင့် ဒီမှာတန့်နေတယ်၊ ပြန်ကြိုးစားမယ်ပေါ့၊ ဘော်ဒါတွေ ပြောသလို ရေးသလောက်၊ ဘောပင်မင်၊ စက္ကူကုန်သလောက် ဘာထိရောက်လဲလို့၊ သူတို့မြင်နေတာကို အားမလိုအားမရ၊ မေးတာလည်းခံရဖူးပါတယ်၊ ဒါကတော့ကွာ ကိုအောင်ကျော်သူ ပြောသလိုပေါ့၊ ဟိုဘက် အစိုးရဘာလုပ်ခဲ့သလဲလို့မေးရင်၊ ကိုယ်တို့လည်းမေးသင့်၊ ပြောသင့်၊ ထောက်ပြသင့်တာတွေပြောခဲ့ပါတယ်ဆိုတဲ့ အထောက်အထားတော့၊ ကျန်ခဲ့တာပေါ့လို ပြောပါတယ်။

ကိုယ့်သမိုင်းကိုယ်ရေးပါတယ်၊ ဆယ်မြို့နယ်လုံး အချိန်လုပြီး ပြေးလွှားစိစစ်တယ်၊ မေးတယ်၊ မြန်းတယ်၊ လုပ်ငန်းစံနဲ့ကိုက်လား၊ အရည်အသွေးမီရဲ့လားပေါ့၊ ဒေသနဲ့ ကိုက်ရဲ့လား၊ လက်တွေ့လုပ်နေတဲ့သူတွေရဲ့အသံ၊အခက်အခဲကိုမေးတယ်၊ နားထောင်တယ်၊ ဘယ်လိုဆိုကောင်းမလဲပေါ့၊ အောက်ခြေကတင်ပြခွင့်ပေးတယ်၊ ဝန်ကြီးဌာနကအ ကြီးအကဲတွေ အဲဒီလိုမကွပ်ကဲ၊ မစိစစ်နိုင်ကြပါဘူး၊ ဒါကိုတင်ပြတော့ ကော်မတီက လုပ်ပိုင်ခွင့်မရှိသလို၊ အမေးခံရပါတယ်။

ဒီလိုပါပဲ သစ်ပုံဆိပ်စီမံကိန်း၊ ကမ်းနားလမ်းအဆင့် ၆ တွေမှာ လွှတ်တော်မှာ မေးခဲ့ကြပါတယ်၊ သိန်းတစ်သောင်းပြန်ရခဲ့ပါတယ်၊ ဒါတွေဟာ သမိုင်းတစ်ခုပါ၊ အခုလည်း ကမ်းနားလမ်းအဆင့် – ၅က ခုချိန်ထိပျက်စီးနေတာ ဘယ်သူတွေ ထောက်ပြပြီးလဲ၊

နောင်ဒါမျိုးမဖြစ်စေဖို့၊ကိုအောင်ကျော်သူတို့က လမ်းကိုဖောက်ပြီး တိုင်းထွာစစ်ဆေးခဲ့တာကိုရေးရာကော်မတီတွေမှာ (စိစစ်ခြင်း) မပါဘူး ဆိုလို့ကန့်ကွက်တာ ဒီလွှတ်တော်မှာပါ၊ နောက်ပိုင်း (စည်ပင်/ဆလရ) က ဝန်ကြီးတာဝန်တွေဖြစ်လာမှာပါ။

on paper အလုပ်တွေနဲ့ ဘယ်လိုများ လုပ်ငန်းတွေကိုစောင့်ကြည့်ထိန်းကျောင်းလုပ်ကိုင်မယ်ဆိုတာကိုမျှော်ရမှာပေါ့၊ အောင်မှတ်ရပါစေ။ အဲဒီမှာ အရင်အာဏာရှင်စနစ်ကို ပြန်မြင်နေကြတယ်၊ ဒီမြေကွာ၊ အရင်ကဆိုသိမ်းလိုက်၊ လုပ်လိုက်၊ ဘယ်သူ ပါးစပ်ဟရဲလဲဆိုပြီးလုပ်ခဲ့တာတွေက၊ အခုစပြီးလိုက်ရှင်းနေတာ လက်တွေ့ပါပဲ၊ အာဏာရှင်စနစ်နဲ့ မတိုးတက်ချင်ပါနဲ့၊ အဲဒါလည်း အာဏာရှင်စနစ်ကိုဖိတ်ခေါ်နေသလားလို့ ခံစားမိတယ်၊ ဘတ်ငွေစျေးတက်တယ်၊ စျေးကြိုကကုန်သည်တွေ တချို့နာ၊ တချို့သာကြပါတယ်၊ နယ်စပ် မြဝတီက ဆင်းတဲ့ကား အစီးတစ်ရာမှာ ကုန်သွယ်စခန်းကို ဆယ်စီးလောက်ပဲ ဖြတ်ပါတယ်၊ ဘာကြောင့်လဲ၊ အကောက်ခွန် စျေးမြင့်တယ်တဲ့၊ကျန်ကားတွေက တောလမ်းကဖြတ်ကြတယ်၊ ပေးရတာပဲ၊ ကုန်သွယ်စခန်းလောက် မများဘူး၊ သူတို့သုံးသပ်တာက အစိုးရအခွန်အပြည့်မရ၊ ကုန်သည်တွေက မှောင်ခိုဖြစ်၊ နှစ်ဖက်နစ်နာ။

ဒါတွေကို လူကြီးတွေမသိဘဲနေမလားတဲ့၊ သူပြောချင်တာက တောလမ်းကပေးရသလောက် အစိုးရယူပြီးဖြတ်ခွင့်ရမယ်ဆိုရင် အခွန်ပိုရသလို၊ ကုန်သည်ကလည်းမှောင်ခိုမဟုတ်ဘဲ၊ စိတ်ချမ်းသာတယ်ဆိုပဲ။

Written by P မောင်မောင်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်