ရှေ့ကဆိုသလိုပဲ

116

ကြက်ဆူတောရွာသားများကြား ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်
ပြောစရာဆိုစရာများ အလွန်များပြားသွားလေ၏။ ကြက်ဆူတောရွာသားတို့၏
ထုံးစံကား တစ်ခုခုဖြစ်ပြီးလျှင် ခွဲခြမ်းစိပ်ဖြာ၏။

စိတ်သန်သလိုကောက်ချက်ချ၏။ ထိုအခါ ထွက်လာသောအဖြေများကား တစ်ဝက်လွဲ၍
ကျန်တစ်ဝက်ကား မှား၏။

ယခုလည်းကြက်ဆူတော၏ Google စားသောက်ဆိုင်တွင် သူတို့တစ်ဖွဲ့
လေသေနတ်ပစ်ရန် စုရုံး ရောက်ရှိလာကြကုန်၏။ ပထမဆုံးကြက်ဆူတောရွာ၏
အငယ်ဆုံးသော ပညာရှင်ဖြစ်သည့် သစ္စာလေးပါး မောင်လွမ်းမိုးလေးက
သူ့အမြင်ကိုစတင်ပြောကြားလေ၏။

“မောင်ရင်တို့သတိထားမိလေသလား၊ ၂၀၁၅ ရွေးကောက်ပွဲမှာ အနီပါတီက
သောင်ပြိုကမ်းညွတ် အနိုင်ရခဲ့ပေမယ့် ၂၀၁၇ ရွေးကောက်ပွဲမှာ
အောကလီးယားမဖြစ်ခဲ့ဘူး၊ နိုင်တဲ့နေရာရှိခဲ့သလို၊ အနိုင်မရတဲ့ နေရာလည်းပဲ
ပေါ်ထွက်ခဲ့တယ်၊ ဟော အခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ၁၃ နေရာမှာ၊ ၆ နေရာပဲ
အ နိုင်ရပြီး၊ အစိမ်းပါတီက ၃ နေရာ အနိုင်ရသွားသလို၊ တိုင်းရင်းသားပါတီက ၃
နေရာနဲ့ ဆုံးဖြတ်လို့မရနိုင် သေး တာ ၁ နေရာရှိတယ်။ ဆိုလိုတာက အနီပါတီဟာ
အရင်လို သောင်ပြိုကမ်းညွတ်နိုင်တာမျိုး မရှိခဲ့ဘူး၊
ရာနှုန်းပြည့်မဖြစ်ဘူး၊ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ဟာ
လုပ်ရည်ကိုင်ရည်မရှိဘူး၊ သူတို့မလုပ်မကိုင်တတ် တာရယ်
သူတို့ဆီကလွှတ်တော်အမတ်တွေရဲ့ အမတ်ဖြစ်ပြီ၊ ပြီးပြီဆိုတဲ့အခြေအနေတွေရယ်၊
ပြည်သူနဲ့ တချို့က ကင်းကွာသွားတာရယ်ဟာ သူတို့အတွက်
အနိုင်မရစေတဲ့ဆေးဖော်လိုက်သလိုဖြစ်နေတယ်”

မောင်လွမ်းမိုးလေး၏စကားဆုံးသောအခါ ကဖေးဂျင်မီက ဤသို့ကောင်းချီးပေးလေ၏။

” မသိလို့မေးပါရစေ စတုသစ္စာကြီးခင်ဗျာ၊မျက်ကန်းလမ်းလျှောက်သလိုများဆိုလိုက်တာ လား ခင်ဗျ၊
ဟုတ်ပါတယ်၊ အနီပါတီဘာမှမလုပ်နိုင်သေးတာဟာ ခေတ်အဆက်ဆက်
အပျက်ကြီးပျက်ခဲ့တဲ့ အင်း နားမိုင်း(inner mind) တွေကို
ပြန်သန့်စင်သွားအောင်လုပ်နေရတာ လွယ်မှတ်လို့လားဗျ။ ရွာတစ်ရွာကိုမ
ဆိုထားနဲ့ ဆရာသမားမိသားစုအတွင်းက အစဉ်အဆက်ပျက်လာတဲ့သူတွေကို
နည်းနည်းအရွယ်လေးရလာ မှ ပြန်ပြင်ကြည့်လိုက်၊
ဆရာသမားစိတ်တိုင်းကျတော့ဖြစ်လာဖို့မလွယ်ကူပေဘူးလေ။ နောက်တစ်ခုက အနီ
အမတ်တချို့က အမတ်ဖြစ်ပြီးပြီဆိုတဲ့အခြေအနေတွေကရှိတော့ရှိတာပေါ့လေ။
ဒါကလည်း စနစ်တစ်ခုကို ကူးပြောင်းမှုကာလရဲ့ အစပိုင်းမှာ
ဆန်ခါတင်လူကောင်းလူသန့်ချည်းတော့မရနိုင်ဘူးလေ၊ ဟိုးအရင် သိုး
ဆောင်းတွေကိုတော်လှန်တုန်းက ဘီအိုင်အေထဲမှာ လူမျိုးစုံရောပါလာသလိုပေါ့
တဖြည်းဖြည်းတော့ပြုပြင် သွားရမယ့်အခြေအနေ
တဖြည်းဖြည်းလေ့ကျင့်ပျိုးထောင်သွားရမယ့်အခြေအနေပဲလေ၊ အနီပါတီအာဏာရ လာ
ပြီးလှုပ်ရှားလာရတဲ့ကာလနဲ့ ခုအချိန်က
ပြုပြင်လေ့ကျင့်မှုအလုံးစုံပြီးမြောက်ဖို့အတွက် လုံလောက်တဲ့အ
ချိန်လို့တော့မဆိုနိုင်ဘူးသေးလေ၊ နောက်ပြီးသိတဲ့အတိုင်းပဲ
အိမ်တစ်အိမ်ထဲမှာ အိမ်ထောင်ဦးစီးနှစ် ယောက်ဖြစ်နေတဲ့အခါ
အိမ်ထောင်ဦးစီးနှစ်ဦးတောင်ဆိုပြီး စွမ်းဆောင်ရည်မြင့်လာလိမ့်မယ်မထင်နဲ့
အဲဒီနှစ် ဦးထဲမှာ ကန့်လန့်တိုက်သူတစ်ယောက်ဖြစ်လာလို့ကတော့ ကြွက်နဲ့ဖား
ချစ်လွန်းလို့ ခြေထောက်နဲ့အမြီး ပူး တွဲချည်နှောင်ထားသလို
ဟိုမရောက်ဒီမရောက်ကိုဖြစ်နေမှာ အသေအချာပဲလေ ”

ကဖေးဂျင်မီ၏စကားဆုံးသောအခါ မီဒီယာမင်းဗညားထွေးက ထစ်အထစ်အဖြင့်
ဝင်ရောက်ဆွေး နွေးပြန်လေ၏။

” မောင်ရင်တို့ အနီတို့ အစိမ်းတို့ အဝါတို့ အပြာတို့လုပ်မနေနဲ့
ခုကြားဖြတ်ရွေးချယ်ပွဲရဲ့ထူးခြားချက် က အပိုင်းလိုက်
တိုင်းရင်းသားပါတီတွေရဲ့ အောင်မြင်မှုက အရင်ကထက်ပိုတိုးတက်လာသလိုပဲ
ဒါကိုကြည့်ခြင်းအားဖြင့် (၂၀၂၀)မှာ အပိုင်းလိုက်တိုင်းရင်းသားပါတီတွေ
အလုပ်ဖြစ်လာတော့မယ်၊ အရှိန်အဟုန်နဲ့ တိုး တက်အောင်မြင်လာတော့မယ်ဆိုတာကို
သက်သေပြလိုက်တာပဲ၊ နောက်ပြီး(၂၀၂၀) ရွေးကောက်ပွဲမှာ ဘယ်ကာလာနဲ့ပါတီမှ
အပြတ်အသတ်နိုင်ပြီး အစိုးရအဖွဲ့ဖွဲ့သွားနိုင်တာမျိုးမရှိစေရဘူးလို့
ကိုယ်အလောင်းအစားလုပ်ရဲတယ်၊ ကိုယ်ရှုံးခဲ့မယ်ဆိုရင် ကွယ်လွန်ခါနီး
ကိုယ့်ရဲ့ အစ်မဝမ်းကွဲကိုပေးမယ်လို့ လောင်းရဲတယ်”

မီဒီယာဘိုးအေ မင်းဗညားထွေး၏စကားဆုံးသောအခါ
လွှတ်ကြီး၏တပည့်လူရဲကလည်းဝင်ရောက် ၍ဆွေးနွေးပြန်လေသည်။

” မင်းဗညားထွေး မောင်ရင်ကလည်းမီဒီယာသမားတစ်ယောက်လုပ်ပြီး
သုံးသပ်ဆုံးဖြတ်ချက်ကလည်းညံ့လိုက်တာမှ ဖွတ်ကနဲမြည်လောက်တယ်၊
ခုရွေးကောက်ပွဲအနေအထားအရ ပါတီအမည်ခံထားတဲ့ အစုအဖွဲ့မှန်သမျှ
ပြည်သူတွေစိတ်ကုန်နေတာကွ၊ (၂၀၂၀)ကျရင် တစ်သီးပုဂ္ဂလတွေပဲ အနိုင်ရလာလိမ့်မယ်၊
ပြီးတော့ မောင်ရင်ပြောသလို ညွန့်ပေါင်းအစိုးရပဲဖွဲ့နိုင်မှာတော့
ကိုယ်လည်းထောက်ခံတယ်”

ထိုအချိန်တွင် စကားဝိုင်းတွင်တစ်ချိန်လုံးအိပ်ငိုက်နေသော ဆရာချွန်အား
သူတို့ကဝိုင်း၍ မေးမြန်း ကြလေ၏။

” ကဝိချွန်ကြီးကရော ဘာများဆွေးနွေးဦးမှာလည်း ဒီကနေ့က ထူးထူးခြားခြားတိတ်နေသဗျ”

ထိုအခါ ဆရာချွန်က ဝတ်ကျေတမ်းကျေပြန်၍ဖြေလေ၏။

” မောင်ရင်တို့ ဆွေးနွေးသွားတာ အတော်ပြည့်စုံနေမင့်ဟာ
ကျုပ်လိုဘုကလန့်တစ်ယောက်က ဘာ များဆွေးနွေးစရာ လိုပါဦးမလဲ ဒါပေမယ့်
အချိန်ကတော့ အားလုံးကို အဆုံးအဖြတ်ပေးနိုင်ပါတယ်လေ”

ဤသို့ဖြင့် သူတို့အသီးသီးသည်လည်း သန်ရာသန်ရာပါတီဖွဲ့ခြင်း၊
မိမိတို့နှစ်သက်ရာပါတီများကို ဝန်းရံပေးကြခြင်းဖြင့် (၂၀၂၀)
ရွေးကောက်ပွဲအတွက်ပြင်ဆင်ကြလေ၏။

ထိုအချိန်တွင် အများနည်းတူ ဆရာ
ချွန်သည်လည်း ပါတီတစ်ခုကို စတင်တည်ထောင်ပြီး
ရွေးကောက်ပွဲအမီလှုပ်ရှားလေ၏။

အစောပိုင်းက သူ့ ပါတီ လူအများက
အောင်မြင်မှာမဟုတ်သည့်ပါတီဟုဆိုကာ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြလေ၏။

သို့သော်လည်း (၂၀၂၀) ရွေးကောက်ပွဲအပြီးတွင် သူ့ပါတီသည်ကား
သောင်ပြိုကမ်းညွှတ်မျှမကပဲ အထူးအောင်မြင်သောကြောင့် မွန်ရပ်ကွက်အခြေစိုက်
မန်ဒါလီဂျာနယ်မှ အယ်ဒီတာ ဆက်နေဂျင်းကောင် နှင့်
အယ်ဒီတာမြတ်သွင်ထူးပိုင်တို့က သူ့အားလာရောက်၍ အင်တာဗျူးကြလေ၏။

” ဆရာချွန်ခင်ဗျာ ခုရွေးကောက်ပွဲဟာ အများကတော့ ပါတီတစ်ခုခုက အခုလို
ဝက်ဝက်ကွဲအောင် မြင်လိမ့်မယ်မဟုတ်ဘူးလို့ထင်ထားကြပေမယ့် ခုဆရာ့ပါတီက
တအားကြီးအောင်မြင်ပြီး အစိုးရဖွဲ့နိုင်သွား တာ ဘာကြောင့်များပါလည်းခင်ဗျာ
ဘယ်လိုဗျူဟာတွေနဲ့ ဆရာ့ပါတီအောင်မြင်အောင် ဆောင်ရွက်သွားခဲ့
တာပါလဲခင်ဗျာ”

ထိုအခါ ဆရာချွန်က ရိုးရိုးကလေးပင် သူ့အမြင်ကို ပြန်လည်ဖြေကြားလေသည်။

” ဒါက ကိုယ်ကျိုးစီးပွားနဲ့ အမြင်မပြတ်သားမှုပေါ်မူတည်တယ်လေ၊
ကိုယ်တို့ကြက်ဆူတောသား တွေကိုကြည့်လိုက် အတ္တကြီးတယ်၊
ဆင်ခြင်တုံတရားနည်းပါးကြတယ်၊ ပြီးတော့အမှတ်မရှိဘူး၊ ကိုယ်ကျိုးစီး
ပွားနဲ့ ယှဉ်လာတဲ့ခါ အရာရာကိုမေ့သွားတတ်ကြတယ်လေ၊ ကိုယ်က
အဲဒီပေါ်မှာဗျူဟာချပြီး၊ ကိုယ်တို့ပါတီ သာ အနိုင်ရရင်
ဘာအခွင့်အရေးတွေပေးမယ် ညာအခွင့်အရေးတွေပေးမယ်၊စသည်ဖြင့် မစားရဝခမန်းပြော
ပြလိုက်တော့ သူတို့တွေ ကိုယ့်လူတွေဖြစ်လာတော့တာပေါ့
နောက်ပြီးကိုယ့်ပါတီတွက် အမာခံတချို့ကို လည်း ဘယ်သူတွေမှ မပေးဘူးသေးတဲ့
အခွင့်အရေးတွေကိုလည်း ခပ်တည်တည်နဲ့ပေးလိုက်ရော အားလုံး ဟာ
ကိုယ့်ရဲ့ကြော်ငြာသမားကောင်းတွေဖြစ်ကုန်ပြီး သူတို့ကို လူတွေအားကျအောင်
တို့တွေသာအစိုးရဖြစ်ရင် ကျားဖမ်းပြမယ် ဆင်ဖမ်းပြမယ်
နဂါးဖမ်းပြမယ်ဖြစ်ကုန်ကြရော၊ ဒီတော့ နဂိုရ်ကမှ နိုင်ငံရေးရေချိန်အား
နည်းတဲ့ ကြက်ဆူတောသားတွေ ကိုယ့်ကို ဘုမသိဘမသိကြိုက်ပြီး
သူတို့ကယ်တင်ရှင်အဖြစ်ထင်ပြီးရွေး ချယ်လိုက်ကြတော့တာပေါ့”

” ဆရာတို့ အစိုးရဖွဲ့စည်းပြီးတဲ့အခါကျရင်ရောဘယ်လိုမူတွေနဲ့များ ရွာကို
ဦးဆောင်သွားကြမှာလဲခင်ဗျာ”

မန်ဒါလီမီဒီယာမှ အယ်ဒီတာဆက်နေဂျင်းကောင်၏အမေးကိုလည်း ဆရာချွန်က
ဤသို့ပြန်ဖြေသွား လေ၏။

” ဆရာသမားရယ် ဘာများခက်လို့လဲ ရွှေမန်းတင်မောင်သီချင်းအတိုင်းပဲ
ကျွန်တော်သည် ထိုနည်း လည်းကောင်း၊ ထိုနည်းလည်းကောင်းပဲပေါ့ ရှေးနောင်တော့်
နောင်တော်များလိုပဲပေါ့ ရှေ့ကဆိုသလိုပေါ့”

ဆရာချွန်၏ ဂန္တဝင်တွင်မည့်အဖြေစကားကြောင့် မန်ဒါလီမီဒီယာမှ အယ်ဒီတာမင်းများခမျာ ငုတ်တုတ်မေ့သွားကြလေတော့သည်။

ဆရာချွန်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်