အမျိုးသမီးများ သားဥအိမ်တွင်အရည်အိတ်တည်ခြင်း(Ovarian Cyst)

8

 

အမျိုးသမီးများ၏ သားဥအိမ်များတွင်အလုံးအကြိတ်တို့သည် တွေ့ရများသောအခြေအနေဖြစ်သည်၊ ဗိုက်နာခြင်း၊ ဆီးစပ်ကိုက်ခဲခြင်း၊ အဖြူဆင်းခြင်းနှင့် သွေးဆင်းခြင်းတို့သည် ထိုသို့သောအခြေအနေများတွင်ရှိသည်။ ရာသီသွေးမဆုံးသေးသောအမျိုးသမီးခုနစ်ဆယ်ရာခိုင်နှုန်းခန့်သည် သားဥအိမ်တွင်အလုံးအကြိတ်များပေါ်တတ်သည်။

ထိုအလုံးများတွင် အရည်အိတ်များကဲ့သို့လည်းကောင်း၊ အသားလုံးများကဲ့သို့လည်းကောင်း၊ သွေးခဲများဖြင့်ပြည့်နေသောအိတ်လေးများလည်းဖြစ်တတ်သည်။ သားဥအိမ်တွင်ဖြစ်သောအလုံးအကြိတ်အများစုသည် အရည်အိတ်များသာဖြစ်တတ်သည်။

ဓမ္မတာရာသီလာခါနီးတွင် နာကျင်ကိုက်ခဲခြင်း၊ အော့အန်ခြင်း၊ သွေးဆင်းများခြင်းနှင့်သွေးအားနည်းခြင်းတို့ဖြစ်တတ်သည်။ ထိုအလုံးအကြိတ်များကို အခြားသောဗိုက်နာခြင်းဝေဒနာခံစားရခြင်းမှအာထရာဆောင်းရိုက်ခြင်းဖြင့် ခရီးသွားဟန်လွှဲသဘောမျိုးတွေ့ရတတ်သည်။ သားဥအိမ်သည် အမျိုးသမီး၏ အသွင်အပြင်လက္ခဏာကိုဖြစ်စေသော အီထရိုဂျင်(estrogen)ဟုခေါ်သောအမျိုးသမီးဟော်မုန်းကိုအများဆုံးထုတ်ပေးသော အင်္ဂါ ဖြစ်သောကြောင့် ထိုနေရာတွင်ဖြစ်သောအလုံးအကြိတ်များသည် ဟော်မုန်း၏ပမာဏကိုလိုက်ကာအရွယ်အစားနှင့် ရောဂါလက္ခဏာပြောင်းလဲတတ်ကြသည်။ ရာသီလာချိန်တွင်ထိုအမျိုးသမီးဟော်မုန်းများအထွက်များသောကြောင့် ရောဂါလက္ခဏာဆိုးဝါးစွာဖြစ်ပေါ်တတ်သည်။

အရည်အိတ်များသည် များသောအားဖြင့်ရောဂါလက္ခဏာမပြတတ်ကြပေ။ သို့သော်အရွယ်အစားကြီးလာခြင်း၊ ထိုအရည်အိတ်များပေါက်ခြင်းနှင့်တွန့်လိမ်ခြင်းတွင် ဝမ်းဗိုက်သည် ဖောင်းတင်းလာကာ အရမ်းနာကျင်တတ်ကြသည်။ ထိုအခါတွင်အခြားသောအစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် မှားတတ်သည်။ အဖျားကြီးကာ အော့အန်တတ်သည်။

ထိုအခြေအနေသည်အရေးကြီးသည်။ ထိုသို့သောအခြေအနေတွင် အချိန်ကြာနေပါက ရောဂါပိုးဝင်၍အသက်အန္တရာယ်ကိုထိခိုက်နိုင်သည်။ ထိုအခါတွင်အာထရာဆောင်းရိုက်၍ရောဂါရှာဖွေကာ သင့်တော်သောကုသမှုခံယူသင့်သည်။ တစ်ခါတစ်ရံတွင်အရည်အိတ်များကို Dermoid cyst များနှင့်လည်းမှားတတ်သည်။ ထ့ိုပြင်အရည်အိတ်များသည် poly cystic ovarian syndrome ဟုခေါ်သော သားဥများ များပြားခြင်းတွင်လည်းတွေ့ရတတ်သည်။ ထိုအရည်အိတ်များသည်များသောအားဖြင့် အန္တရာယ်မရှိသောအိတ်များဖြစ်သော်လည်း ရံဖန်ရံခါ တွင်သားဥအိမ်ကင်ဆာအဖြစ်သို့ပြောင်းလဲနိုင်သည်။

သားဥအိမ်သည် အမျိုးသမီးများ၏ မျိုးပွားရေးလုပ်ငန်းတွင်အလွန်အရေးကြီးသည်။ ထိုမှသားဥကိုထုတ်ပေး၍သန္ဓေတည်ခြင်းလုပ်ငန်းကိုဆောင်ရွက်ပေးသည်။ ထိုအခါသားဥအိမ်တွင် ပြဿနာတစ်ခုခုရှိသောအခါတွင် သားဥမကြွေသောကြောင့် ကိုယ်ဝန်မရနိုင်ခြင်းဖြစ်တတ်သည်။

သားဥအိမ်တွင်အရည်အိတ်တည်ခြင်းသည် အမျိုးသမီးခုနစ်ဆယ်ရာခိုင်နှုန်းကျော်တွင်ဖြစ်တတ်သည်။ အများစုမှာအန္တရာယ်မရှိသော သာမန်အရည်အိတ်များကြီးထွားလာခြင်းပင်ဖြစ်သည်။ သို့သော်အချို့သောအခြေအနေများတွင် အသက်အန္တရာယ်ကိုထိခိုက်နိုင်သည်။

ကိုယ်ဝန်ဆောင်ခြင်းတွင်ထိခိုက်နိုင်သည်။ ကင်ဆာရောဂါသို့ပြောင်းလဲနိုင်သည်။ ထို့ကြောင့်သားဥအိမ်တွင်အရည်အိတ်နှင့်အလုံးအကြိတ်များဖြစ်နေသောအမျိုးသမီးများသည် သင့်တော်သောသားဖွားမီးယပ်ဆိုင်ရာဆရာဝန်ကြီးများနှင့်တိုင်ပင်၍ ကုသမှုကိုခံယူသင့်ကြောင်းအကြံပြုပါရစေ။ ။

ဒေါက်ဦး(မွန်)

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်