အစက ပြင်ရမည့် ဆန်စပါး ကဏ္ဍဖွံ့ဖြိုးရေး

မွန်ပြည်နယ်၏ ဆန်စပါး ထွက်ရှိမှုမှာ နိုင်ငံတွင် အဆင့် ၇ နေရာ၌ ရပ်တည်နေသည်။ သို့သော်လည်း အရည်အသွေးအပိုင်း၌မူ နိမ့်ကျနေဆဲ။

အရပ်ရပ်၌ နိမ့်ကျနေသည့် မြန်မာ့ဆန်စပါးကဏ္ဍနှင့် ပတ်သက်၍ မဟာဗျူဟာမြောက် ဈေးကွက်ဖော်ဆောင်ခြင်းဆိုင်ရာဖိုရမ်ကို မော်လမြိုင်မြို့ Sunshine ဟိုတယ်၌ နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်အထိ နှစ်ရက်တိုင်တိုင် ကျင်းပခဲ့၏။

ဖိုရမ်၏ ရည်ရွယ်ချက်မှာ မြန်မာ့ဆန်စပါးပို့ကုန် ဈေးကွက်ဖော်ဆောင်နိုင်ရန်၊ ဆန်စပါးစိုက်ပျိုးရေး နည်းပညာဖလှယ်ပြီး အဆင့်မြင့်လုပ်ဆောင်နိုင်ရန်နှင့် ဆန်စပါးဆိုင်ရာ လုပ်ငန်းရှင်များ အချင်းချင်းပေါင်းစပ်ညှိနှိုင်းရန်ပင် ဖြစ်သည်။

ဆန်စပါးကဏ္ဍတွင် စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကြိတ်ခွဲခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းဟူသော ကဏ္ဍသုံးရပ် ချိတ်ဆက်နေသဖြင့် ယင်းကဏ္ဍတို့ကို အဖြေရှာခဲ့ကြသည်။

ယင်းတွင် ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များစွာ ထွက်ပေါ်လာ၏။

မျိုးကောင်းမျိုးသန့်နှင့် ရေအလုံလောက် ရရှိရေး

စိုက်ပျိုးရေးဦးစီးဌာန၏ အဓိက တာဝန်သုံးရပ်တွင် မျိုးကောင်းမျိုးသန့်ရရှိရေးသည် နံပါတ်တစ်ဖြစ်သည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ဇော်နိုင်ကဆိုသည်။

မွန်ပြည်နယ်တွင် စပါးမျိုးကွဲများစွာရှိပြီး အများဆုံး စိုက်ပျိုးနေသည်မှာ ၁၀ မျိုးခန့်ရှိကာ ၎င်းတို့အနက် ရေမြေနှင့်ကိုက်ညီပြီး ဈေးကွက်ရှိသော ပေါ်ဆန်းကို ဧက ၂ သိန်းကျော် စိုက်ပျိုးနေသည်ဟု ၎င်းကပြောသည်။

မျိုးကောင်းမျိုးသန့် တစ်မျိုးတည်းကို အမြောက်အမြား ထုတ်လုပ်နိုင်မှ ပြည်ပပို့ကုန်လိုအပ်ချက်ကို ပြည့်မီနိုင်မည်ဖြစ်သော်လည်း ယခုမွန်ပြည်နယ်တွင် စိုက်ပျိုးနေသည့်ပုံစံမှာ တစ်မျိုးတည်းကို တစ်အုပ်တစ်မ စိုက်ပျိုးခြင်းမဟုတ်ဘဲ မျိုးကွဲများစွာ ရောနှောနေသည့်အတွက် လျှော့ချရန်လိုအပ်သည်ဟု မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ အငြိမ်းစားပြည်နယ်ဦးစီးမှူး ဦးစိုးသန်းအေးကပြောသည်။

“နိုင်ငံခြားက အများကြီးလိုရင် မပေးနိုင်ဘူး။ မြောက်မြားစွာသောဧကတွေဟာ အရည်အသွေးတစ်မျိုးတည်းဖြစ်ဖို့လိုပါတယ်။ တစ်ဦးတည်းပိုင်တဲ့ လယ် ၁၀ ဧကမှာ ရရှိတဲ့ဆန်ဟာ သီလရှင်ဆန်ခံတဲ့ ပုံစံမျိုးဖြစ်နေတယ်” ဟု ၎င်းကဝေဖန်သည်။

ထိုအခြေအနေကို မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ယခုလို မှတ်ချက်ပြု၏။

“မွန်ပြည်နယ်ရဲ့ ဈေးကွက်အရ ဘယ်လိုမျိုးတွေက ဒေသနှင့်ကိုက်ညီသလဲ။ မျိုးအမယ် လေးငါးမျိုး ကျွန်တော်တို့ဖော်ထုတ်ရမယ်။ မျိုးတွေဘယ်လိုထုတ်မလဲ။ ဘယ်နှစ်အတွင်းမှာ ဘယ်လောက်ထုတ်မလဲ လက်တွေ့ကျကျနည်းဗျူဟာနှင့် လုပ်ဖို့လိုတယ်” ဟု ဆိုသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဦးခင်စိုးက မျိုးကောင်းမျိုးသန့်ရရှိဖို့ မျိုးစပါးများ အားကြိုးမာန်တက်စိုက်ပျိုးခဲ့သော်လည်း စပါးပေါ်ချိန်၌ သိုလှောင်ရုံမရှိသည့် အခက်အခဲကြောင့် စားစပါးများဖြစ်သွားကြောင်း ၎င်းက ပြော၏။

ယင်းအပြင် “မျိုးစပါးတွေ မျိုးကောင်းမျိုးသန့်တွေ တော်တော်နှမြောဖို့ကောင်းတယ်။ စိုက်ပျိုးထုတ်လုပ်တဲ့ ကဏ္ဍလေးတစ်ခုမှာပဲ တစ်ယောက်နှင့်တစ်ယောက် အချိတ်အဆက်မမိခဲ့တဲ့အတွက် ဆုံးရှုံးနစ်နာမှု ဖြစ်ခဲ့တယ်” ဟု ၎င်းကဆိုသည်။

မည်သို့ပင်ဖြစ်စေ ပေါင်မြို့နယ် မုတ္တမကျွဲခြံကျေးရွာမှ လယ်သမား ဦးထွန်းလွင်က မျိူစပါးကို အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ကူညီပေးနိုင်ပါက အဆင်ပြေနိုင်ကြောင်း ပြောဆိုသည်။

မွန်ပြည်နယ်တွင် နှစ်စဉ်မိုးစပါးစိုက်ဧက ၆ သိန်း ၈ သောင်းကျော်ရှိပြီး နွေစပါးမှာ ဧက ၄ သောင်းကျော်ရှိနေကြောင်း စိုက်ပျိုးရေး ဦးစီးဌာန စာရင်းအရ သိရသည်။

“မိုးစပါးစိုက်ဧက တိုးချဲ့ဖို့ မလွယ်တော့ဘူး။ မြေတွေက လမ်းတွေဖောက်၊ တံတားတွေဆောက်တော့ အကန့်အသတ်ရှိသွားတယ်။ နွေစပါးပဲ တိုးချဲ့လို့ရတော့မယ်” ဟု ဦးအောင်ဇော်နိုင်ကပြောသည်။

မွန်ပြည်နယ်၌ ပေါင်တွင် ကတိုက်ဆည်၊ သထုံတွင် ဝါးပါးဆည်၊ မုဒုံတွင် အဇင်းနှင့် ဝင်းဖနုံဆည်၊ မော်လမြိုင်တွင် ရွှေနတ်တောင်ဆည် ဟူ၍ ငါးခုရှိသည်။ ၎င်းတို့အနက် လက်ရှိ ရေပေးဝေနေသည့်ဆည်နှင့် ဆည်ရေသောက် ဧရိယာအနေဖြင့် ဝါးပါးဆည်မှာ ၂၂၂ ဧက၊ ကတိုက်ဆည်မှာ ၁၆၄၆၂ ဧကနှင့် အဇင်းဆည်မှာ ၁၀၈၅ ဧကရှိပြီး စုစုပေါင်း ၁၇၇၆၉ ဧကရှိသည်။

လက်ရှိတွင် နွေစပါးအတွက် တကယ်တမ်းအကျိုးပြုနေသည်မှာ ကတိုက်ဆည်တစ်ခုသာရှိသည်ဟု ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းနိုင်ကပြောသည်။

“ရေသိုလှောင်နိုင်တဲ့ ရေအရင်းအမြစ်တွေရှိဖို့၊ ရေပုံမှန် သိုလှောင်ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ ရေလှောင်တမံတွေက ရေထိန်းစရာမရှိတော့ နွေစပါးစိုက်လို့မရတော့ဘူး။ ဆည်ရှိတဲ့နေရာလေးပဲစိုက်ရတာပေါ့” ဟု ၎င်းကပြောသည်။

မွန်ပြည်နယ်တွင် နွေစပါးအတွက် ရေလုံလောက်မှုမရှိသဖြင့် ရေလှောင်တမံများ လိုအပ်နေသေးသည်ဟု ၎င်းကပြောသည်။

“ဆန်စပါးလုပ်ငန်းဟာ ရေအဓိကပဲ။ မော်လမြိုင်ဟာ မိုးများရေရှား။ လယ်စိုက်မယ့်အချိန်ကျရင် ရေကမရှိတော့ဘူး။ ပင်လယ်ထဲ ရောက်သွားတယ်။ ရေချိုအရင်းအမြစ်မရှိဘူးလားဆိုတော့ မြစ်တွေများတော့ ရေချိုရယူဖို့အခွင့်အလမ်းတွေ အများကြီးရှိတယ်” ဟု ဦးအောင်သန်းဦးက အခြေအနေကို ရှင်းပြသည်။

ရေချိုအတွက် လျှပ်စစ်မြစ်ရေတင် လုပ်ဆောင်ရာတွင် အခက်အခဲမှာ မြေကြီးထဲရေစိမ့်ဝင်သဖြင့် လောင်စာဆီသာကုန်ပြီး လိုချင်သည့်ရေပမာဏကို မရဘဲ ဆုံးရှုံးမှုများနေကြောင်း ၎င်းကပြောသည်။

ရေစိမ့်ဝင်မှုကာကွယ်ရန် မြောင်းထဲတွင် ပလတ်စတစ်ခင်းသည့်နည်းလမ်းဖြင့် ကာကွယ်နိုင်ကြောင်း ၎င်းကအကြံပြုသည်။

ထို့ကြောင့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းတွင်လည်း ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး အခက်အခဲများဖြေရှင်းနိုင်ရန် နည်းပညာနှင့် လုပ်နည်းပေါင်းစပ်ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

စက်မှုလယ်ယာနှင့်ချေးငွေ ပြဿနာ

့ ပြည်နယ်အစိုးရမှ စက်မှုလယ်ယာဖော်ဆောင်ရန် ဘတ်ဂျက်တွင် နှစ်စဉ်ထည့်သွင်းရေးဆွဲထားပြီး ၂၀၁၈-၂၀၁၉ ဘတ်ဂျက်အတွက် စက်မှုလယ်ယာ ၁၃၃၅ ဧက ဖော်ထုတ်ရန်လျာထားသည်။

စက်မှုလယ်ယာလုပ်ဆောင်ရာတွင် တောင်သူနှင့် လုပ်ငန်းရှင်များမှ အခက်အခဲများစွာရှိနေသည်။

“ဟုတ်ပြီစက်မှုလယ်ယာသွားတယ်။ ရိတ်သိမ်းခြွေလှေ့စက်က တစ်နေ့ကို ၈ ဧက ရိတ်နိုင်တယ်။ စပါးတင်း ၈၀၀ ၁၀၀၀ တစ်ခါတည်းတန်းထွက်လာတယ်။ သိမ်းစရာနေရာမရှိဘူး။ ဆန်စပါးအသင်းချုပ်က အခြောက်ခံစက်တွေ စီမံပေးတယ်။ အခြောက်ခံစက်နေရာ သိုလှောင်ရုံနေရာ မရှိပြန်ဘူး” ဦးခင်စိုးကပြောသည်။

တောင်သူများအနေဖြင့် အခြောက်ခံစက်နှင့် သိုလှောင်ရုံများမရှိသဖြင့် စပါးများကို ကြုံရာဈေးဖြင့် ဖြစ်သလိုရောင်းနေရကြောင်း ၎င်းကပြောသည်။

စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးအောင်လွင်က ထွန်စက်ပိုင်းတွင် ပြဿနာမရှိသော်လည်း စပါးရိတ်ကာလ တစ်လခွဲတွင် ဧက သိန်းချီရိတ်ရကြောင်း၊ ဌာနတွင် ရိတ်သိမ်းခြွေလှေ့စက် ၁၇ စီးသာရှိ၍ မွန်ပြည်နယ် ၁၀ မြို့နယ်တွင် တစ်မြို့နယ်လျှင် ၂ စီးခန့်သာ ခွဲတမ်းချထားနိုင်သဖြင့် လုံလောက်မှုမရှိကြောင်းပြောသည်။

“အခက်အခဲကတော့ အများကြီး။ ရိတ်တဲ့အပိုင်းက လေးငါးနှစ်ကို ဒီလိုပဲ ရုန်းရင်းကန်ရင်းသွားနေဦးမှာပဲ” ဟု ၎င်းကပြောသည်။

လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူရန် JICA မှ ၂၀၁၇ ခုနှစ်ကစ၍ Two Step Loan ကို ၃ နှစ်၊ ၅ နှစ် သက်တမ်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် ထုတ်ချေးပေးလျက်ရှိသည်။

သို့သော် ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံအဖြစ်ထားရှိရသဖြင့် ပစ္စည်းမဲ့ တောင်သူများအတွက် အခက်အခဲဖြစ်နေသေးသည်။

ဆန်စက်များ အဆင့်မြှင့်တင်ရေး

မွန်ပြည်နယ်၏ စပါးအထွက်နှုန်းမှာ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် မိုးစပါးတစ်ဧက ၆၅ တင်းနှင့် နွေစပါး ၇၈ တင်းထွက်ရှိသည်။ တစ်နှစ်တာ စပါးတန်ချိန်ပေါင်း ၄ သိန်း ၈ သောင်းခန့် ထွက်ရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းများတွင် ဖော်ပြထားသည်။

ထိုစပါးများကို ကြိတ်ခွဲရန် တန် ၂၀ အောက် ဆန်စက် ၁၉ လုံး၊ တန် ၄၀ အောက် ဆန်စက် ၁၀ လုံးနှင့် အသေးစားဟာလာဆန်စက် ၆၁၁ လုံးရှိပြီး ၎င်းတို့အထဲတွင် ၂၅ တန်ကျ အဆင့်မီဆန်စက်တစ်လုံးသာရှိနေကြောင်းနှင့် ဆန်စက် ၃ လုံးမှာ လုပ်ငန်းလည်ပတ်ခြင်းမရှိဟု စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်မှူးဦးခင်အောင်သွင်ကဆိုသည်။

ဆန်စက် ၂၆ လုံး၏ စုစုပေါင်း စက်ကြိတ်အင်အားမှာ တစ်နေ့ တန် ၆၀၀ ခန့်သာရှိပြီး ထွက်ရှိနေသော စပါးတန်ချိန် ၄ ဒသမ ၈ သိန်းခန့်ကို ကြိတ်ခွဲလျက်ရှိသည်ဟု ပြောသည်။

ထိုအခြေအနေကို မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က မေးခွန်း ထုတ်ခဲ့သည်။

စပါးအထွက်နှုန်းသည် စာရွက်ပေါ်တွင်သာရှိပြီး လက်တွေ့တွင်ရှိသော စပါးထွက်နှုန်း ဟုတ် မဟုတ် အဖြေရှာရန် လိုအပ်နေပြီဟု ဆိုသည်။

“မဟာဗျူဟာမြောက် ဈေးကွက်ဖော်ဆောင်တဲ့အခါမှာ စပါးကနေဆန်ဖြစ်ဖို့ ဆန်စက်တွေကအရေးကြီးတယ်။ ဆန်စက်တွေကို upgrade လုပ်ဖို့အရေးကြီးတယ်။ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဆန်စက်တွေနဲ့ နိုင်ငံတကာဈေးကွက်ကို ဘယ်လိုယှဉ်ပြိုင်မလဲ”ဟု ၎င်းကပြောသည်။

ဆန်စက် upgrade လုပ်ရာတွင်လည်း အနည်းဆုံး အရင်းကြေကာလ ၁၀ နှစ်လိုအပ်ပြီး ထိုသက်တမ်းတွင် တွက်ခြေမကိုက်ပါက လုပ်ငန်းရှင်များမှာ မစွန့်စားရဲကြောင်း ၎င်းကပြောသည်။

ထို့ကြောင့်ဆန်စက် အဆင့်မြှင့်တင်ရန်မှာ ချေးငွေများ လိုအပ်လာပါသည်။

အနည်းဆုံး လုပ်ငန်းလုပ်သက် ၃ နှစ်ရှိမှ စက်ပစ္စည်း အဆင့်မြှင့်ရန် ချေးငွေသတ်မှတ်၍ရကြောင်း၊ ငွေချေးမည့် ပုဂ္ဂလိကဘဏ်များအနေနှင့်လည်း ၎င်းတို့၏ တွက်ခြေကိုက်မှုကို စဉ်းစားကြသည်ဟု မွန်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန-အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်ကပြောသည်။

“လုပ်ငန်းရှင်သည် သူလည်းနည်းနည်းအားထုတ်ဖို့လိုပါတယ်။ နည်းနည်းတောင်မဟုတ်ဘူး ပိုအားထုတ်ဖို့လိုပါတယ်” ဟု၎င်းကပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်ဘဏ်ခွဲမန်နေဂျာ ဦးကျော်စွာလှိုင်က “ဆန်စက်တွေကျတော့ လန ၃၉ တို့၊ ၃၀ (က) (ခ) တို့၊ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေတို့ဖြစ်မှ ဆိုတဲ့အခါကျတော့ မြေအသုံးချမှုမှာ နည်းနည်းလေး အခက်အခဲဖြစ်နေတာပေါ့။ လယ်ယာပေါ်မှာ တည်ထားတဲ့ ဆန်စက်တွေကျတော့ ကျွန်တော်တို့က မချေးဘူး” ဟု ပြောဆိုသည်။

“ချေးငွေကိစ္စ ကြားတာတော့ ကြာပါပြီ။ ဒါပေမယ့်အခုထိမရသေးဘူး။ လုပ်ငန်းရှင်တိုင်းကတော့ တကယ်လိုအပ်နေပါတယ်။ လိုအပ်နေတာကို လွယ်လွယ်ကူကူနဲ့ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ပေးမလဲဆိုတာ စဉ်းစားဖို့အကြံပြုလိုပါတယ်။ လျှောက်ရင်လည်း မရတာကများတော့ လျှောက်ဖို့စိတ်မဝင်စားတော့ဘူး” ဟုသထုံမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

အကျိုးတူလယ်ယာစနစ် (Contract Farming) ဖော်ဆောင်ရေး

မွန်ပြည်နယ်ရှိ စိုက်ပျိုးသူကင်းမဲ့နေသော လယ်ယာများတွင် အကျိုးတူလယ်ယာစနစ် (Contract Farming) အကောင်အထည်ဖော်သင့်သည်ဟု ဝန်ကြီးချုပ်ဒေါက်တာအေးဇံကဆိုသည်။

“ပြည်နယ်မှာ နွေရောမိုးရော ရေလုံလုံလောက်လောက်ရတဲ့ နေရာတွေရှိပါတယ်။ လောလောဆယ် လယ်ယာလုပ်သားရှားပါးမှု ပြဿနာတွေကြောင့် စိုက်ပျိုးသူကင်းမဲ့တဲ့နေရာတွေရှိတယ်။ အဲဒီမှာ Contract Farming လုပ်ဆောင်မယ်ဆိုရင် ပြည်နယ်အစိုးရအနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်” ဟု ၎င်းကဆက်ပြောသည်။

မွန်ပြည်နယ်၏ အဓိကပြဿနာမှာ စိုက်ဧကများရှိသော်လည်း လယ်ယာလုပ်သားရှားပါးမှုကြောင့် လယ်ယာမြေများ အကျိုးမဲ့ ပြုန်းတီးလျက်ရှိသည်။

“စိုက်ပျိုးထုတ်လုပ်မှုစွမ်းအားတွေ ကောင်းတယ် အခြေအနေတွေ ပေးနေရဲ့သားနဲ့ မထွက်ဘူး။ ဒီမြေတွေဟာ အလကားဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတဲ့ အတွေးအခေါ်ထည့်ဖို့လိုတယ်။ ကန်ထရိုက်လယ်ယာလုပ်ဖို့လိုတယ်” ဟု ဦးအောင်သန်းဦးကပြောသည်။

အကျိုးတူလယ်ယာစနစ်သည် တောင်သူနှင့် စိုက်ပျိုးရေးကုမ္ပဏီအကြား စပ်တူလုပ်ကိုင်ပြီး နှစ်ဦးနှစ်ဖက်အကျိုးစီးပွားကို ရှေးရှုသော စနစ်ဖြစ်ကြောင်း ဦးခင်အောင်သွင်က ရှင်းပြသည်။

နိုင်ငံခြားသို့တင်ပို့ရန် မျိုးကောင်းမျိုးသန့်စပါးကို လုပ်ငန်းရှင်က ရွေးချယ်ပြီး ဝယ်ယူမည့် ဆန်စပါးပမာဏ၊ ဈေးနှုန်းနှင့် တောင်သူဘက်မှ နောက်ဆုံးပေးပို့ရမည့်အချိန်တို့ကို နှစ်ဦးသဘောတူညီမှုဖြင့် အာမခံစာချုပ်ချုပ်ဆိုသည့် စနစ်ဖြစ်သည်ဟု ၎င်းကပြောသည်။

ထိုစနစ်တွင် လုပ်ငန်းရှင်မှ မျိုးစပါး၊ ထွန်ယက်စရိတ်၊ ဓာတ်မြေသြဇာ စသည်တို့ကို အတိုးမဲ့ ချေးပေးရမည်ဖြစ်ပြီး စပါးပေါ်ချိန်တွင်လည်း စာချုပ်တွင်ပါရှိသည့် ဈေးနှုန်းအတိုင်းဝယ်ယူပေးရကြောင်း၎င်းကပြောသည်။

သို့သော် စာချုပ်ပါ စပါးဈေးနှုန်းသည် လက်တွေ့စပါးပေါ်ချိန်ဈေးနှုန်းအောက် လျော့နည်းမှုမရှိစေဘဲ လုပ်ငန်းရှင်က ဝယ်ယူပေးရသည်ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ အခြားဒေသများတွင် အကောင်အထည်ဖော်ခဲ့ဖူးသော အကျိုးတူလယ်ယာသည် စနစ်ကောင်းသော်လည်း တောင်သူနှင့် လုပ်ငန်းရှင်ကြား စာချုပ်စည်းကမ်း ဖောက်ဖျက်မှုများကြောင့် အောင်မြင်မှုမရှိခဲ့ကြောင်း ၎င်းကပြောသည်။

အကျိုးတူလယ်ယာစနစ်အောင်မြင်ရန် ဦးအောင်သန်းဦးက ယခုလိုအကြံပြုသည်။

“မွန်ပြည်နယ်အနေနဲ့ အလွယ်ကူဆုံးနှင့် အရှင်းလင်းဆုံး လုပ်ထုံးလုပ်နည်း တစ်ခုဆွဲဖို့လိုတယ်။ ကန်ထရိုက်စာချုပ်တွေ ဖော်ဆောင်ဖို့လိုတယ်။ ပြည်နယ်မှာရှိတဲ့ ကန်ထရိုက်စာချုပ်တွေ တစ်ပုံစံတည်းဖြစ်ဖို့လိုတယ်”ဟု ဆိုသည်။

“Contract farming လုပ်တဲ့သူဟာ supply chain တစ်ခုလုံးကို မကိုင်တွယ်ဘဲနဲ့ မရဘူး။ စပါးလေးစိုက်ပြီးတော့ ပြန်သွားလို့မရဘူး။ စပါးစိုက်ရမယ်။ မျိုးရှာရမယ်။ စက်မှုလယ်ယာလုပ်ရမယ်။ ရိတ်သိမ်းခြွှေလှေ့စက် လုပ်ရမယ်။ နောက်ဆုံး ဆန်စက်ပါ များများထုတ်နိုင်ရမယ်” ဟု ၎င်းကပြောသည်။

ဘာတွေ အလျင်အမြန် လုပ်သင့်ပြီလဲ

မည်သို့ပင် ဖြစ်စေ ဆန်စပါး ဈေးကွက် အဆင့်မီရေးအတွက် စိုက်ပျိုးမှုမှ အစ ကြိတ်ခွဲခြင်း လုပ်ငန်းတို့ကို ပြန်လည် ပြင်ဆင်ရမည် ဖြစ်သည်။

နိုင်ငံသည် နှစ်စဉ် ပြည်ပသို့ ဆန်တန်ချိန် ၃ သန်းခန့် တင်ပို့နေသည်။ ထိုကဲ့သို့ တင်ပို့နေသော်လည်း အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်တို့ထက် စာရင် များစွာ နိမ့်ကျနေသေးကြောင်း ဦးနေလင်းဇင်က ပြော၏။

သို့သော်လည်း ယခုမိုးရာသီတွင် ဖြစ်ပေါ်ခဲ့သော သဘာဝဘေးကြောင့် ဆန် တန်ချိန် ၂ ဒသမ ၅ သန်းခန့်သာ တင်ပို့နိုင်မည်ဟု ၎င်းက ခန့်မှန်း ပြောဆိုသည်။

မွန်ပြည်နယ်၏ ဆန်စပါးကဏ္ဍတစ်ခုလုံးကို ခြုံငုံ၍ ဦးအောင်သန်းဦးက ယခုကဲ့သို့ အကြံပြုသည်။

အကျိုးတူလယ်ယာစနစ်၊ မွန်ပြည်နယ်နှင့် ကိုက်ညီသည့်မျိုးစပါးဖော်ထုတ်ရေးနှင့် လယ်ယာလုပ်သားရှားပါးမှု ဖြေရှင်းရန် စက်မှုလယ်ယာတိုးတက်အောင်လုပ်ဆောင်ရေး စသည့်အချက်သုံးချက်ကိုသာ လက်တွေ့အကောင်အထည်ဖော်သင့်သည်ဟုဆိုပါသည်။

“အများကြီးဆွေးနွေးမယ့်အစား လက်တွေ့ကျကျ ဘယ်အပိုင်းတွေကို လုပ်နိုင်လဲ။ အချက်သုံးချက်ကို လတ်တလော မြန်မြန်ဖော်ဆောင်ခြင်းအားဖြင့် ရှေ့ကိုအရွေ့တစ်ခု ရောက်သွားမယ်” ဟုဆိုပါသည်။

စန္ဒာဉာဏ်

Leave a Reply