အမှိုက်တွေ ရွှေဖြစ်ဖို့ ပင်လယ်ဝကစောင့်နေတယ်

”သံလွင်မြစ်ထဲ မျောလာတဲ့ ရေမျောကမ်းတင် သစ်တုံးတွေ သစ်စသစ်နတွေနဲ့ ပုံဖော်ထားတာ”

ဦးသန်းထိုက်က အိမ်တွင်း အိမ်ပြင် နေရာအနှံ့ ပုံစံအမျိုးမျိုးဖြင့် ထားသိုသည့် အရေအတွက်အားဖြင့် ၂၀၀ ကျော်ရှိသော ပန်းပုလက်ရာ သစ်ထွင်းရုပ်တုများကို လက်ညှိုးညွှန်ပြရင်း အထက်ပါအတိုင်း ပြောလိုက်သည်။

ဘီလူးကျွန်း ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာက ကိုယ်ပိုင်ပြတိုက်ဟု ခေါ်နိုင်သည့် သစ်သားနှစ်ထပ်အိမ်ကလေး၏ အောက်ထပ်မှာဖြစ်သည်။

နေအိမ်ရှင်ကား ဦးသန်းထိုက်။

ဒရယ်ရွာမှာ သံလွင်မြစ်ဝကို မျက်နှာမူထားသော၊ ထန်းပင်မှိုင်းမှိုင်း ဓနိတော ညို့ညို့ဆိုင်းဆိုင်းနှင့် ပန်းချီဆန်သည့် ရွာ။

ကြမ်းပြင်မှာ၊ အိမ်နံရံမှာ ၊ခေါင်မိုး ထုတ် ယောက် ဒိုင်း မြားတို့ဆီမှာ။ ချိတ်ဆွဲကာ ခင်းကျင်းကာ ၊ထပ်စီကာ။

ရုပ်တုများမှာ အရွယ်အစား အသီးသီး ကွဲပြားနေသလို ကိုယ်ဟန်အနေအထား အဖုံဖုံနှင့်။

ယုန် ကျား ခြင်္သေ့ ဝက်ဝံ ကျွဲနွား စသည့် ကုန်းနေ၊ ကြံ့ ဖျံ လိပ် ငါး မိကျောင်း စသည့် ရေနေ သတ္တဝါ အစားစား ရှိသည်။ ခြေလေးချောင်း ခြေနှစ်ချောင်းကုန်းပျော်တိရစ္ဆာန်များအပြင် လင်းယုန် သိန်း ၊စွန၊် စာ ၊ဇီးကွက် စသည့်ငှက်အမျိုးအစားစုံထဲမှာ ပင်ဂွင်းပါမကျန်။ ဒီလုံးငှက်ပါ ပါသည်။

သတ္တဝါအထွေထွေ ကွဲပြားနေသည့်ထဲ တွားသွားသတ္တဝါ မြွေအပြင် နဂါးလည်း ပါလိုက်သေးသည်။
မြေအောင်းသတ္တဝါ ကြွက် ဖွတ် ပုတတ် ဖားလည်းမကျန်။ ကျွန်းသားဖြင့် ထုဆစ်ထားသည့် ဒေါင်းရုပ်က လည်တံနွဲ့သော်လည်း မာန်အပြည့် ခွန်အပြည့်။

တချို့ လဲလျောင်းလျက်။ တချို့ သွားလာပြေးလွှားလျက်။ တချို့လည်း မတုန်မလှုပ် မတ်မတ်ရပ်လျက်။ တချို့ ရုပ်တုတွေက ငုတ်တုတ် ဆောင့်ကြောင့် ထိုင်လျက်သား။ အနေအထား အမျိုးမျိုး ကိုယ်စီနှင့်ပင်။

”များသောအားဖြင့် ကုန်ကြမ်း သစ်က ဒေသခံ တံငါလှေတွေနဲ့ ထင်းဆယ်သူတွေဆီက ဝယ်ရတာပေါ့”ဟု သူက ပြောသည်။

သူ့ထံ သစ်အကြမ်းထည် လာရောက်ပို့ဆောင် ရောင်းချပေးသူမှာ ပုံမှန်ဖောက်သည်တော့ ရှိသည်မဟုတ်ချေ။

တချို့ သွင်ဟန်ဆန်းပြားသော သစ်တုံးသစ်ခက်ဆိုလျှင် သူငွေကျပ် သောင်းဂဏန်း၊ လက်ငါးချောင်းအထက် ပေးဝယ်လိုက်ရတာလည်း ရှိသည်ဆို၏။

ကျွန်းသား ပျဉ်းကတိုးသား ပိတောက်သား ပျဉ်းမသား သစ်မာအထွေထွေ အစုံအလင်ဖြင့်။
တချို့လည်း သစ်တိုသစ်စတွေကို ကိုင်ရင်း မကြာခဏ ရောက်လာကြ ပြသကြသည်ရှိသလို တချို့လည်း တစ်ကြိမ်လောက် လာပို့ ရောင်းချပြီး နောက်ထပ် ပေါ်မလာတာမျိုးလည်း ရှိတတ်သည်။

ရေထဲက ဆယ်ယူလာသမျှကို သူက ကမ်းပေါ်က စောင့် ဆီးဝယ်ယူနေခြင်းမျိုးလည်းမဟုတ်။ တချို့ သစ်အပိုင်းအစတွေက ပန်းပုလက်ရာသဖွယ် ကြွရွနေတတ်သလို တချို့ကျပြန်တော့ ထူးမခြားနား။ ပန်းပုလက်ရာသဖွယ် ဖန်တီးထုဆစ်မည့် သူ့အတွက် အသုံးမဝင်တာမျိုးလည်း မရှား။

မိမိတို့ ယူလာသည့် သစ်အကြမ်းထည်ကို ကိုင်တွယ်ပွတ်သပ်ပြရင်း မိမိစိတ်ကူးတည့်သလို ဒါက ယုန်နဲ့တူတယ် ဒါကတော့ ဘီလူး ဒါက လင်းယုန် ဒါက မျောက် စသဖြင့် ဝေဖန် အကြံပြု ပြောဆိုနေကြသည်များကို ဦးသန်းထိုက်က ပြန်ပြောင်းပြောပြရင်း သဘောတကျ ရယ်မောနေသည်။

တချို့လက်ရာတွေဆီ မျှော်ငေးကြည့်ရင်း ကွမ်းလေးတမြုံ့မြုံ့နှင့် ခေါင်း တဆတ်ဆတ်ညိတ်ရင်း ပြောလက်စ စကားပြတ်ကာ သူ့အတွေးထဲသူ နစ်မျော ပျော်ဝင်သွားဟန်လည်း မကြာခဏ ရှိတတ်သည်။

”အဓိကက ထင်းဖြစ်သွားမယ့်အစား၊ ပက်လယ်ထဲ အချည်းနှီး မျောပါ ဆွေးမြည့်နစ်မြုပ်သွားကုန်မယ့်အစား ခုလို ပန်းပုရုပ်သဏ္ဌာန်နဲ့ ထိန်းသိမ်းထားတော့ အဖိုးတန် ထွက်ကုန် သစ်တွေ အလဟဿ မဖြစ်တော့ဘူူးလေ။ အဖိုးစားနား သိပ်မထိုက်ဘူးဆိုရင်တောင် စွန့်ပစ်ပစ္စည်းအဖြစ်ကနေ အနုပညာဆန်ဆန် လက်ရာလေး ထိန်းသိမ်းထားတော့ လေမလွင့် မဆုံးရှုံးတော့ဘူးပေါ့”

အနုပညာမျက်စိဖြင့် အာရုံခံစားမှုချင်း ဖလှယ်ကူးလူးသည် စက္ခုပသာဒဖြစ် နှလုံးသား ယဉ်ကျေးသိမ်မွေ့စေသည် စသဖြင့်သော စကားလုံးအသုံးအနှုန်းမျိုးကိုတော့ အသက် ၅၁ နှစ်အရွယ် ဘီလူးကျွန်းသားကြီး ဦးသန်းထိုက်က မသုံးချေ။

သို့သော် သူ့စကားတိုင်း၏ ဆိုလိုရင်းက ထိုအဓိပ္ပာယ်ဆီ ဦးတည်နေလေသည်။

”ပန်းပုပညာကို အခြေခံအဆင့်တောင် လေ့လာသင်ယူထားတာတော့ မရှိပါဘူး။ ဒါပေမယ့် သဘာဝအတိုင်း ရှိနေတဲ့ ဒီ သစ်စသစ်နပေါ်က ပုံလေးတွေကို စိတ်ကူးနဲ့ ဖော်ကြည့်ရင်း ဒီလိုလက်ရာတွေ ရ ရလာတယ်”

သူက မျဉ်းများ ကောက်ကြောင်းများ ရှုထောင့်များ ပန်းချီ ပန်းပုပညာရပ်ဆိုင်ရာ သဘောတရားဆိုင်ရာဝေါဟာရများကိုလည်း ကျင်ကျင်လည်လည် မသုံးတတ် မပြောဆိုတတ်ချေ။

ပန်းပုဆရာ မမည်သော်လည်း သူ့လက်ရာအတော်များများ ပီပေသည်။ လက်ရာအများစုက သဘာဝမူလနှင့် လူ့စိတ်ကူးစိတ်သမ်းပေါင်းစပ်စုဆုံကာ သက်ဝင်ကြွရွ လှပနေတာမျိုး အတော်များလှသည်။
နွဲ့နှောင်းသွဲ့ပြောင်းသောမူဟန်လည်း ရှိသည်။ ခက်မာကြမ်းတမ်းသော ဟန်ပန်လည်း ရှိပြန်သည်။ မတူရေးချ မတူ။

”တချို့အကြမ်းထည်တွေဆို မြင်တာနဲ့ လန့်တောင် သွားတယ်။ သူ နဂိုမူရင်း ပုံစံကိုက ပန်းပုလက်ရာ ဆန်ပြီး ကွက်ကွက်ကွင်းကွင်း ထင်းကနဲပဲ။တမင်ပဲ ဖန်တီးထားသလားတောင်ထင်ရတယ်”ဟု သူက မွန်သံဝဲဝဲဖြင့် မှတ်ချက်ပြုသည်။

ဥပမာ ဒါမျိုးပေါ့ဟု ဆိုကာ အိမ်အောက်ထပ် လှမ်းဝင်သွားရင်းမျောက်ရုပ်တစ်ရုပ်ကို ပွေ့ယူထွက်လာသည်။

သူ့လက်ထဲက မျောက်ရုပ်မှာ မြေပြင်ပေါ်မှာ ခြေဖမိုးနှစ်ခုသာ ထိတယ်ဆိုရုံ ရှိပြီး ကျန် ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့က ခုန်ပေါက်မြူးတူးနေဟန် အထင်းသား။ မြင်ရသူ ရွှင်မြူး ရယ်မော သဘောကျစဖွယ်။
ကလေးငယ်သာဆို မြင်ရုံနှင့် လက်ခုပ်လက်ဝါးတီး ခုန်ပေါက် အော်ဟစ်ကာ နှစ်ခြိုက်မည်မှာအမှန်။

ကျွန်းသားငုတ်တို၏ မျက်နှာပြင်ထက်က အရေးအကြောင်း မျဉ်းကွေး မျဉ်းကောက်တွေကို ဆက်စပ်ပုံဖော် ဖန်တီးထားသည့် ဒေါင်းရုပ်ကလေးကို ဘယ်လောက်ရရင် ရောင်းမှာလဲမေးတော့ သူ ခေါင်းကို တွင်တွင်ခါသည်။

”ဘယ်အရုပ်ကိုမှ ရောင်းဖို့ ရည်ရွယ် လုပ်ထားတာ မရှိဘူး။ ကျပ်ငွေပေးပေး ဒေါ်လာပေးပေး တန်ကြေး ဘယ်လောက်ရရ ကိုယ့်ဘာသာကိုယ်ပဲ ထိန်းသိမ်းထားမယ်။ မရောင်းဘူး”ဟု သူက ယတိပြတ် ငြင်းသည်။

ဝါးမြစ်ဆုံကြီးတစ်ခုကို ပျဉ်ပြားခင်းကာ ထိုင်ခုံလုပ်ထားသည်။ ဝါးမြစ်မွေးမြစ်ခက်လက်တို့က ပြန့်ကားသက်ဝင်ကာ ပုစွန်တုပ်သဖွယ်လည်း သူက ထုဆစ်ထားသေးသည်။

သစ်ထွင်းလှေဟောင်းတစ်ခုကို ဘယ်ညာနှစ်ဖက်က ကြိုးဆိုင်း ဆွဲကာ ဒန်းသဖွယ် ပြုထားသည်။

ရုပ်တုအချို့က ရုပ်လုံးမပီသည့်တိုင် တိမ်ရေးရုပ်သဖွယ် ကြည့်သူ အမြင်စူးရှသလောက် တာသွားသည်။ လေးသည်တော်တစ်ဦး ညှို့ကိုငင် မြားပြင်နေသည့်ပုံဖြစ်နိုင်သလို ကချေသည်တစ်ဦး ခေါင်းငဲ့ခါးချိုး ကခုန်နေဟန်လည်း မြင်ရနိုင်သည်မျိုးပင်။

”အစတုန်းက ရုပ်လုံး မပေါ်ပေါ်အောင် ပီပြင်အောင် ဆိုပြီးရှိရင်းစွဲ သစ်ကို ဖဲ့ထုတ် ။ထွင်းထုတ် ထုသေး ။ဆေးရောင် ခြယ်သေးတယ်။ နောက်တော့ နိုင်ငံခြားဧည့်သည်တွေ အဲဒီလို မလုပ်ဖို့ အကြံပေးကြတယ်။ အဲဒါနဲ့ သဘာဝကောက်ကြောင်းမပျက် မြင်သာရုံလေးပဲ ပုံကို မသိမသာ ဖော်ယူထားတော့တယ်”ဟု သူက ပြောသည်။

သွင်ပြင်သဏ္ဌာန် ပီပြင်ပြောင်မြောက်ရေးထက် သဘာဝကောက်ကြောင်း ပကတိအရေးအကြောင်း နဂိုအကြောအသား မူလဟန်ထည် မပျက်ရေးကို သူ ပိုပြီး အရေးစိုက် အလေးထားလာဖြစ်သည်ဟု ဆိုသည်။

သစ်ကျည်းပေါင်းဟု ဒေသအခေါ်ရှိသော သစ်ဖုသစ်တက်ကို ပုံဖော်ထားသော ငှက်ရုပ်မှာ ပုခုံးထက် သစ်စ အချို့ ထိုးထွက် ပိုလျှံနေသည်။ သူ မဖဲ့ မချိုးတော့ပြီ။ သူ ပြောနေကျအတိုင်းသဘာဝအလျောက် ထားထားသည်။

ဘယ်နိုင်ငံက ဘယ်သူအကြံပေးတာလဲမေးကြည့်တော့ ဘာသာစကား အခက်အခဲကြောင့် သူမမှတ်မိတော့ချေ။

သို့တစေ အဲဒီအကြံပြုချက်ကို တစ်သဝေမတိမ်း သူ လိုက်နာ စောင့်ထိန်းရင်း ဆင်ယင်ပုံဖော်နေမြဲပင်။

သစ်မင်းဟု ခေါ်ဝေါ်သမုတ်တတ်ကြသည့် ကိုင်းခက်ယှက်ဖြာ ပြန့်ကားဆန်းကြယ်သော သစ်ခက်သစ်လက်စုတွေလည်း သူ့အိမ်နံရံမှာ ချိတ်ဆွဲထားတာ မနည်းလှ။

ဒါပေမယ့် သူက လောကီပညာရပ် ဂမ္ဗီရဆန်သော အယူအဆများကိုမူ လက်ခံသက်ဝင်ခြင်း မရှိကြောင်း ပြောသည်။

”ဘာလောကီအစွမ်းပဲ ရှိရှိ သဘာဝအတိုင်းပဲ မြတ်နိုးတယ်”ဟု ရိုးရိုးရှင်းရှင်း ဆို၏။

အဆောင်လက်ဖွဲ့သဖွယ် အသုံးပြုရန် ဈေးနှုန်းကြီးပေး ကြေးပစ် လာရောက် ဝယ်ယူသည့်တိုင် သူ ငြင်းပယ်သည်။

”ထိုင်း။ မလေးရှား။ ဂျပန်။ ပြင်သစ်။ဂျာမနီ။ လာကြတယ် နိုင်ငံခြားသားတွေ။ တစ်ဆင့်စကားတစ်ဆင့်နား ဒီလိုပဲ ကြားပြီး လာ လာကြည့်ကြတာ”

မြန်မာဘာသာ ၊အင်္ဂလိပ်ဘာသာ အပြင် အခြား ဘာသာစကားများဖြင့် ရေးထိုးထားသည့် ဧည့်သည်တော် မှတ်တမ်းစာအုပ်ကို ဖွင့်ပြရင်းသူကပြောသည်။

တိုင်းရင်းသားဘာသာစကား အက္ခရာ ဗျည်းတို့ဖြင့် မှတ်တမ်းရေးသားထားခြင်းမျိုးလည်း ရှိသည်။

ဧည့်မှတ်တမ်းမှာ လူတန်းစားလည်း အတော်စုံသည်။ သမိုင်းသုတေသီပါသည်။ အနုပညာသည်ပါသည် ။မီဒီယာသမားပါသည်။ ဌာနဆိုင်ရာ အရာထမ်းပါသည် ။စုံတကာစေ့။

သူကသစ်ထွင်းလက်ရာ ပန်းပုရုပ်တွေအပြင် ရှေးဟောင်းပစ္စည်း ခေတ်ဟောင်းလက်ကျန် အိုး လူ့အသုံးအဆောင် ဒင်္ဂါး အုတ်ချပ် အိုးခြမ်းပဲ့ပါမကျန် ထိန်းသိမ်းထားသူလည်း ဖြစ်သည်။

အိမ်နံရံတွင် အကျယ်တဝင့် ချိတ်ဆွဲထားသော မွန်ဘာသာပါ ရေးထိုးထားသည့် မြေပုံကားချပ်ဆီ ငေးရင်း သူက ယခုလို ပြောသည်။

”ဒီ ဒရယ်ရွာက ရှေးဟောင်းပစ္စည်းတွေ မြို့ရိုးဟောင်း အဆောက်အဦဟောင်းတွေကိုသက်ဆိုင်ရာက စနစ်တကျ တူးဖော်စေချင်တယ် ထိန်းသိမ်းစေချင်တယ်”ဟု သူ့ဆန္ဒကို ဖွင့်ဟသည်။ ဒီဒရယ်ရွာကလေးမှာ ဟိုဟိုဒီဒီက ထိုးထိုးထောင်ထောင် ထွက်လာပေါ်လာတတ်သော ရှေးဟောင်းလက်ရာ အချို့အကြောင်းလည်း သူက စကားဖောက်သည်ချသည်။

သူ့ အိမ်တွင်းပြတိုက်ကလေးနည်းတူ တခြား ဒေသ တခြား ပုဂ္ဂိုလ်တွေလည်း စိတ်ဝင်တစား တမြတ်တနိုး ထိန်းသိမ်းထားရှိကြစေရန် သူက ထက်သန်လိုလားနေသည်။

”သဘာဝထဲမှာ အလှ ရှိတယ်”

ခုနောက်ပိုင်း ၂၀၁၇ ဝန်းကျင်မှာတော့ သူ့အတွက် သစ်ထည် ဝါးထည် ကုန်ကြမ်းတွေက ရှားလာသည်။

”ရွာမှာ လျှပ်စစ်မီး ရလာတော့ မြစ်ထဲဆင်း ထင်းရှာ ထင်းဆယ်သူတွေ အတော် နည်းကုန်တယ်။ နောက်ပြီး မြစ်ညာပိုင်းမှာ အထက်ပိုင်းမှာ ဟက်ကြီးရေလှောင်တမံဆိုတာ တည်တယ်လေ။ နောက်ပိုင်း သစ်တွေလည်း သိပ် များများစားစား မျောမလာတော့ဘူး”ဟု သူက ခပ်ညည်းညည်း ပြောသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုသည့် စကားလုံးလှလှကို သူ မသုံးငြား သူ့လုပ်ရပ်က အိပ်မက်မဆန်ဘဲ လက်တွေ့ကျသည်။

”ထင်းဆယ်သူတွေ မြစ်ထဲ မဆင်းကြလို့ ပင်လယ်ထဲကို အလကား မျောသွား ပျက်စီးကုန်ကြတာလည်း ဘယ်ရေတွက်နိုင်မလဲ။ အဟောင်းအမြင်း အဆွေးအမြည့်တွေပေမယ့် ဖော်တတ်ရင် အလှ ရှိတယ်”

မြစ်ညာပိုင်းအပါအဝင် မြစ်ကမ်းပါးတစ်လျှောက်က သစ်ငုတ်တို သစ်ကိုင်း သစ်ခက် အဆွေးအမြည့် အဟောင်းအမြင်းတွေကြားမှာ အနုပညာမျက်စိဖြင့် ပုံဖော်နိုင်မည်ဆို အဖိုးထိုက်သည့် အလှလက်ရာများစွာ ပေါ်ထွန်းနိုင်ကြောင်း သူ ယုံကြည်ယူဆနေသည်။ တန်ဖိုးထားရန် တိုက်တွန်းလိုကြောင်း တဖွဖွ ဆိုသည်။

နောက်

ယခုလိုလည်း သူက ပြောလိုက်သေးသည်။

”သံလွင်မြစ်ကြောင်းအတိုင်း မျောပါစုန်ဆင်းလာမယ့် ရေမျောကမ်းတင် အမှိုက်တွေ ဒိုက်တွေထဲကနေ ရွှေဖြစ်စေချင်လို့ မုတ္တမပင်လယ်ဝ ဘီလူးကျွန်းက စောင့်နေမယ်”ဟူ၍။ ။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply