မွန်ဘာသာဖြင့် သင်မည့် “မိ” မူကြိုကျောင်း

ကလေးငယ်မှာ မွန်ဘာသာစကားသာ ပြောတတ်၍ မူကြိုကျောင်းထားရန် အခက်အခဲဖြစ်နေသော မိဘများအတွက် ” မိ” အမည်ရမူကြိုကျောင်းကို ဇွန်လ ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။

ကျောင်း၏ တည်နေရာကား မော်လမြိုင်မြို့၊မြိုင်သာယာရပ်ကွက်၊ ၄ လမ်း၊ အမှတ်(၃၄၈)တွင်ဖြစ်ပြီး မွန်ကလေးငယ်များ ဘာသာစကားအခက်အခဲမရှိဘဲ ပညာသင်ကြားနိုင်ရေးအတွက် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

” မိ” ဆိုသည်မှာ မွန်ဘာသာဖြင့် မိခင်ဟု အဓိပ္ပာယ်ရပြီး ကလေးငယ်များကို မိဘများသဖွယ် စောင့်ရှောက် မည်ဖြစ်ကြောင်း အဆိုပါ ကျောင်းကို ထူထောင်သည့် မိချယ်ရီစိုးက ပြောကြားသည်။

Mi School

Advertisements

“မိခင်ဘာသာစကားကို အခြေပြုပြီး သင်ကြားပေးမယ် ။ မိခင်ကဲ့သို့စောင့်ရှောက်မယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကျောင်းကို” မိ ” အမည် ပေးခဲ့တာပါ” ဟု အသက် ၃၅ နှစ်အရွယ်ရှိ ၎င်းကရှင်းပြသည်။

မိချယ်ရီစိုးသည် ကလေးဘဝအရည်အသွေး၊ဘဝအဆင့်အတန်းအခြေအနေများကို ဆယ်နှစ်ခန့် သုတေသနပြု လုပ်ခဲ့သူတစ်ဦးဖြစ်ပြီး မူကြိုကျောင်းကို မွန်ကလေးငယ်များ ဘာသာစကားနှင့် ဉာဏ်ရည်များဖွံ့ဖြိုးရန် ရည်ရွယ် ၍ ကျောင်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မွန်ဘာသာစကားဖြင့် သင်ကြားမည့် မူကြိုကျောင်းကို ဖွင့်လှစ်ရန် မွန်လူမျိုးကလေးငယ်လေးများ မူကြိုကျောင်း စထားချိန်တွင် ရင်ဆိုင်ရသည့် အခက်အခဲများကို တွေ့ရှိပြီးနောက် စိတ်ကူးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကလေးက မွန်စကားပဲတတ်တော့ ကျောင်းရောက်တော့ မြန်မာစကားမတတ်ဘူး။အဲတော့ ဘာသာစကား အခက်အခဲဖြစ်တယ်လေ”ဟု မွန်ကလေးငယ်များ ပညာရေးအတွက် ကျောင်းစတင်ထားချိန်တွင် ရင်ဆိုင်ရသည် များ ကို မိချယ်ရီစိုးက ရှင်းပြသည်။
ထိုသို့ စိတ်ကူးရရှိပြီးနောက် “မိ”မူကြိုကျောင်းကို ဖွင့်လှစ်ရန် လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် အချိန်စတင်ယူ၍ ပြင်ဆင်ခဲ့သည် ဟု ကျောင်းတည်ထောင်သူများထံမှ သိရသည်။

မူကြိုကျောင်းတွင် အသက် သုံးနှစ်အရွယ်မှ ငါးနှစ်အရွယ် ကလေးငယ်များကို လက်ခံသွားမည်ဖြစ်ပြီး မွန်ကလေး ငယ်များ ကျောင်းတွင် ရင်ဆိုင်ရမည့် မြန်မာဘာသာစကားအပြင် အနာဂတ်ပညာရေးတွင် မရှိမဖြစ်လိုအပ်မည့် အင်္ဂလိပ်စကားကိုပါ ငယ်စဉ်အရွယ်မှပင်သင်ကြားပေးမည်ဖြစ်သည်။

“မွန်ကလေးတွေပဲမဟုတ်ပါဘူး။ မြန်မာကလေးတွေကိုလည်း လက်ခံပြီး သေချာသင်ကြားပေးမှာပါ”ဟု မိချယ်ရီစိုးက ဖြည့်စွက်ပြောကြားသည်။

Advertisements

ကျောင်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်သော် ကလေးသူငယ်ပြုစုပျိုးထောင်းရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ သင်တန်းဆင်း အသက် ၂၅ နှစ်အရွယ် ဆရာမ လေးဦးက သင်ကြားပေးမည်ဖြစ်သည်။

အခြေခံပညာရေးကျောင်းများတွင် စတက်သည့်အရွယ်ရောက်ပါက ကလေးငယ်များ လွယ်လွယ်ကူကူ သင်ကြားနိုင်ရန် သင်္ချာဘာသာရပ်၊ သိပ္ပံဘာသာရပ်နှင့် ကွန်ပျူတာများကို သင်ကြားပေးမည်ဖြစ်ကြောင်း အဆိုပါကျောင်းထံမှ သိရသည်။

ထို့အတူ ကလေးငယ်များ၏ စိတ်နှလုံးနူးညံ့အောင် မဖြစ်မနေသင်ကြားသင့်သည့် သီချင်းများ၊ကဗျာများကို UNICEF (ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေ)က ထုတ်ပြန်ထားသည့် သင်ရိုးညွှန်းတမ်းများကို အခြေခံသင်ကြား ပေးမည်ဖြစ်သည်။
ကာယဖွံ့ဖြိုးမှုအတွက်လည်း လေ့ကျင့်ခန်းများအပြင် အဟာရဖြစ်စေမည့် နေ့လယ်စာဖြည့်စွက်အစာ ကျွေးမွေးခြင်းနှင့် နွားနို့များပါ တိုက်ကျွေးုခြင်းကိုလည်း အချိန်အခါနှင့် အညီလုပ်ဆောင်ပေးမည်ဖြစ်သည်။

ကျောင်းပညာရေးများသာမက ဘက်စုံဖွံ့ဖြိုးရေးအတွက် ကစားချိန်တွင်လည်း ဉာဏ်ရည်ဖွံ့ဖြိုးစေမည့် ကစားနည်းများကို သင်ကြားပေးခြင်းနှင့် ကစားစရာအရုပ်များဆော့နိုင်ရန် ထားရှိပေးမည်ဟုလည်းဆို ထားသည်။
“အချို့ကလေးတွေဆို မိဘတွေက ကစားစရာပစ္စည်း မဝယ်ပေးနိုင်ဘူး။အဲလိုမျိုးအတွက်လည်း အဆင်ပြေ အောင် ကစားစရာတွေအများကြီးထားပေးတယ်”ဟု မိချယ်ရီစိုးက ပြောဆိုသည်။

စနေ၊တနင်္ဂနွေမှအပ တစ်ပတ်လျှင် ငါးရက် ကျောင်းဖွင့်လှစ်မည်ဖြစ်ကာ မနက် ရှစ်နာရီခွဲမှ ညနေလေးနာရီ အထိ ကလေးများကို သင်ကြား လေ့ကျင့်ပေးမည်ဖြစ်ပြီး တစ်နှစ်လုံးတွင်မူ ဧပြီလတစ်လ သာ ကျောင်းပိတ်မည် ဖြစ်သည်။

ထိုသို့ သင်ကြားသွားမည့် “မိ”မူကြိုကျောင်းတွင် ကျောင်းသားအယောက် ၃၀ ခန့်သာကနဦးအဖြစ် လက်ခံမည် ဖြစ်ပြီး အနာဂတ်တွင်မူ မွန်ပုဂ္ဂလိက ပညာရေးကျောင်းတစ်ခုဖွင့်လှစ်နိုင်ရန်အထိရည်မှန်းထားကြောင်း မိချယ်ရီစိုးက ပြောပြသည်။

လက်ရှိ မူကြိုကျောင်းအတွက်မူ ကျောင်းအပ်ခမှာ ကျပ်တစ်သောင်းခွဲကုန်ကျမည်ဖြစ်ပြီး လစဉ်ကြေးအဖြစ် တစ်လလျှင် သုံးသောင်းကျပ် ပေးသွင်းရမည်ဖြစ်ကာ ကျောင်းတက်မည့် ကလေးငယ်အတွက် ဝတ်စုံ သုံးစုံကို ကျောင်းမှ ပြန်လည်ပေးအပ်မည်ဖြစ်သည်။

“မိ”မူကြိုကျောင်းတွင် ကလေးငယ်များကို ထားရှိရန် စိတ်ဝင်စားပါက ကျောင်းတည်နေရာဖြစ်သည့် အမှတ်(၃၄၈) ၄ လမ်း၊ မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့နှင့် ဖုန်းနံပါတ် ဝ၉၇၈၄၇၂၆၉၇၁၊ ဝ၉၂၅၅၉၆၆၈၄၄ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Advertisements

Leave a Reply