၂၀၁၆ မှာ ဘယ်ဆိုင်ကယ်စီးကြမလဲ

မိုးရာသီရောက်ရှိ၍ ဈေးကွက်အေးစက်လာသော်လည်း ၂၀၁၆ ခုနှစ်ထုတ် မော်ဒယ်လ် ဆိုင်ကယ်များက မွန်ပြည်နယ်အတွင်းစတင်ဝင်ရောက်နေပြီဖြစ်သည်။

မော်လမြိုင်မြို့ရှိဆိုင်ကယ်ဈေးကွက်အတွင်း ဟွန်ဒါ (Honda) အမှတ်တံဆိပ်များထဲမှ Wave 125 I ၊ Wave Alpha ၊ Dream 125 နှင့် CBR အမျိုးအစားတွင် ယခုနှစ်မော်ဒယ်လ်များ စတင်ဝင်ရောက်လျက်ရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

ထို့အတူ လူငယ်ကြိုက် အိန္ဒိယအခြေစိုက် YAMAHA ကုမ္ပဏီထုတ် FZ အမျိုးအစားမှာလည်း ၂၀၁၆ ခုနှစ်ထုတ်များစတင်ရရှိနေပြီဖြစ်သည်။
မွန်ပြည်နယ်အတွင်း ခရီးသွားလာရာတွင်အဓိက အသုံးပြုသည်မှာ ဆိုင်ကယ်ဖြစ်သောကြောင့် လက်ရှိဈေးကွက်အတွင်း အသစ်ဝင်ရောက်သည့် ဆိုင်ကယ်များ၏အခြေအနေများကို စာဖတ်ပရိသတ်များ သိရှိနိုင်ရန် ဟင်္သာမီဒီယာက ဖော်ပြပေးလိုက်ပါသည်။

Motobrike

Honda Wave 125 I (အိုင်ကြီး)

Advertisements

မွန်ပြည်နယ်အတွင်းနေထိုင်သူများ အိုင်ကြီးဟုခေါ်သော Honda Wave 125 I မှာ လက်ရှိဈေးကွက်အတွင်း အရောင်းဝယ်သွက်နေကြောင်း ဆိုင်ကယ်အဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။
Honda Wave 125 I မှာ ထိုင်းနိုင်ငံထုတ်ဖြစ်ပြီး ၂၀၁၆ မော်ဒယ်လ်တွင် အရောင်နှင့် ဒီဇိုင်းအနည်းငယ်သာ ကွာခြားပြီး အသစ်တစ်စီးလျှင် ကျပ် သိန်း ၂၀ ဝန်းကျင်ပေါက်ဈေးရှိသည်။

အိုင်ကြီး ဆိုင်ကယ်မှာ အင်ဂျင်ပါဝါ ၁၂၅ စီစီ ရှိပြီး ပန့်ပါဝင်သည့်အတွက် အခြားအင်ဂျင်ပါဝါတူ ဆိုင်ကယ်များနှင့် နှိုင်းယှဉ်ပါက ဆီစားအနည်းငယ်သက်သာကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင်သူများက ဆိုသည်။

“သူက ပန့် နဲ့ ဆိုတော့ ပန့်နဲ့ ကျတော့ ဆိုင်ကယ်မှာ ပိုတဲ့ ဆီကို တိုင်ကီထဲကို ပြန်သွားတဲ့ ပိုက်တစ်ချောင်း ရှိတယ်။ အဲ့တော့ကျန်တဲ့ ပါဝါတူ ပန့်မပါတဲ့ကောင်တွေထက် နည်းနည်းအစား သက်သာတယ်”ဟု မော်လမြိုင်မြို့ဈေးကြီးအနီးတွင် ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးသက်ညီက ရှင်းပြသည်။

လုပ်ငန်းသုံးနှင့် ခရီးဝေးမောင်းနှင်ခြင်းများအတွက်အဆင်ပြေနိုင်ပြီး ဆိုင်ကယ်အရှေ့ကာဗာကို အချွန်ပုံစံ ပြုလုပ်ထားသည့်အတွက်လေခွဲအားပိုကောင်းမွန်သည်။ထို့ပြင် Air Cleaner ကို ဆိုင်ကယ်ရင်အုပ်အတွင်း ထည့်သွင်းထားသောကြောင့် ရေကြီးမြင့်သောနေရာများကို ဖြတ်သန်းရာတွင် ဆိုင်ကယ်ရင်အုပ်မမြုပ်မချင်း စက်အလွယ်တကူ စက်မသေနိုင်ကြောင်း ဆိုင်ကယ်ရောင်းဝယ်နေသူများက ဆိုကြသည်။

Honda Dream 125 (ငမြွေထိုး)

Honda Dream 125 များကို မွန်ပြည်နယ်အတွင်း မော်လမြိုင်၊သံဖြူဇရပ်အစရှိသည့် မြို့များတွင် ငမြွေထိုး ဟုခေါ်ဆိုကြပြီး အချို့နေရာများတွင် ကြိုးလိမ်ဟုလည်းခေါ်ဆိုကြသည်။

ငမြွေထိုးဘီးများမှာ မွန်ပြည်နယ်ဈေးကွက်အတွင်း ဗီယက်နမ်ထုတ်ဘီးများ ဝင်ရောက်နေပြီး ယခင်ယိုးဒယားဘီးများနှင့် အရည်အသွေးမတူညီကြောင်း ဆိုင်ကယ်ဝယ်ယူသူများက ဆိုကြသည်။

Advertisements

အင်ဂျင်ပါဝါမှာ ၁၂၅ စီစီဖြစ်သော်လည်း ရောင်ဈေးတွင်မူ အိုင်ကြီးထက်ဈေးအနည်းငယ်သက်သာကာ အသစ်(ပါကင်) တစ်စီးလျှင် ကျပ် ၁၉ သိန်း ၆ သောင်းဝန်းကျင်ပေါက်ဈေးရှိသည်။

ခရီးဝေးသွားလာရာတွင်လည်း အသုံးပြုနိုင်ပြီး လုပ်ငန်းသုံးအတွက်လည်း အဆင်ပြေနိုင်ကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများက ဆိုကြသည်။

ငမြွေထိုးများမှာလည်း မွန်ပြည်နယ်အတွင်း လူစီးများသော ဆိုင်ကယ်အမျိုးအစားတစ်ခုဖြစ်ပြီး ယိုးဒယားထုတ်ငမြွေထိုးဆိုင်ကယ်များကို ပိုမိုအကြမ်းခံသည်ဟုဆိုကာ ဒေသခံများက ပိုမိုနှစ်သက်ကြသည်။

Honda Wave Alpha

Honda Wave Alpha အမျိုးအစားဆိုင်ကယ်မှာမူ ဗီယက်နမ်ထုတ်အမျိုးအစားဖြစ်ပြီး လက်ရှိဈေးကွက်အတွင်း ၂၀၁၆ ခုနှစ်အတွက် စတေကာပြောင်းများ စတင်ထွက်ရှိနေပြီဖြစ်သည်။

အသစ်တစ်စီး၏ ပေါက်ဈေးမှာ ကျပ် ၁၁ သိန်းကျော်ပေါက်ဈေးရှိပြီး အင်ဂျင်ပါဝါမှာ ၁၀ဝ စီစီ ဖြစ်သည်။

ယခင်ယိုးဒယားထုတ် အင်ဂျင်ပါဝါတူ Honda Wave 100 အမျိုးအစားနှင့် အင်ဂျင်ပါဝါတူသော်လည်း ဗီယက်နမ်ထုတ်ဘီးဖြစ်သောကြောင့် ထိုင်းဆိုင်ကယ်ကြိုက်နှစ်သက်သူများမောင်းနှင်ရာတွင် စိတ်တိုင်းမကျနိုင်ကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဆိုကြသည်။
“သူက မောင်းတဲ့ အခါကျတော့ ကိုယ်လိုချင်တဲ့ နှုန်းကို မသွားဘူးပေါ့ သူက အသံပဲ ကျယ်တယ်”ဟု မော်လမြိုင်မြို့တွင် ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးသက်ညီက ရှင်းပြသည်။

လက်ရှိ မွန်ပြည်နယ် ဆိုင်ကယ်အသစ်ဈေးကွက်အတွင်း သက်သာသည့် အမျိုးအစား တစ်ခုဖြစ်ပြီး လိုင်စင်နှင့် ဈေးသက်သက်သာသာစီးချင်သူများအတွက် အဆင်ပြေသော ဘီးတစ်ခုဖြစ်ကာ အသစ်ဆိုင်ကယ်များမှာ ခရီးဝေးသွားလာရာတွင် အသုံးပြုနိုင်သည်။

Honda 125 Click

ဟွန်ဒါကုမ္ပဏီ၏ မြန်မာပြည်ဈေးကွက်အတွင်း လူကြိုက်များသော အော်တိုဂီယာ ဆိုင်ကယ်အမျိုးအစား တစ်ခုဖြစ်သည်။
ထိုင်းနိုင်ငံထုတ်များသာဖြစ်ပြီး အင်ဂျင်ပါဝါ ၁၂၅ စီစီဖြစ်ကာ တစ်စီးလျှင် ကျပ်သိန်း ၂၀ ကျော်ပေါက်ဈေးရှိသည်။
ခရီးဝေးသွားလာရာတွင်လည်း အသုံးပြုနိုင်မည်ဖြစ်ပြီး အသက်ကြီးမြင့်သူများအတွက် အဆင်ပြေကာ သက်သက်သာသာ ဆိုင်ကယ်မောင်းနှင်နိုင်မည်ဖြစ်သည်။

အလှစီးဘီးဖြစ်သောကြောင့် လုပ်ငန်းသုံးများတွင် အသုံးပြုနိုင်မည်မဟုတ်ဘဲ နောက်ထွက်ဘီးများမှာ စက်သံမကြားရအောင်လုပ်ဆောင်ထားပြီး ဘရိတ်စနစ်တွင် နောက်ဘရိတ်ညှစ်ပါက ရှေ့ဘရိတ်ပါ မိမည်ဖြစ်ကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်သူများက ဆိုကြသည်။
ယင်းကြောင့် အနောက်ဘရိတ်ကို ဦးစားပေးအသုံးပြုပါက အန္တရာယ်ကင်းကင်းမောင်းနှင်နိုင်မည်ဖြစ်သည်။

ဆီစားနှုန်းမှာမူ အော်တိုဘီးဖြစ်သည့်အတွက် အခြား ဂီယာဘီးများထက် အနည်းငယ် ပိုစားမည်ဖြစ်သော်လည်း ပင်ပန်းမှုသက်သာ၍ အော်တိုမော်တော်ယာဉ်မောင်းနှင်သကဲ့သို့ပင်ဖြစ်ကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်က ပြောဆိုကြသည်။
“ဒီကောင်တွေက လူသက်သာဖို့ထုတ်ထားတာ။ မိန်းမစီးမဟုတ်ဘူး။ သက်သက်သာသာဖြစ်အောင် လုပ်ထားပေးတာ”ဟု ဦးသက်ညီက ဆိုလေသည်။

လူငယ်ကြိုက် CBR နှင့် FZ

လူငယ်ကြိုက် CBR ဆိုင်ကယ်ယာဉ်များတွင် ယခင်က အင်ဂျင်ပါဝါ ၁၅၀ နှင့် ၂၅၀ စီစီ အမျိုးအစားများသာ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်အတွက်မူ အင်ဂျင်ပါဝါ ၄၅၀ နဲ့ ၇၅၀ စီစီအထိရှိသည့် ဆိုင်ကယ်များပါ ထွက်ရှိလာသည်။

အင်ဂျင်ပါဝါ ၁၅၀ စီစီအမျိုးအစား CBR ဆိုင်ကယ်မှာ ကျပ် ၃၃ သိန်းဝန်းကျင်ပေါက်ဈေးရှိပြီး အင်ဂျင်ပါဝါ ၄၅၀ နှင့် ၇၅၀ စီစီ ဆိုင်ကယ်များမှာမူ ကျပ်သိန်း ၅၀ မှ ၆၀ ဝန်းကျင်အထိပေါက်ဈေးရှိသည်။

ပါဝါမြင့် ဆိုင်ကယ်များဖြစ်သောကြောင့် ဆီစားနှုန်းမှာလည်း ပုံမှန် ဆိုင်ကယ်များထက် ပိုမိုမြင့်မားသည်။
ဒီဇိုင်းမှာမူ သိသိသာသာမပြောင်းလဲဘဲ အရောင်နှင့် စတစ်ကာများပြောင်းလဲသွားကြောင်း ဆိုင်ကယ် အရောင်းဆိုင်များထံမှ သိရသည်။
ထို့အတူ အိန္ဒိယထုတ် FZ ဆိုင်ကယ် မော်ဒယ်လ် အသစ်များလည်း ဈေးကွက်အတွင်း စတင်ဝင်ရောက် နေပြီဖြစ်ကာ ပေါက်ဈေးမှာမူ ကျပ် ၁၉ သိန်းဝန်းကျင်ပေါက်ဈေးရှိကြောင်း မော်လမြိုင်မြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်များထံမှ သိရသည်။

ရေရှည်သုံးမည့် ဆိုင်ကယ်

ခရီးသွားလာရေးအတွက် အရေးပါသော မော်တော်ဆိုင်ကယ်များကို စိတ်ကြိုက်ဝယ်ယူပြီးပါက ရေရှည်အသုံးပြုနိုင်ရေးအတွက် သတိထားလုပ်ဆောင်သင့်သော အချက်များလည်းရှိသေးသည်။

မည်သည့်ဆိုင်ကယ်အမျိုးအစားကို စီးနင်းသူမဆို တစ်လ တစ်ခါ ပုံမှန် အင်ဂျင်ဝိုင်လဲလှယ်ပေးရန်လိုအပ်ပြီး ထိုသို့လဲလှယ်ပေးပါက အင်ဂျင်ကျခြင်းကို သက်သာက ပိုမိုတာရှည်ခံအသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေးသမားက ရှင်းပြသည်။

တစ်ပတ်တစ်ခါ ပုံမှန်ရေဆေးပေးရန်လိုအပ်ပြီး ထိုသို့ပုံမှန်လုပ်ဆောင်ပါက ဘရိတ်ရှူးအမြန်ကုန်ခြင်း၊ ချိန်းများတွင် သဲဝင်ခြင်းများကို သက်သာစေမည်ဖြစ်သည်။အထူးသဖြင့် မိုးတွင်းကာလတွင် ရွှံ့ထူသော နေရာများသို့သွားရောက်ပါက ပုံမှန် ရေးဆေးသင့်ကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးသက်ညီက ထပ်လောင်းပြောဆိုသည်။

ထို့အတူ ဆိုင်ကယ်ချိန်းများကိုလည်း လျော့ကျခြင်းရှိ၊မရှိ စစ်ဆေးခြင်း၊လေပေါင်ချိန်ခြင်း နှင့် ချိန်းတွင် ဆီခြောက်ခြင်းရှိမရှိများကို လည်း ပုံမှန်ပြုလုပ်သင့်သည့် အရာများဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ချိန်းဆီ ခြောက်နေရင် ဆီထည့်ပေးရတယ် ကိုယ်ကအဲဒါကို လိုက်မလုပ်ဘူးဆိုရင် သူပေးတဲ့ ဒုက္ခ ကိုယ်ခံရမှာပေါ့ အခန့်မသင့်ရင် လမ်းမှာ ဘီးပေါက်ပြီးတော့ မှောက်တာတို့ ချိန်းပြတ်ပြီးမှောက်တာတို့ အဲဒါတွေဖြစ်တတ်တယ်” ဟု ဦးသက်ညီက သတိပေးပြောဆိုသည်။

Advertisements

Leave a Reply