Advertisements

ဝင်းဖနုံဆည်ရေ သံဖြူဇရပ်နှင့် ပငကို ပေးဝေမည်

မော်လမြိုင် နိုဝင်ဘာ

ဝင်းဖနုံဆည်ရေကို သံဖြူဇရပ်နှင့် ပငမြို့ ရေပေးဝေရေးအတွက် လေးနှစ်စီမံကိန်းဖြင့် စတင်ဆောင်ရွက်နေသည်ဟု ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းဌေးကပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး JICA မှ နှစ် ၃ဝ ချေးငွေ ကျပ် ၄ ဘီလီယံခန့်ဖြင့် စီမံကိန်းအကောင်အထည်ဖော်မည်ဟု ၎င်းကပြောသည်။

“ဆည်ကြီးက ရေသိုလှောင်မှုပမာဏလည်းများတယ်။ သံဖြူဇရပ်ဆိုလည်း နွေဘက်ရေအမြဲတမ်းရှားတယ်။ မြို့ရေပေးဝေရေးမှာ သုံးမလားဆိုတော့ အရင်ကတည်းက စီမံချက်နှင့် လုပ်ခဲ့ကြတာ။ အခု ဂျပန်က JICA ချေးငွေပေးခဲ့တယ်” ဟု ၎င်းကဆက်ပြောသည်။

Advertisements

စီမံကိန်းအတွက် ဒီဇိုင်းလုပ်ငန်းများကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် လုပ်ဆောင်နေပြီး ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင်တင်ဒါခေါ်ယူကာ ၂ဝ၂၁ ခုနှစ်တွင် စီမံကိန်းပြီးစီးမည်ဟု ဦးထွန်းဌေးကပြောသည်။

“နောက် ၃ နှစ်ဆိုရင် သံဖြူဇရပ်မှာ အိမ်တိုင်း ရေရနိုင်မယ့်အနေအထားရှိတယ်။ ရေမီတာနဲ့ပေါ့ ရေတွင်းက ရေခပ်စရာမလိုတော့ဘူး” ဟု ၎င်းကဆိုသည်။

သံဖြူဇရပ်ပြီးလျှင် ပငမြို့ရေပေးဝေရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ဘက်ဂျက်အနေအထားအရ လက်ရှိတွင် သံဖြူဇရပ်မှ ၁၅ မိုင်ခန့်ကွာဝေးသည့် ကျိုက္ခမီမြို့နယ် မပါဝင်သေးဟု ၎င်းကပြောသည်။

ယင်းနှစ်ရှည်စီမံကိန်းသည် သောက်သုံးရေရရှိအောင် နိုင်ငံတကာစံချိန်ဖြင့် လုပ်ဆောင်ရမည်ဖြစ်သောကြောင့် အချိန်ယူတွက်ချက်ရမည်ဖြစ်ပြီး၊ အကျိုးအမြတ်ကို အဓိကထားခြင်းမဟုတ်သည့်အတွက် ပြည်သူများအတွက် စရိတ်သက်သာစွာ ရေရနိုင်မည်ဟု ဦးထွန်းဌေးကပြောသည်။

၂ဝဝ၇ ခုနှစ်မှစ၍ ဝင်းဖနုံဆည်မှ နွေစပါး ဧက ၅ဝဝဝ ကို ရေပေးဝေနိုင်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် နွေစပါးစိုက်ပျိုးမှု လုံးဝမရှိတော့သဖြင့် ၈ နှစ်ကြာ အသုံးမပြုဘဲထားခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုအခြေအနေကြောင့် နိုဝင်ဘာ ၂၇ ရက်က ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် သံဖြူဇရပ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက ဝင်းဖနုံဆည်ကို မြို့ရေပေးဝေရေးအတွက် ပြန်လည်အသုံးပြုရန် ရှိ၊ မရှိ မေးခွန်းမေးမြန်းခဲ့ကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဒုတိယဝန်ကြီး ဦးလှကျော်က ရေပေးဝေမည့်အကြောင်း ပြန်လည် ဖြေကြားထားသည်။

မြန်မာနိုင်ငံရှိ မြို့ပေါင်း ၂၂ မြို့တွင် JICA ချေးငွေ စီမံကိန်းဖြင့် မြို့ရေရရှိရေး အကောင်အထည်ဖော်မည်ဖြစ်ပြီး မွန်ပြည်နယ်တွင် မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်များ ပါဝင်သည်။

စန္ဒာဉာဏ်

 

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်