ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားဘက်မှ မီးရထားတစ်စီး မြောက်ကိုရီးယားသို့ ခုတ်မောင်း ဝင်ရောက်

ယခုနှစ်အတွင်း တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်လာသည့်နောက်တွင် မြောက်ကိုရီးယားရှိ အိုဟောင်းပျက်စီးနေသော မီးရထားလမ်းများကို ပြုပြင်ကာ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ရထားလမ်း တည်ဆောက်ရန် တောင်ကိုရီးယား အင်ဂျင်နီယာများ လိုက်ပါလာသော မီးရထားသည် နိုဝင်ဘာလ ၃၀ရက်နေ့တွင် ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ဤသို့ သွားရောက်ရခြင်းမှာ ယခုနှစ်အစောပိုင်းက ကျင်းပခဲ့သော တောင်ကိုရီးယားသမ္မတ Moon Jae Inနှင့် မြောက်ကိုရီးယားခေါင်းဆောင် Kim JongUnတို့ တွေ့ဆုံမှု၏ သဘောတူညီချက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်ရန် ပိုမိုကောင်းမွန်လာအောင် ပြုလုပ်ရန် ဟူသော အချက်ကြောင့်ဖြစ်သည်။

တွဲဆိုင်း ခြောက်ခုပါဝင်သော အဆိုပါ မီးရထားတွင် ရထားလမ်းအင်ဂျင်နီယာများအပါအဝင် လူ၂၈ဦး၊ လောင်စာတန်ချိန် ၅၅တန်နှင့် လျှပ်စစ်ဂျင်နရေတာ တစ်လုံး ပါဝင်မည်ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်မှု၏ အစပျိုး ကနဦးဖြစ်ကြောင်း တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးKim Hyun Mi က အတည်ပြုပြောဆိုလိုက်သည်။

အဆိုပါရထားသည် နှစ်နိုင်ငံ နယ်စပ်အလွန် မြောက်ကိုရီးယားနယ်နိမိတ်အစွန် ပထမဆုံးဘူတာ ပန်မန်ဘူတာသို့ ဆိုက်ရောက်လျှင် နောက်တွဲများကို မြောက်ကိုရီးယားစက်ခေါင်းနှင့် လွှဲပြောင်းချိတ်ဆက်ပေးရမည်ဖြစ်ပြီး တောင်ကိုရီးယားစက်ခေါင်းကမူ တောင်ကိုရီးယားဘက်ရှိ မူလဘူတာသို့ ပြန်လည် ဆုတ်ခွာရမည်ဖြစ်သည်။

Reference- bbc.co.uk

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်