ရဲဝန်ထမ်းများ အဂတိလိုက်စားမှု တိုင်ကြားရန် အရေးပေါ်ဖုန်းလိုင်းတစ်ခု ဖွင့်

ဗီယက်နမ်တွင် ရဲဝန်ထမ်းများ အဂတိလိုက်စားမှု ရှိခဲ့ပါက တိုင်ကြားတင်ပြနိုင်ရန်အတွက် အရေးပေါ်ဖုန်းလိုင်း တစ်ခုကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

ဗီယက်နမ်တွင် လာဘ်စားမှုဖြိုခွင်းရန် တင်းကြပ်စွာလုပ်ဆောင်လျက်ရှိပြီး အဂတိလိုက်စားမှုနှင့်ပတ်သက်သော အစိုးရအရာရှိများစွာ ထောင်ဒဏ် ချမှတ်ခံနေရသည်။ ဒေါ်လာ သန်းနှင့်ချီသည့် တရားမဝင် မြေအောက် အွန်လိုင်းလောင်းကစားဝိုင်းတစ်ခုကို ဦးစီးလုပ်ကိုင်နေမှုအတွက် အကြီးတန်းရဲအရာရှိ နှစ်ဦးကို ပြီးခဲ့သည့် သောကြာနေ့က တရားရုံးတစ်ရုံးတွင် ထောင်ဒဏ်၁၀ နှစ်အထိ ချမှတ်ခဲ့ကြောင်းလည်း သိရသည်။

“တကယ်လို့ တိုင်ကြားသူတွေက သူတို့ရဲ့နာမည်အပြည့်အစုံ၊ လိပ်စာနဲ့ ဖုန်းနံပါတ်တွေ အသိမပေးဘူး။ ဒါမှမဟုတ် မပြည့်စုံတဲ့၊ ဝေဝါးတဲ့၊ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ သတင်းအချက်အလက်တွေကို ပေးမယ်ဆိုရင် တိုင်ကြားမှုတွေကို ထည့်သွင်း စဉ်းစားမှာမဟုတ်ပါဘူး” ဟု ဗီယက်နမ် တရားဝင် သတင်းအေဂျင်စီ (VNA)က ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားလျက် ဖော်ပြထားသည်။

ခေါ်ဆိုမှုကို လက်ခံဖြေကြားသူ အရာရှိတစ်ဦးက အဆိုပါအရေးပေါ်ဖုန်းလိုင်းမှာ ယခင်က ယာဉ်ထိန်းရဲများကို တိုင်ကြားရန်သာ အသုံးပြုခဲ့သော်လည်း ယခုမူ ရဲတပ်ဖွဲ့ တစ်ခုလုံး၏ အဂတိလိုက်စားမှုနှင့်ပတ်သက်သည့် တိုင်ကြားမှုများ လက်ခံနေကြောင်း ပြောသည်။

Reference-AFP

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်