အရက်၊ ဘီယာ ၊ဆေးလိပ်၊ တိပ်နှင့် ခုတင်ဇာတ်လမ်း

ကြက်ဆူတောသားများကား မကောင်းတာမှန်သမျှ၊ အမြင်မတော် မလျော်ကန်
မသင့်မြတ်ဟု ထင်လျှင် အရာရာကို ဝေဖန်တတ်သည့်
ဘာမထီဇာနည်ဘွားများသာဖြစ်သတည်း။ ကြက်ဆူတော၏ အမြင့်ဆုံး
သောအာဏာပိုင်အဖွဲ့ဖြစ်သည့် သူကြီးမင်း၏ ကက်ဘိနက်ကိုလည်းကောင်း
သူကြီးမင်း၏ ကြွက်ဘိနက်ကို လည်းကောင်း
သူကြီးမင်းကိုယ်တိုင်ကိုသော်လည်းကောင်း ဝေဖန်ရန်ဝန်မလေးတတ်သူများဖြစ်သည်။

ထိုသို့ အမြင့်ဆုံးအာဏာပိုင်များကိုပင်လျင် ရဲရဲတင်းတင်းဝေဖန်ရဲမှတော့ ဇ
ကိုလျော့တွက်၍မရချေ။ အရပ် ဘက်အဖွဲ့အစည်းများ ပုဂ္ဂလိကများဆိုလျှင်မူကား
သူတို့စာရင်းထဲတောင်မထည့်၊ ရှိလေသည်မျှပင်မထင်။ ဤသို့မည်သူ့ကိုမျှ
ထီမထင်သည့် မတစ်ထောင် တစ်ကောင်ဘွား ရှာမှရှားသည့် အာဇာနည်များသာဖြစ်သ
တည်း။ သို့သော်အရင်ကတော့ ခုလိုမဟုတ် ယူနီဖောင်းဝတ်ဆိုလျှင်ကြောက်ကြသည်။
မည်မျှကြောက်သနည်းဟူမူ တရုတ်မကြီး ဘောင်းဘီဝတ်လာသည်ကိုပင်
မော်မကြည့်ရဲသောကြောင့် ဆရာခေါ်ခဲ့ဖူးသူများ ဖြစ်သတည်း။

ထို့အတူ ယခင်သူကြီးက လေပျော့လေးဖြင့် my parents, public,
ဟုဆိုလိုက်လျှင်လည်း ဝေဖန်၍ ရသည်ဆိုငြား စိတ်မထင်လျှင် ထ၍
ဆွဲစိခံရမည်ကိုစိုးရိမ်သောကြောင့် သိပ်မပြောရဲကြ။ သို့သော် သူတို့ဝေ
ဖန်ပြောဆိုနေကြသည်မှာ အများစုက ပါးစပ်ပါ၍ ဝေဖန်ကောင်းသောကြောင့်
ဝေဖန်နေကြသည် မဟုတ်မူဘဲ ကောင်းစေချင်သော စေတနာများဖြင့်
ဝေဖန်နေကြခြင်းသာဖြစ်ချေသည်။

အရင်ကာလများတုန်းဆီက သူကြီးများကလည်း လူရည်ခပ်လည်လည်ဖြစ်သည်။ ရွာကြီး၏
အခွန်အ ခကို ထိခိုက်မည်စိုးရိမ်သောကြောင့် BE
ခေါ်အရက်ဖြူကိုသာရောင်းချခွင့် ထုတ်လုပ်ဖြန့်ဖြူးခွင့်ပြုထားခဲ့ သည်။
နည်းပညာပိုင်းနှင့် ထုတ်လုပ်မှုစရိတ်ပိုင်းကို မတတ်နိုင်သောကြောင့်လည်း
ဖြစ်ကောင်းဖြစ်ပေမည်။ ထို့ကြောင့် ကျေးရွာအတွင်းယမကာနှင့်ပတ်သက်လာလျှင်
အရက်ဖြူခေါ် BE တစ်မျိုးတည်းသာ ရွာအတွင်း
လည်ပတ်ရောင်းချခွင့်ပြုထားခဲ့သည်။ ထို့ကြောင့်
ရိုးရာနည်းဖြင့်ချက်လုပ်သည့် ဆန်အရက် ကောက်ညှင်းအ ရက်
ဘာတစ်ခုမှခွင့်မပြုခဲ့။ သောက်သုံးသူ ယမကာလုလင်များအဆိုအရ ထိုခေတ်
တောအရက်ဟုခေါ် သည့် ဆန်အရက်များသည် လွန်စွာကောင်းမွန်သည်ဟူ၏။ ထိုအချိန်က
ယောအတွင်းဝန်ဦးဘိုးလှိုင်တို့အခေါ် ဗြစ်ရည်ဟူသည့် ဘီယာကလည်း
ကျေးရွာအတွင်းတစ် မျိုးတည်းသော ရှားပါးပစ္စည်း၊VIP များသာသုံး စွဲနိုင်၏။
မန္တလေးဗြစ်ရည်ဟူ၏။

ရေကြီးလေထန်ကာလဟုဆိုအပ်သည့် အချိန်အပြီးကယ်တင်ရှင်သူကြီးများကာလက
အရက်မျိုးစုံ ဘာလာလာခွင့်ပြုခဲ့ဖူးသောကြောင့် တချို့ဆိုလျှင်
တိုးမြစ်အတွင်းမျောပါလာသည့် မက်သနောများကို အ ရက်ဆီဟုထင်ပြီး
အားရပါးရသုံးစွဲသောကြောင့် အစုလိုက်အပြုံလိုက် မက်သနောဆိပ်သင့်ကာ
နတ်ရွာလား ခဲ့ကြဖူးသည်။

ထို့အတူပင် တစ်ခေတ်တစ်ခါက ဗြစ်ရည်ခေါ် ဘီယာသည်
တော်ဝင်နန်းသုံးဖြစ်သောကြောင့် နောက်ပိုင်းတွင် မိုးဦးကျမှိုများလို
ဖွေးဖွေးလှုပ်ပေါများလာသည့် စည်းမဲ့ကမ်းမဲ့ ဘီယာများကို အလွန်အကျွံ ဂုဏ်
ယူဝင့်ကြွားစွာသောက်သုံးရင်း အသည်းနှင့် ကျောက်ကပ်ကိုပြဿနာရှာပြီး
မာလကီးယားကုန်ကြ၏။

ဒါတွေကိုလည်း ဖောရှောများလာသည့်အခါ ကြက်ဆူတောသားများ
ကန့်ကွက်ခဲ့ကြလေသည်။ ဝေဖန်ခဲ့ဖူးကြလေသည်။ သို့သော် အရက်နှင့် ဘီယာများကား
လျော့ကျမသွား၊ မိန်းမလှကလေးများနှင့်ပင် ဆွဲဆောင်မှုရှိစွာ စာနယ်ဇင်းများ
တီဗီ ရုပ်ရှင် ဗွီဒီယိုများတွင် ကြော်ငြာများရိုက်ကူးထုတ်လုပ်ကြော်ငြာသော
ကြောင့် အရပ်ထဲတွင် အရက်ရောင်း ဘီယာရောင်းလျှင် စီးပွားဖြစ်ခေတ်ကို
ရောက်လာပြီဖြစ်သကဲ့သို့ ေ၀ ဖန်သူ အများစုကလည်း ညနေခင်း ဘီယာဘားတွင်
ဘီယာကို မြုံ့နေရင်းဝေဖန်နေသောကြောင့် ယခုပင် ဘီယာ
အရက်အမျိုးအစားစုံစုံလင်လင် လှလှပပထုပ်ပိုးပြီး ဈေးကွက်အရောက်
လှမ်းနိုင်လာခဲ့ခြင်းဖြစ်ပေတော့သည်။

ထို့အတူပင် တစ်လောလေးကလည်း ဇာတ်ဝင်ခန်းတစ်ခုကို
အပြာကားနီးပါးပွင့်လင်းစွာရိုက်ပြနိုင်ဖို့ အတွက် ဇာတ်ဝင်ခန်းကို
ပီပြင်စွာ သရုပ်ဆောင်နိုင်ရန် မင်းသမီး၏ ဟိုသင်း တိပ်ကပ်နေသည်ကို
လူမှုကွန် ရက်ပေါ်တင်ခဲ့ကြသည့် သတင်းကို
နည်းနည်းလေးတော့ဝေဖန်ခဲ့ကြသည့်နည်းတူ မကြာမတင်ကလည်း မင်းသမီးက
မင်းသားပေါ်တက်ထိုင်ပြီး ပြောင်မြောက်စွာ မြင်းစီးပြနေသည်ကိုလည်း
ခဏတဖြုတ်လောက် တော့ ဝေဖန်ခဲ့ကြဖူးလေသည်။ ယဉ်ကျေးမှုကြောင့်ဖြစ်မည်ထင်ရ၏။
သိပ်ကြာကြာမဝေဖန်လိုက်ကြပေ။

ထို့အတူ တစ်လောလေးကလည်း ကြက်ဆူတောသားများကြား မီအမည်ရရုပ်ရှင်ဇာတ်ကားမှ
ဇာတ် ဝင်ခန်းအရ အမျိုးသမီးသရုပ်ဆောင်တစ်ဦး ဆေးလိပ်သောက်ပြသည်ကို
တော်တော်ကြာကြာဝေဖန်ခဲ့ဖူး ကြသည်။ သို့သော်လည်းနောက်ပိုင်းတွင်
အကောင်းဝေဖန်သူများရော အဆိုးဝေဖန်သူများပါ စကားသံ တိတ်
ပိတ်သွားခဲ့ကြပေသည်။ အလကားနေရင်း ဝေဖန်နေဖို့ထက် သူတို့ထမင်းအိုးက
ပို၍အရေးကြီးနေ သောကြောင့်ဖြစ်မည်။

ယခုအခါတွင်ကား သာမန်အသည်သားများက ရောက်တတ်ရာရာ ဝေဖန်ကြသည်မဟုတ်မူဘဲ
ကြက်ဆူတော၏ ဆင်လောက်နီးနီး အကောင်ကြီးသည့် အာဝါဒါးပဏ္ဍိတများက Google
ဆိုင်တွင်ထိုင်နေ ရင်း ကြက်ဆူတော၏ မျက်မှောက်ရေးရာများကို နည်းလမ်းတကျ
စည်းကမ်းကျကျ ဝေဖန်ဆွေးနွေးရန် ရောက်လာကြခြင်းဖြစ်ပေတော့သည်။

ထုံးစံအတိုင်းပင် စတုသစ္စမောင်လွမ်းမိုးက စတင်၍ အဖွင့်ဆွေးနွေးလေတော့၏။

” တို့များငယ်စဉ်တုန်းက အရက်သောက်တယ်ဆိုတဲ့အခြေအနေဟာ တကယ်ကို
ရှက်ကြောက်စရာ အခြေအနေမို့ တို့များတွေ အိမ်ထောင်ကျပြီးတောင်
ကိုယ့်ထက်ကြီးသူ ကိုယ်လေးစားရတဲ့သူတွေရှေ့ မ သောက်ရဲလို့
သူတို့အလစ်ကိုချောင်းပြီး ခိုးသောက်ရတာ၊ တွေ့များတွေ့လို့ကတော့
သာမန်လေးစားရတဲ့ ပုဂ္ဂိုလ်မျိုးဆိုရင် နားဗုံးခွဲသလို
ဆူပူလိုက်မယ့်ဖြစ်ခြင်း၊ ဒီထက်ပိုပြီး အထူးလေးစားရတဲ့
တန်းဝင်ပုဂ္ဂိုလ်များနဲ့ တွေ့လို့တော့ နားရင်းလည်းထူ နားလည်းပူဦးမယ်၊
ဒါပေမဲ့ ဂါရဝတရားအရ သူတို့ဆုံးမတာ မှန်နေတော့ တို့များ
ဘာမှပြန်မပြောရဲခဲ့ဘူး”

မောင်လွမ်းမိုးကလေးစကားဆုံးလျှင် ရိုက်စားဘွဲ့ခံ မင်းသက်ခိုင်ကလည်း
ပါဝင်ဆွေးနွေးလေတော့ သည်။

” ခုခေတ် လွတ်လပ်ခွင့်ဆိုတဲ့စကားနဲ့အညီ ရိုက်ကူးပြသကြတဲ့ ကြက်ဆူတော
ရုပ်ရှင် ဗွီဒီယိုကား တွေဟာ လွတ်လပ်ပွင့်လင်းလွန်းလို့ မောင်နဲ့နှမ၊
သားနဲ့အမိ အဖေနဲ့သမီး အတူထိုင်မကြည့်ရဲလောက် အောင်ပါပဲ လွတ်လပ်တာတော့
လွတ်လပ်တာပေါ့၊ တအားကြီးပွင့်လင်းလွန်းတော့ တခြားအနောက်ဘက်က
နှာခေါင်းရှည်တို့ရွာက သတိပေးချက်တွေနဲ့ အသက် (၁၈) ပြည့်ပြီးမှ
ကြည့်ရမယ်ဆိုတဲ့ ကားမျိုးအဆင့် လောက် ရောက်လာတာတော့ နည်းနည်းများသွားပြီ
ဒီပုံအတိုင်းဆိုရင် ကိုယ်တို့ကြက်ဆူတောလည်း ယဉ်ကျေးမှု
တုပ်ကွေးဖြစ်တော့မှာပဲ”

ရိုက်စားလေး၏စကားဆုံးလေသော် ကဗျာဆရာမင်းဆက်မွန်က ဆက်လက်၍ ဆွေးနွေးပြန်လေသည်။

” ဇာတ်ဝင်ခန်းမှာ လိုအပ်လို့ ဆေးလိပ်နည်းနည်းလောက်သောက်ပြတာ ပြဿနာလား
ဒီလိုဆေး လိပ်သောက်ခြင်းအားဖြင့် ဘာဆိုးကျိုးအနေနဲ့ ဘာရောဂါတွေ
ဖြစ်စေမယ်လို့ ဖော်ပြဖို့ ဆက်နွှွယ်ချက်ကိုပြ သဖို့ ဒီဇာတ်ဝင်ခန်းကို
ပြသတာတော့ အဆိုးဘက်ကဝေဖန်တာ လွန်လွန်းတယ်လို့ ကျုပ်ဖြင့်ထင်မိပါရဲ့သူ
ငယ်ချင်းတို့”

ကဗျာဆရာ၏စကား ဆုံးလေသည်နှင့် ထောင့်တစ်ထောင့်မှ အသံတစ်သံထွက်ပေါ်လာ၏။
ထိုအသံသည်ကား အမှားများသူများရွံ့ကြောက်ကြသကဲ့သို့
မှန်ကန်သူများလေးစားသည့် ဆရာချွန်၏အသံဖြစ် သတည်း။

” မောင်ရင်တို့က အရက်နဲ့ ဘီယာမကောင်းချည်းပဲ ပြောမနေနဲ့လေ
အရက်ရောင်းချခွင့်လိုင်စင်ကလည်းပေးထားပုံက ခွေးတွေစည်းမဲ့
ကမ်းမဲ့သားကျထားသလိုပဲ ဒီကြားထဲ နားလည်မှုနဲ့ ရောင်းချတဲ့ဆိုင် တွေလည်း
အများသားပဲကလား၊ နောက်ပြီးကြော်ငြာတွေကလည်း ဘာလိုလိုနဲ့ဆိုတော့ အရက်သောက်
တာက ခုခေတ်အဖို့ အကင်းလောက်ဖြစ်လာပြီ သူ့ထက်ပိုဆိုးတဲ့ မူးယစ်ကိစ္စတွေက
ဒူတာတေးလို ကိုင်တွယ်မှ ရတော့မယ်။ နောက်ပြီး ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့
ရုပ်ရှင်ကားတွေ ဗွီဒီယိုကားတွေမှာလည်း ဒါ ရိုက်တာရဲ့ ပညာဝမ်းစာကလည်း
အရေးပါသကွ၊ တစ်ခေတ်တစ်ခါက အကယ်ဒမီရ ရုပ်ရှင်ကားတစ်ကားမှာ ဇာတ်ဝင်ခန်းအရ
မင်းသားနဲ့မင်းသမီး အနမ်းပေးနေတဲ့အခန်းကိုရိုက်တာ
မင်းသားမင်းသမီးမျက်နှာနှစ်ခုနီး ကပ်သွားတဲ့အခန်းကို အရင်ရိုက်ပြသကွ၊
ပြီးတော့ မင်းသားမင်းသမီးခြေထောက်တွေကို ရိုက်ပြသကွ၊ ပြီး တော့
မင်းသမီးခြေထောက်ကလေး ခြေဖျားထောက်သွားတာလေးကို ဆက်ရိုက်ပြသွားသကွ၊
ဒီလိုယဉ်ယဉ် ကျေးကျေးရိုက်ပြနိုင်ဖို့က ဒါရိုက်တာရဲ့ ပညာနဲ့ ဝမ်းစာ
စာဖတ်ဖို့လည်း အများကြီးလိုတယ်ဆိုတာ ပြသနေ တာပါပဲကွာ၊ ဇာတ်ဝင်ခန်းအရ
လိုအပ်လို့ တစ်ခုခုလုပ်ပြတာ၊ဒါတစ်ခုခုကို မီးမောင်းထိုးပြ ကောက်ချက်ဆွဲပြ
ဖို့ဆိုတာလည်း တို့တွေနားလည်ပေးရလိမ့်မယ်၊ အားလုံးကိုခြုံပြောရရင် တို့တွေ
စာအုပ်တွေကိုပြန်ဖတ်ဖို့လိုနေ ပြီဆိုတာပါပဲကွာ”

ပြောပြောဆိုဆိုဖြင့် အစောပိုင်းက သူဘာမှမပြောခဲ့သလို
လက်ဖက်ရည်ဆိုင်တွင်းမှ လူများကို ကျောခိုင်း၍ ထွက်ခွာသွားလေတော့သည်။

ဆရာချွန်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်