ကွာရှင်းခွင့်၊ ရပိုင်ခွင့်နှင့် ဥပဒေရှုထောင့်

ကျွန်တော်၏ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ ရှေ့နေရုံးခန်းသို့၊ ပညာသင်တပည့်ဖြစ်သူ အထက်တန်းရှေ့နေ ကိုအောင်မြတ်သည် အမှုသည်အမျိုးသမီးတစ်ဦးကိုပါခေါ်လာပြီး ကျွန်တော့်အားအပ်နှံ ပါသည်။ ကျွန်တော်က “ မောင်အောင်ရေ့၊ ဘာဖြစ်ပြန်လို့လဲကွာ၊ ဆရာ့ကိုရှင်းပြပါဦး” ဟုဆိုမှ သူက “ ဒီလိုပါ ဆရာ၊ အခုဒီအမျိုးသမီးက ကျွန်တော့်သူငယ်ချင်းရဲ့ဇနီးသည်ပါ၊ လင်မယားကွာရှင်းလိုမှုနဲ့ကျွန်တော့်ဆီအကူအ ညီတောင်းဖို့ရောက်လာပါတယ်။ သူ့ခင်ပွန်းဟာ သူမရဲ့ခွင့်ပြုချက်မရဘဲ၊ နောက်မယားလည်းယူထားပြီး ၊ အခြားသောမိန်းကလေးများနဲ့လည်းဖောက်ပြန်နေပါတယ်။ နောက်ပြီး သူမကိုလည်းနှိပ်စက်ညှင်းပန်းနေလို့ ကွာရှင်းခွင့်တောင်းထားတာကို သူ့အမျိုးသားကလည်းကွာရှင်းပေးမယ်လို့ပြောပါတယ်၊ ဒါပေမဲ့ သူတို့နှစ်ဦး ပိုင်ပစ္စည်းများကို တစ်ယောက်တစ်ဝက်ခွဲဝေကြမယ်လို့ တောင်းဆိုနေတဲ့အတွက် သူမကလုံးဝမပေးချင်ပါဘူး။ ကျွန်တော့်သူငယ်ချင်းကလည်း ပုံစံမမှန်ဖြစ်နေလို့ ကျွန်တော်ကသူမအတွက်ငဲ့ညှာပြီး ဆရာနဲ့တိုင်ပင်ကြည့်ပါ ဆိုပြီးဆရာဆီကိုအကြံဉာဏ်တောင်းဖို့ ခေါ်လာခဲ့တာပါ” ဟုပြောလည်းပြော၊ အပ်လည်းအပ်ပါတယ်။
ကျွန်တော်က “ အော်..ဒီကိစ္စက၊ လွယ်မယောင်နဲ့နည်းနည်းတော့ခက်မယ်၊ တူမရေ့ ၊ တူမကြီးကိုရော၊ ခင်ပွန်းဖြစ်သူက ရိုက်နှက်နှိပ်စက်ခြင်းပြုသလား” ဟုမေးရာ၊ သူ့အားရိုက်နှက်သည့် ဒဏ်ရာများပင်ပြရင်း ငိုကြွေးပါတော့သည်။ ကိုယ်ခန္ဓာရှိနေရာအချို့တွင်အညိုအမဲပါစွဲနေပါသည်။ ထိုအခါ ကျွန်တော်က ဆက်ပြီး “ ကဲ ကဲ တိတ်ပါကွယ်၊ ငိုမနေပါနဲ့တော့၊ တူမကြီးကလည်း မပေါင်းသင်းချင်ဘူးမဟုတ်လား၊ ခင်ပွန်းကလည်းကွာရှင်းပေးမယ်ပြောတယ်မဟုတ်လား၊ ကွာရှင်းခွင့်လည်းရကြမှာပါ။ ဒါပေမဲ့ နှစ်ဦးပိုင်ပစ္စည်း များခွဲဝေမှုမှာတော့ ပြဿနာလေးတွေရှိနေပါတယ်။ တူမကြီးရဲ့ခံစားနေရတဲ့ ဝေဒနာကို ကြည့်ပြီး အန်ကယ်ပြောပြရမှာပေါ့၊ မောင်အောင်လည်းနားထောင်ထားဦးနော်”
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အိမ်ထောင်ရေးပြစ်မှုကြောင့်ကွာရှင်းပြတ်စဲခြင်းတွင်သာမန်အိမ်ထောင် ရေးပြစ်မှု ၅ မျိုးနဲ့ကြီးလေးသော အိမ်ထောင်ရေးပြစ်မှု ၂မျိုးရှိကြောင်းတွေ့ရှိနိုင်တယ်။
“သာမန် အိမ်ထောင်ရေးပြစ်မှု ၅ မျိုးမှာ (က) ရက်စက်မှု ၊ (ခ) လင်၏ဖောက်ပြန်မှု ၊(ဂ) ဒုတိယမယားယူမှု၊ (ဃ) စွန့်ပစ်မှုနဲ့ ၊ (င) လီဆယ်မှုတို့ဖြစ်ကြတယ်” ။
“ သာမန် အိမ်ထောင်ရေးပြစ်မှုကိုကျူးလွန်လျှင် နှစ်ဦးသဘောတူကွာရှင်းသည့်နည်းတူ ပစ္စည်းခွဲဝေရတယ်လို့ “ မအေးညွန့်နှင့် မောင်တုပ်ဖြူ အမှု၊ ၂။ ယူဘီအာ (၁၈၉၇-၂၀၀၁) ၃၉” စီရင်ထုံးမှာတွေ့နိုင်သလို ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုကိုကျူးလွန်၍ ပစ္စည်းခွဲဝေလျှင် အပြစ်ရှိသူ၌ ပါရင်းပစ္စည်းပါဝင်သည့်နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရသင့်တဲ့ ဝေစုအားလုံးဆုံးရှုံးကြောင်းကို “ ဒေါ်ပုနှင့်မောင်ထွန်းခ အမှု၊ ၁၉၄၆ ခုနှစ် ရန်ကုန်စီရင်ထုံးများ၊ အ-၁၂၅” မှာတွေ့ရနိုင်ပါတယ်”
“ ရက်စက်မှုဆိုရာ၌ကိုယ်ဆင်းရဲခြင်းသာမက၊ စိတ်ဆင်းရဲဖြစ်အောင်ပြုလုပ်မှုလည်းပါဝင်တယ်။ ရက်စက်မှုဆိုသည်မှာ နည်းအမျိုးမျိုး ပုံစံအမျိုးမျိုးနှင့် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဆင်းရဲခြင်းဖြစ်အောင် ရက်စက်မှုပြုကျင့်လျှင်လည်းကွာရှင်းခွင့်ရှိပေတယ်လို့ “ ဦးသိန်းရွှေနှင့် ဒေါ်တင်မြအမှု ၊ ၁၉၇၈ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ အ-၁၁၀” မှာစီရင်ဆုံးဖြတ်ထားတယ်လေ”
ဒါ့ကြောင့်မို့၊ မောင်အောင်ရော၊ တူမကြီးကိုပါ၊ အခုအန်ကယ်ပြောပြမယ့် စီရင်ထုံးက ၊ တူမကြီးရဲ့ဖြစ် စဉ်နဲ့လည်း ကိုက်ညီနေပြီ၊ ဆုံဖြတ်ချက်ကိုလည်းသိချင်လို့ပါ။
“ ဒေါ်မီမီထွန်းနဲ့ ဦးမောင်မောင်လွင် ၊ ၂၀၁၁ ခုနှစ် တရားမအထူးအယူခံမှု အမှတ် ၈၉၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ ၂၀၁၂ ခုနှစ်၊ အ-၄၈” မှာ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ၊ လင်ဖြစ်သူသည်၊ ပထမမယား၏ခွင့်ပြုချက်မရဘဲ ၊ ဒုတိယမယားယူလျှင် ပထမမယား၌ ကွာရှင်းခွင့်ရခြင်းရယ်၊ ကွာရှင်းရာမှာ လင်မယားနှစ်ဦးသဘောတူပစ္စည်းခွဲစေရန်ဖြစ်ခြင်းရယ်၊ လင်ဖြစ်သူကရက်စက်မှု ကျူးလွန်ရာတွင်နောင်တရရ မည့်အစား၎င်းကပင်ကွာရှင်းရန်လိုလားကာ တစ်ကြိမ်မကရက်စက်မှုကိုအကြိမ်ကြိမ်ကျူးလွန်ပါမူကြီးလေးသော ရက်စက်မှုဖြစ်လာပြီးလင်ဖြစ်သူသည်လင်မယားနှစ်ဦးပိုင်ပစ္စည်းတွင် မိမိ၏ဝေစုဆုံးရှုံးမှာဖြစ်တယ်လို့ဆုံးဖြတ် ထားပါတယ်”
“ အမှုရဲ့ဖြစ်စဉ်မှာ၊ ရန်ကုန်တိုင်းတရားရုံး၊ ၂၀၁၈ ခုနှစ်၊ တရားမကြီးမှုအမှတ် ၅၆၈ တွင် ဒေါ်မီမီထွန်းက ခင်ပွန်းဖြစ်သူဦးမောင်မောင်လွင်အပေါ် လင်မယားအဖြစ်မှကွာရှင်းပြတ်စဲပေးစေရန်နှင့် ပစ္စည်းလက်ရောက်ပေးအပ်စေလိုမှု ၊ စွဲဆိုရာ၊ လင်မယားကွာရှင်းခွင့်ဒီကရီနှင့်တရားလို၊ တရားပြိုင်များ လက်ဝယ်ရှိပစ္စည်းအားလုံးအကျိုးခံစားခွင့်အားလုံးကိုဒေါ်မီမီထွန်းလက်ရောက်ရထိုက်ခွင့်ရှိကြောင်း၊ ဒီကရီချ မှတ်ခဲ့ရာဦးမောင်မောင်လွင်က မကျေနပ်၍ တရားရုံးချုပ်(ရန်ကုန်)သို့၊ ၂၀၁၀ ပြည့်နှစ်၊ တရားမ ပထမအယူခံမှု အမှတ် ၁၅၅ ဖြင့်အယူခံတင်သွင်းခဲ့တယ်။ တရားရုံချုပ်က အယူခံမှုကိုတစ်စိတ်တစ်ဒေသခွင့်ပြုပြီး လင်မယားကွာရှင်းခွင့်ပြုသည့်ဒီကရီကိုအတည်ပြုပြီး နှစ်ဦးပိုင်ပစ္စည်းများကို အညီအမျှထက်ဝက်စီခွဲဝေခံစားခွင့် ရှိကြောင်း ပဏာမဒီကရီ ချမှတ်ခဲ့ပါသည်။ ယင်းဒီကရီအပေါ် အထူးအယူခံဝင်ခွင့်ရရှိရန် ဒေါ်မီမီထွန်းက ပြည် ထောင်စုတရားလွှတ်တော်ချုပ်၊ ၂၀၁၁ ခုနှစ်၊ တရားမအထွေထွေ လျှောက်လွှာ(အထူး) အမှတ် ၅၃ တွင် လျှောက်ထားရာ ၊ အောက်ပါပြဿနာကိုအထူးအယူခံခုံရုံးဖြင့် ကြားနာနိုင်ရန် အထူးအယူခံဝင်ခွင့်ပြုပါတယ်”
“ တရားရုံးချုပ်က မူလရုံးတရားပြိုင် ကျူးလွန်သော၊ အိမ်ထောင်ရေးပြစ်မှုကို သာမန်အိမ်ထောင်ရေး ပြစ်မှုအဖြစ်သတ်မှတ်ကာနှစ်ဦးပေါင်းသင်းစဉ်ဖြစ်ထွန်းသည့်ပစ္စည်းအရပ်ရပ်တို့ကို တရားလို၊ တရားပြိုင်တို့ အညီအမျှခွဲဝေခံစားစေရန် ဒီကရီချမှတ်ခဲ့ခြင်းမှာ အမှုတွင်ပေါ်ပေါက်သော သက်သေခံချက်များအရ မျှတ မှန်ကန်မှုရှိမရှိကိုကြားနာဆုံးဖြတ်ကြရန်ဖြစ်ပါတယ်”
“ အယူခံတရားလို ဒေါ်မီမီထွန်းနှင့် တရားပြိုင် ဦးမောင်မောင်လွင်တို့ဟာ ၃.၆.၁၉၉၅ နေ့တွင် လက်ထပ်ထိမ်းမြားပြီး ၂၀.၆.၁၉၉၆ နေ့တွင် သမီးဘရဏီမောင်မောင်ကိုမွေးဖွားခဲ့ပါတယ်။ ဒေါ်မီမီထွန်းကတရားပြိုင်နှင့်ပေါင်းသင်းခဲ့ရာ တစ်လခန့်သာစိတ်ချမ်းသာမှုရပြီး တရားပြိုင်သည် အလွန်ညဉ့် နက်မှ ပြန်လာခြင်း၊ အရက်မူးယစ်လာခြင်း၊ ပြန်မလာသည့်အခါလည်းပြန်မလာခြင်း၊ K T V မှ မိန်းကလေးများနှင့် ရှုပ်ထွေးခြင်း၊ အရက်မူးပြီးပြန်လာသည့်အခါ တရားလိုနှင့် စကားများရန်ဖြစ်ခြင်း၊ တရားပြိုင်၏ တပည့်အားနေအိမ်မှ မနေရန်ပြော၍ ရန်ဖြစ်ပြီးတရားလိုမျက်နှာအားလက်သီးဖြင့်ထိုးခြင်း ၊ ရင်ဘတ်ကိုကန်ကျောက်ခြင်း၊ ထိုသို့ထိုးကြိတ်ကန်ကျောက်သဖြင့် တစ်ကိုယ်လုံးအညိုအမဲစွဲကာဒဏ်ရာများ ရခဲ့ခြင်းတို့ကိုပြုမူခြင်းသာမက နီလာဆိုသူအမျိုးသမီးနှင့်ဖောက်ပြန်ခြင်း၊ အခြားမိန်းကလေးများနှင့် ပေါင်းသင်း နေထိုင်ခြင်းဖြင့် စိတ်ဆင်းရဲစေခြင်းတို့ကြောင့် တရားပြိုင်သည်ကြီးလေးသောအိမ်ထောင်ရေးပြစ်မှု၊ ရက်စက်မှု ကျူးလွန်သူဖြစ်၍ လင်မယားကွာရှင်းခွင့်နှင့်နှစ်ဦးပိုင်ပစ္စည်းများကိုလက်ရောက်ပေးစေသည့်ဒီကရီ ရထိုက်ကြောင်း အဆိုပြုစွဲဆိုခြင်းဖြစ်တယ်”
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၏ မြစ်ဖျားခံရာဓမ္မသတ်ကျမ်းများကိုစိစစ်ရာတွင်ဓမ္မသတ်ကျမ်းများအနက် ဓမ္မ ဓမ္မသတ်မှအပ၊ ကျန်ဓမ္မသတ်များဖြစ်သော ရာဇသတ်၊ ဓမ္မသတ်ကျော်၊ ရာသီနှင့် ကြက်ရိုးဓမ္မသတ်ကျမ်း များ၌ လင်ဖြစ်သူသည် ပထမမယားသဘောမတူဘဲ ဒုတိယမယားယူပါက ၊ ပထမမယားသည် လင်မယားပိုင် ပစ္စည်းအားလုံးကိုရရှိကြောင်းတွေ့နိုင်ပါတယ်”
“ တရားပြိုင် ဦးမောင်မောင်လွင်ဟာ ၊ ဇနီးဖြစ်သူ သဘောမတူဘဲ နီလာဆိုသူမိန်းကလေးနှင့် ဖောက်ပြန်နေထိုင်ကြောင်းကို ဖမ်းဆီးရမိသည့် ဒုတပ်ကြပ် ဦးဌေးနိုင်၊ တပ်ကြပ်ကြီးစန်းရွှေတို့ဖြင့်၎င်း၊ နော်လူး ဝစ်ဆိုသူကရင်အမျိုးသမီးနှင့် လက်ထပ်ထိမ်းမြားခဲ့ကြောင်းကိုဝန်ခံချက်နှင့်သက်သေများဖြစ်သည့် သိက္ခာတော်ရ ဆရာဦးစောအယ်ထူး၊ နော်လူးဝစ်၏ ဖခင် ဦးစောအော်လေးဘယ်လ် တို့ဖြင့်၎င်း ထင်ရှားပေါ် ပေါက်နေပါသည်။”
“ ထို့ကြောင့် တရားပြိုင်သည် တရားလိုသဘောမတူဘဲ ၊ ဒုတိယမယားယူခြင်း အမျိုးသမီးငယ်များနှင့် အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ကိုပြုမူခြင်းသည် ဇနီးမယားဖြစ်သူအပေါ်မှာစိတ်ဆင်းရဲခြင်းဖြစ်စေသည့် ရက်စက်မှုကိုပြုကျင့်ခြင်းဖြစ်သည်”။
“ စကားများရန်ဖြစ်သည့်အခါတွင် ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်းတို့သည်လည်း ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဖြစ်စေသော ရက်စက်မှုများပင်ဖြစ်သည်။ တရားလိုသည် စိတ်ဝေဒနာပါခံစားနေရပြီး စိတ်ရောဂါ အထူးကုဆရာဝန်ဒေါက်တာညွန့်သန်းနှင့် ကုသမှုခံယူနေရကြောင်းတွေ့ရတယ်။ ထိုကဲ့သို့ အကြိမ်ကြိမ်ရက်စက်မှု ကျူးလွန်ကြောင်းကိုလည်း တိုင်းတရားရုံးကရော၊ တရားရုံးချုပ်ကပါလက်ခံကြောင်းတွေ့ ရပါတယ်”
သို့ဖြစ်၍ ဤအထူးအယူခံခုံရုံးဖြင့် ကြားနာခဲ့သောပြဿနာကို ဖြေဆိုရလျှင်တရားရုံးချုပ်၏ နှစ်ဦးပိုင်ပစ္စည်းအရပ်ရပ်ကို တရားလို၊ တရားပြိုင်တို့အညီအမျှ ခွဲဝေခံစားမှုအားခွင့်ပြုကာ၊ တရားရုံးချုပ်၏ စီရင်ချက်နှင့် ဒီကရီကိုပယ်ဖျက်လျက် ရန်ကုန်တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကိုစရိတ်နှင့်တကွပြန်လည် အတည်ပြုကြောင်းဆုံးဖြတ်ခဲ့ပါတယ်”
“ အဲဒါကြောင့် တူမကြီးအနေနဲ့၊ အခုသိသွားရတဲ့စီရင်ထုံးအတိုင်း ကွာရှင်းခွင့်နဲ့ နှစ်ဦးပိုင်ပစ္စည်းလက်ရောက်ရလိုမှုကိုတရားစွဲဆိုရပါလိမ့်မည်။ မောင်အောင်နဲ့ပဲဆက်လက်ဆောင်ရွက်ကြပါ။ လိုအပ်တဲ့အခါ အန်ကယ်လည်းအကူအညီပေးပါ့မယ်” ဟုပြောသဖြင့် ကိုအောင်မြတ်အနီးမှာလာစဉ်ကကဲ့သို့မ ဟုတ်တော့ဘဲ တက်ကြွရွှင်လန်းကာ ပြန်သွားပါတော့သည်။
ကြယ်နီလေး(ဥပဒေ)

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်