ဒူးဆစ်အရိုးနုပါးခြင်း၊ ယိုယွင်းပျက်စီးခြင်းနှင့် ကုသခြင်း

အသက် ၅၀ နောက်ပိုင်းတွင် ၂၅% သောသူတို့သည် ဒူးနာခြင်း ပြဿနာ နှင့် ကြုံတတ်လေ၏။ ဒူးအဆစ်ရိုးနုရောင်ရမ်းခြင်း၊ ဒူးဆစ်အရိုးနု ပါးခြင်းသည် ဒူးနာခြင်း၏ အဓိက အကြောင်းအရင်းဖြစ်လေ၏။ ဒူးဆစ်အရိုးနု ပါးခြင်းမှ နာကျင်မှု (Knee Osteoarthritis Pain) သည် အရိုးနုပွန်းခြင်းမှ အရိုးနုတဖြည်ဖြည်းပါးလာကာ ပုံမှန် အလေးဒဏ် ခံနိင်အား ကျဆင်းလာခြင်း တို့ကြောင့် ဖြစ်နိုင်ပါသည်။ အရိုးနုသည် နေ့စဉ် အဆစ်လှုပ်ရှားမှု များမှ သက်ရောက်လာသော ဖိအား၊ ဒဏ်အား များကို လျော့နည်းသွားရန် အဖို့ အလွန်အရေးကြီးပါ၏။

Knee osteoarthritis (ဒူးဆစ် အဆစ်ရိုးနုရောင်ရမ်းခြင်း)ကို ဖြစ်စေသည့် အကြောင်းများစွာရှိလေသည်။ အောက်ဖော်ပြပါ osteoarthritis (အဆစ်ရိုးနုရောင်ရမ်းခြင်း) ကိုဖြစ်စေသည့်အကြောင်း တစ်ခု သို့မဟုတ် ပိုမိုရှိပါက အဆစ်ရိုးနုရောင်ရမ်းခြင်း၊ ဒူးဆစ်အရိုးနုပါးခြင်း၊ ယိုယွင်းပျက်စီးခြင်းများ ဖြစ်စေနိုင်ပါသည်။

အသက်အရွယ် ကြီးမြင့်လာသည်နှင့် အမျှ အရိုးနု၏ ပျက်ပြားခြင်း ပိုများလာတတ်၏။ အသက်အရွယ် ၅၀ကျော်က လူအများစုတွင် osteoarthritis (အဆစ်ရိုးနု ရောင်ရမ်းခြင်း) သည် စတင်၍ မကြာခဏ ဖြစ်ပေါ်တတ်သည်။ များသောအားဖြင့် ရောဂါ လက္ခဏာ မထင်ရှားအနည်းသာရှိတတ်၏။ မျိုးရိုးဗိဇကြောင့် အရိုးပုံစံ လုပ်မဟုတ်ဘဲ ဒူးခွင် ဒူးကားခြင်း စသည့် ပုံသဏ္ဌာန် ကြောင့် oseteoarthritis (အဆစ်ရိုးနုရောင်ရမ်းခြင်း)၊ ဒူးဆစ်အရိုးနု ပါးခြင်းများ ပိုဖြစ်စေတတ်၏။ ထိုမှတစ်ဆင့် အရိုးကျီပေါင်းတက်ခြင်း အဆစ်ပျက်ခြင်းများ ဆက်လက်ဖြစ်စေတတ်၏။ဒူးဆစ်သည် ခန္ဓာကိုယ် ၏ အလေးချိန်ကို ထမ်းဆောင်သော အဆစ်ဖြစ်သောကြောင့်အဝလွန်ခြင်းသည် osteoarthritis (အဆစ်ရိုးနုရောင်ရမ်းခြင်း) ၊ဒူးဆစ်အရိုးနု ပါးခြင်းများ ပိုဖြစ်စေတတ်၏။ ဒူးအဆစ်ပေါ်သို့ ကိုယ်အလေးချိန်၏ ဖိစီးမှုသည် ပေါင်ဆစ်ရိုးထက်များပြားလေ၏။ဒူးဆစ် ထိခိုက်ခြင်းမှ ဒူးဆစ်တွင်း အကြော အရွတ် (Ligaments) လခြမ်းပုံ အရိုးနု (Meniscus) အစရှိသည်တို့ ထိခိုက်ပျက်စီးခြင်းတို့ကြောင့် ဒူးဆစ်၏ အရိုးနုတို့ပျက်စီးကာ အဆစ်ပျက်စီးခြင်း တို့ဖြစ်စေတတ်၏။အချိန် ကြာမြင့်စွာ လေးလံသော အလုပ်လုပ်ကိုင်ခြင်း (Heavy work) ၊ ဒူးထောက် အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင်ခြင်း၊ လှေကား သို့မဟုတ် တောင်တက်ဆင်း များပြားသော အလုပ်လုပ်ကိုင်သူများသည် သာမန်သူတို့ထက် အဆစ်ရိုးနု ရောင်ရမ်းခြင်း၊ ဒူးဆစ်အရိုးနု ပါးခြင်းများ ပိုဖြစ်စေတတ်၏။ ပြင်းထန်သော အားကစား သို့မဟုတ် အလေးမ လေ့ကျင့်သူတို့တွင် ဖြစ်နိုင်ခြေ ပိုများ တတ်၏။

အများဆုံးတွေ့ရသော လက္ခဏာတွေကတော့ နာကျင်ခြင်း၊ အဆစ်တောင်းတင်ခြင်း များ နှင့် အဆစ်လှုပ်ရှားနိုင်မှု ကျဆင်းခြင်းတို့ဖြစ်၏။ ဒူးဆစ် အရိုးနုပါးခြင်း ပျက်စီးခြင်း ၏ ဝိသေသလက္ခဏာ နှင့် ရောဂါလက္ခဏာများမှာ အဆစ်တောင့်တင်း ကြပ်နေခြင်း Stiffness ၊နာကျင်မှု Pain ၊ရောင်ရမ်းခြင်း(Swelling)၊ ဒူးဆစ်တွင် အသံထွက်ခြင်း (Creaking)၊ အရိုးကျီးပေါင်းတတ်ခြင်း (Bone Spurs) ဒူးဆစ်၏ ပုံပျက် လာခြင်း (Deformity) ။ဒူးအရိုးနုပွန်းခြင်း ဆိုးဝါးလာသောအခါ ဒူးခွင်ခြင်း အစရှိသည့် အဆစ်ပုံစံ ပြောင်းလဲလာတတ်၏။ ပိုမို ဆိုးဝါးသော သူတို့တွင် ခြေကျင်းဝတ်ဆစ်ပါ ထိခိုက် စေတတ်၏။

ရောဂါ ရှာဖွေစစ်ဆေးခြင်းတွင် ဓာတ်မှန် X-Ray ၊ သံလိုက်ပဲ့တင်ရိုက်ခတ်မှုပုံရိပ် MRI နှင့် ဓာတ်ခွဲ စမ်းသပ်မှုဖြင့် အဆစ်တွင်းရှိ ဒူးဆစ်တွင်းရည် (Synovial fluid) များပြားလာကာ ရောင်နေပါက တတ်ကျွမ်းသော ဆရာဝန်မှ စုတ်ထုတ်ပြီး ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နိုင်ပါသည်။

ပထမအဆင့်တွင် ရောဂါ လက္ခဏာ ပျော့ပြောင်း သော်လည်း စတုတ္ထအဆင့်တွင်မူ ရောဂါလက္ခဏာ ပြင်းထန်ကာ ခွဲစိတ်ကုသရန် အထိ လိုအပ်နိုင်ပါသည်။ အဆင့်တစ်တွင် အရိုးတက် ခေါ် အရိုးကျီးပေါင်း ဒူးတွင်းတွင် အနည်းငယ်သာ ရှိနိုင်ပါသည်။ အဆင့်နှစ်တွင် နာကျင်မှု ပိုများလာတတ်၏။ အဆင့်သုံး ၌ ယင်းအရိုးနုမှ အဆိုပါ ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားလာကာ ဒူး၏ပုံစံ ပြောင်းလဲခြင်း ဒူးခွင်ခြင်းတို့ဖြစ်လာလေ၏။ နာကျင်ကိုက်ခဲမှု ပြင်းထန်လာပြီး တစ်ခါတစ်ရံ ဆေးသောက် သော်လည်း မသက်သာဖြစ်တတ်၏။ အဆင့်လေး တွင် လမ်းလျှောက်ခြင်းပင် ခက်ခဲလာတတ်၏။ အရိုးနုများ လုံး၀ ပျက်စီးသွားကာ အရိုးချင်းပွတ်တိုက်မှု ကြောင့် လွန်စွာ နာကျင်ခြင်း ဖြစ်တတ်၏။ ဒီအဆင့်သည် များသောအားဖြင့် ခွဲစိတ်ကုသမှု တစ်ခုတည်းသောရွေးချယ်စရာ ဖြစ်နေတတ်ပါ၏။

အဆစ်မှန်ပြောင်း ကုသခြင်း Arthroscopic surgery တွင် ဒူူးဆစ်တွင်း မှန်ပြောင်းဖြင့် ကုသခြင်းသည် ကမ္ဘာပေါ်တွင် လက်ရှိအသုံးများသော ကုထုံးနည်း တစ်ခုဖြစ်လေ၏။ စာရင်းအင်းအရ တစ်နှစ်လျှင် ၂သန်းခန့်ရှိလေသည်။ အများစုမှာ တိုးတက်ပြီးသော တိုင်းပြည်တို့တွင် များပြားလေ၏။ ထိုကြောင့် အသက်၅၀ကျော်လျှင်ဒူးခေါင်းနှင့်အရိုးအကြောများကိုဂရုစိုက်ရန်လိုအပ်ကြောင်းအသိပေးအပ်ပါသည်။

ဒေါက်ဦး(မွန်)

Leave a Reply