သတိ

(လျှပ်စစ်ကြောင့် မီးလောင်မှုနှုန်း သိသာစွာမြင့်တက်နေသည်)

နတ်မှော်သည် သံလွင်မြစ်ကမ်းကို မေးတင်ထားသော သာတောင့်သာယာ ကျေးရွာလေး ဖြစ်သည်။
ဘီလူးကျွန်းဒေသ ကျေးရွာအုပ်စု ၄၆ ခုအနက် တစ်အုပ်စု အပါအဝင်။
နတ်မှော်ရွာထိပ် သံလွင်မြစ် ကမ်းနဖူးဘက်မှ မြစ်ပြင်ကိုကျော်လျက် ဝဲဘက်စွန်းစွန်းဆီ မျှော်ကြည့်လိုက်လျှင် ဘီလူးကျွန်းတံတား(ချောင်းဆုံ)နှင့် အတူ မော်လမြိုင်ဘက်ကမ်းကို လှမ်းမြင်နေရပြီး တောင်ပြာတောတန်းညို့ညို့ ရစ်ဝိုင်းနေသည်။


ရွာတွင်းရွာပြင်မှာလည်း ကျေးလက်ရှုခင်းအဖုံဖုံနှင့် တင့်မောနေကြောင်း ရောက်ဖူးသူတိုင်း ကိုယ်တိုင်ကိုယ်ကျ ရှုမြင်သိရှိနိုင်ကြမည်ဖြစ်သည်။ ရွာသူရွာသားတို့မှာ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဒေသထွက်ကုန် သီးနှံတို့အပေါ် အဓိက မှီတည်ပြီး အေးချမ်းသည့် အသိုက်အဝန်းတစ်ရပ်ဟု ဆိုနိုင်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကမူ သံလွင်မြစ်နှင့် ဘေးချင်းယှဉ် ဆောက်လုပ်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ မီးဘေး ကယ်ဆယ်ရေး စခန်း ဆိုင်းဘုတ်တင်လိုက်ရသည်။
“ရွာမှာ နေအိမ် ငါးလုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်။ ပျဉ်ထောင်ပျဉ်ခင်း နှစ်ထပ်အိမ် တစ်လုံး ၊ ပျဉ်ထောင် ပျဉ်ခင်း ဖက်မိုး နှစ်လုံး ၊ ပျဉ်ခင်း ထရံကာ ဖက်မိုး နှစ်လုံး ၊ ပေါင်း ငါးလုံး မီးလောင်ဆုံးရှုံးသွားတယ်။ ကျား ကိုးဦး မ ၁၅ ဦး ပေါင်း ၂၄ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်။ ဒီ ၂၄ ဦးထဲမှာ ပညာသင်ကြားနေဆဲ ကျောင်းသူ ကျောင်းသား ကိုးဦးလည်း ပါတယ်”ဟု နတ်မှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေးက နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ဖြစ်စဉ်ကို ပြန်ပြောပြသည်။
ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၂၁ သိန်းကျော်ဖိုး ရှိခဲ့ကြောင်း ချောင်းဆုံမီးသတ်ဦးစီးဌာနထံမှ သိရ၏။
မီးမှာ တီဗီစင် ပလတ်ခုံ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဟု ဆိုသည်။


မီးစတင်လောင်ကျွမ်းရာ ဦးကျော်ဇင်၏ အိမ်အပြင် ဝဲဘက်ခြမ်းရှိ အိမ်များပါ ကူးစက်လောင်ကျွမ်းခဲ့သည်၊ လူထိခိုက်မှု မရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာန မှတ်တမ်းတွင် ဖော်ပြသည်။
“မီးက မနက် ၁၀ နာရီ ၄၅ မိနစ်မှာ စလောင် တယ်။ ၁၁ နာရီ မိနစ် ၂၀ မှာ မီး ကို ထိန်းနိုင်ခဲ့တယ်’’ ဟုကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ အိမ်ပိုင်ရှင် ဦးကျော်ဇင်ကို မီးပေါ့ဆမှုဖြင့် အရေးယူထားကြောင်း ၎င်းက ဆိုသည်။
“ပေါ့ဆ မီး၊ ရှို့မီးလည်း မဟုတ်တော့ ဒီဖြစ်စဉ်အပေါ် အပြစ်လည်း မတင်ချင်တော့ပါဘူး”ဟု မီးကူး လောင်ကျွမ်းခံရသည့် နေအိမ်တစ်ခု၏ ပိုင်ရှင် ဦးကျော်ကျော်နိုင်က ခေါင်းကုပ်ရင်း ပြောသည်။ သူက ရေးမြို့နယ် ကဗျာကြီး မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသူ မူလတန်းပြဆရာ ဖြစ်သည်။ အခင်းဖြစ်ပွားသည့် နေ့က ချက်ချင်းပြန်လာခဲ့သဖြင့် တာဝန်ကျရာ ကျောင်းကို ယာယီ ပစ်ခွာလာရကြောင်း ပြောပြသည်။
နေအိမ်နှင့်အတူ ကျောင်းစာအုပ်များပါ မီးသင့် ဆုံးရှုံးသွားခဲ့ရသူ ဒသမတန်းကျောင်းသား မောင်မင်းအောင်စိုးက “မီးက အရမ်းမြန်တယ်၊ လောင်တုန်းက ကျောင်းမှာပါ။ အိမ်ပြန်လာတော့ ဘာဆိုဘာမှ မရှိတော့ဘူး”ဟု ပြောသည်။ သူက စာသင်နှစ် တစ်နှစ်တာအတွင်း မှတ်စုစာအုပ်များကို ပြန် နှမြောတ သ နေသည်။ ကျောင်းမှာ သင်ရိုးကုန် အပြီးအပြတ် သင်ကြားပြီးချိန်မို့ သင်ခန်းစာ အပြည့်အဝ မှတ်စု ပြန်ရယူရန် စာမေးပွဲရက်ဆီ လက်ချိုးရေတွက်ရင်း သူ အကြံထုတ်နေသည်။


‘မိတ္တူ ပြန်ကူးပေါ့’ဟု သူ့ကို အကြံပေးတော့ “မိတ္တူပြန်ကူးရုံနဲ့ ပြန်မရတော့တဲ့ သင်ခန်းစာ မှတ်စုတွေလည်း ရှိသေးတယ်၊ အဲဒီလောက်တော့ အစားထိုးရ မလွယ်ပါဘူး”ဟု သူက တွေးတွေးဆဆ ဆိုသည်။
၂ တန်းကျောင်းသား ၂ ဦး၊ သူငယ်တန်းနှင့် မူကြို တက်နေသည့် ကလေးငယ် ၃ ဦးအတွက်ထက် ဆယ်တန်းကျောင်းသား တစ်ဦး၊ ၇ တန်း တစ်ဦး၊ ၄ တန်း နှစ်ဦးအတွက် အခက်ကြုံနိုင်ကြောင်း ကျောင်းဆရာ ဦးကျော်ကျော်နိုင်က မှတ်ချက်ပြုသည်။
လက်ရှိအချိန်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကာ ငွေနှင့် ပစ္စည်း ထောက်ပံ့မှုများ ရှိထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ဆိုသည်။
ဦးကျော်ကျော်နိုင်က သူ ခေတ္တ ပစ်ခွာထားခဲ့သော ကဗျာဝကမ်းခြေအနီးရှိ စာသင်ကျောင်းဆီ အမြန်ပြန်ပြေးနိုင်ရန် ဇာတိရွာရှိ မီးသင့်နေအိမ်ကို အမြန် ဖြိုဖျက် ရှင်းလင်းနေသလို ဆယ်တန်းကျောင်းသား မောင်မင်းအောင်စိုးက သူ့မှတ်စုစာအုပ်များ အစားထိုးဖြည့်စွက်နိုင်ရေး စိတ်လောနေသည်။
မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရသည့် မီးသင့်ဆုံးရှုံးခဲ့သော နေအိမ်အသစ် ပြန်လည်တည်ဆောက်နိုင်ချိန်ကို သူတို့ မခန့်မှန်းနိုင်သေးချေ။


ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၂၁ သိန်းကျော် စာရင်းရှိသော်လည်း ၄၂ သိန်းနှင့်ပင် အစားထိုးရန် ခက်နေသော ထိခိုက်ဆုံးရှုံးမှုအတွက် သူတို့ သက်ပြင်းချ ခေါင်းကုပ်နေကြသည်။
“တီဗီစင် ပလတ်ခုံ အပူလွန်ကဲလို့ လျှပ်စစ်ကြောင့် လျှပ်စစ်ကြောင့်”ဟု ဦးမြင့်အေးက အသံ ဖြည်းဖြည်းလေးလေးနှင့် နောက်တစ်ကြိမ် ပြန်ရေရွတ်လိုက်သည်။
နတ်မှော်အပါအဝင် အဆိုပါမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးကလည်း ယခုလို တိုက်တွန်းဆော်သြစကားဆိုသည်။
“အရင်က သာမန်ပေါ့ဆမီး ၊ ရှို့မီးတွေလောက်ပဲ ရှိတယ်။ အခုဆိုရင် လျှပ်စစ်မီးသုံးစွဲမှုကြောင့်လည်း မီးလောင်ဆုံးရှုံးမှုတွေ ရှိလာတဲ့အတွက် ကာကွယ်တားဆီးရေးနဲ့ အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ရမှာ ဖြစ်တယ်။ ကာကွယ်တားဆီးရေးအပိုင်းမှာ သုံးစွဲတဲ့ လျှပ်စစ်ပစ္စည်းတွေ အရည်အသွေးပြည့်ဝဖို့ လိုတယ်။ စနစ်တကျ သုံးစွဲတတ်ဖို့ လိုတယ်။ ပညာပေးလုပ်ငန်းအပိုင်းမှာ သုံးစွဲတဲ့အခါ ရှောင်ရန် ဆောင်ရန်တွေ အသိပညာပေးဖို့ လိုတယ်” ဟူ၍။
==
“ဝါယာရှော့ခ်အပါအဝင် လျှပ်စစ်မတော်တဆမှုကြောင့် မီး စ လောင်တာက ခု နောက်ပိုင်း ပိုအဖြစ်များလာတယ်၊ ပြောရရင် ပေါ့ဆမီး ဖြစ်စဉ်အရေအတွက်နဲ့တောင် သိပ်မကွာဘူး”ဟု မော်လမြိုင်ခရိုင် မီးသတ်ဦးစီးမှူး ဦးရဲအောင်က မှတ်ချက်ပြုသည်။
မော်လမြိုင်ခရိုင်တွင် ယမန်နှစ် ၂၀၁၇ က လျှပ်စစ် မတော်တဆကြောင့် မီးလောင်ကျွမ်းမှု ၁၃ ကြိမ်၊ ပေါ့ဆ မီး ၁၃ ကြိမ်၊ ရှို့မီး သုံးကြိမ်၊ မီးဖိုမီး လေးကြိမ် ဖြစ်ပွားခဲ့ကြောင်း ခရိုင် မီးသတ် ဌာနမှတ်တမ်းအရ သိရသည်။ အလိုအလျောက် မီး လောင်ကျွမ်းမှုဖြစ်စဉ် မရှိခဲ့သော်လည်း ကား မီးလောင်မှုဖြစ်စဉ် နှစ်ကြိမ် ရှိခဲ့ကြောင်း ဦးရဲအောင်က ဖြည့်စွက်ပြောသည်။
ယခု ၂၀၁၈ နိုဝင်ဘာ လကုန်ရက်နီး ကာလအထိ လျှပ်စစ်မီး ကိုးကြိမ်၊ ပေါ့ဆမီး ၁၃ ကြိမ်၊ အလိုအလျောက် မီး တစ် ကြိမ်၊ ရှို့မီး ငါးကြိမ် ဖြစ်ပွားထားကြောင်း သိရသည်။
ယင်း ၂နှစ်တာ ကာလအတွင်း မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးချင်း နှိုင်းယှဉ်သော် ငါးဆ ခန့် ကွာဟ မြင့်တက်လာကြောင်း စာရင်းများတွင် တွေ့ရသည်။
ယမန်နှစ်က ၃၂၆ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ပြီး ယခု ၂၀၁၈ နှစ်မကုန်မီ တစ်လအလိုတွင် တစ်နှစ်တာ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် သိန်း ၁၅၅၀ ကျော်ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူးက ပြောသည်။
“ လျှပ်စစ်ကြောင့်က ဝါယာရှော့ခ်အပြင် လျှပ်စီးပတ်လမ်းတို လို့၊ လျှပ်စစ် ခုန်ကူးလို့၊ ယိုစိမ့်လို့၊ ဓာတ်တိုးလို့၊ တစိတ်တပိုင်း ပြတ်တောက်လို့ စသဖြင့် မီးလောင်စေနိုင်တဲ့ အကြောင်းရင်းခံ အတော်များများ ရှိသေးတယ်”
လျှပ်စစ် မတော်တဆမှုမှတဆင့် မီး စတင်လောင်ကျွမ်းခြင်းကို ပိုမို သတိမူနိုင်ရန် ပို၍ လေ့လာကြစေလိုကြောင်း သူက ဆန္ဒပြုသည်။
ယခု လာမည့် ပွင့်လင်းရာသီတွင် မီးသတ်ဦးစီးဌာနအနေဖြင့် နှစ်စဉ် ပုံမှန် သတိပေး နှိုးဆော်မှု၊ ပညာပေး ဆော်သြမှုများအပြင် လျှပ်စစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် မီးလောင်မှုဖြစ်စဉ် လျော့ကျရေး အစီအမံများပါ ဆောင်ရွက်ဖို့ ရှိနေသည်။ ပူပြင်းခြောက်သွေ့သော ပွင့်လင်းရာသီအမီ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်ခရိုင်တွင် မီးသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ငါးစီး၊ မီးသတ်စက်(ပန့်)ယာဉ် နှစ်စီး၊ အထောက်အကူပြုယာဉ် လေးစီးအပြင် ယခုနှစ်တွင် မီးငြှိမ်းသတ်ရေးယာဉ် တစ်စီး၊ လောင်စာဆီမီးကို ကိုင်တွယ်ငြှိမ်းသတ်နိုင်သည့် အမြှုပ်မီးသတ်ယာဉ် တစ်စီးအပြင် ပိုလန်နိုင်ငံ ODA ချေးငွေအစီအစဉ်ဖြင့် ဝယ်ယူထားသော မီးသတ်ယာဉ်ကြီး တစ်စီးပါ အင်အားဖြည့်တင်းထားကြောင်း သိရသည်။
“မီးဘေးကာကွယ်ရေး အစီအမံတွေအတွက် ကျွန်တော်တို့ဌာနနဲ့ လက်တွဲ ပူးပေါင်းဖို့ကို ဒီထက်မက စိတ်ဝင်စားစေချင်တယ်၊ လေ့လည်း လေ့လာကြစေချင်တယ်၊ သတိလည်း ပိုထားစေချင်တယ်”ဟု ဦးရဲအောင်က တိုက်တွန်းစကားဆိုသည်။ လက်ရှိအချိန်တွင်မူ ယင်းအပိုင်း၌ အားနည်းနေကြသေးကြောင်း ဝေဖန်အကြံပြုသည်။
မီးဘေးအပြင် ရေဘေး၊ သဘာဝဘေးအမျိုးမျိုးအနက် တစုံတရာ သက်ရောက် ကြုံတွေ့ရင်ဆိုင်ရပါက ဖုန်းနံပါတ် ၁၉၁ သို့ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း၊ ဘာပဲဖြစ်ဖြစ် အရောက် လာမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနကိုယ်စား ဦးရဲအောင်က ကတိကဝတ်ပြုခဲ့သည်။
တစ်ဆက်တည်းတွင် ယခုလိုလည်း နှိုးဆော်လိုက်၏။
“မီးဘေးဆိုတာ မဖြစ်အောင် တားဆီးလို့ မရရင်တောင် အဖြစ်နည်းအောင် လျှော့ချဖို့ နေ့စဉ်သုံး လျှပ်စစ်ပစ္စည်းတွေကို အထူးသတိပြု ကိုင်တွယ်ကြပါ” ဟု ဆိုလေသည်။ ။

လွတ်လပ်မောင် (ယက္ခမြေ)

(မှတ်ချက်။ ။ အသုံးပြု ဖော်ပြထားသော ဓာတ်ပုံများမှာ နတ်မှော္ကျေးရွာဖြစ်စဉ်သက်သက်သာ မဟုတ်ဘဲ အခြားသော ဖြစ်စဉ် မှတ်တမ်းပုံများကိုပါ ဆိုရှယ်မီဒီယာထက်မှတဆင့် ပြန်လည်ဖော်ပြထားခြင်း ဖြစ်ပါသည်။)

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်