အောက်ခြေအဆင့် ပေါင်းစည်းရေး ခြေလှမ်း

မွန်နိုင်ငံရေးပါတီ ပေါင်းစည်းရေး ရေချိန်
==
မွန်နိုင်ငံရေး အင်အားစု အစုအဖွဲ့ သုံးခု၏ ပေါင်းစည်းခြင်းမှာ ယခုဆိုလျှင် နှစ်လခွဲ အချိန်သို့ ရောက်ရှိခဲ့ပြီ ဖြစ်၏။

ယင်းမှာ အစုအဖွဲ့ သုံးခုဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ AMDP ၊ မွန်အမျိုးသား ပါတီ MNP နှင့် မွန်ကိုယ်စားပြု ပါတီ တည်ထောင်လိုသူအစုအဖွဲ့တို့၏ ပေါင်းစည်းခြင်း ဖြစ်သည်။

ထို အစုအဖွဲ့ သုံးခုသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်က ပေါင်းစည်းကြောင်း လက်မှတ်ရေးထိုး၍ မွန်ပါတီ အမည်သစ်ကို မွန်ပြည်သူထံ ချပြ ရှင်းလင်းထား၏။

ပေါင်းစည်းထားသော မွန်ပါတီ၏ ပထမအကြိမ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နိုဝင်ဘာ ၃ ရက်က မော်လမြိုင်မြို့ရှိ ပိုင်ခေတ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၅၁ ဦး တက်ရောက်ခဲ့ကာ ပါတီအနေဖြင့် ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် သုံး ရပ်ကို ချမှတ်ထားသည်။

ယင်းတို့မှာ ပြည်တောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ရန်၊ ပါတီဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရန် နှင့် မြို့နယ်အဆင့် နှစ်ပါတီ ပေါင်းစည်းရန်အတွက် မြို့နယ် ၁၈မြို့နယ်တွင် ဒေသ ၆ခုခွဲကာ လုပ်ဆောင်သွားရန် ဖြစ်သည်။

ထိုလုပ်ငန်းစဉ်များ အနက် ကော်မရှင်သို့ မှတ်ပုံတင်နိုင်ရန် နှစ်ပါတီ ပေါင်းစည်းကြောင်း တင်ပြထားပြီး ဖြစ်သည့်အပြင် ပါတီ ဖွဲ့စည်းပုံ မူကြမ်းကိုလည်း နိုဝင်ဘာ ၂၄ ရက်က အတည်ပြုနိုင်ခဲ့သည်။

သို့သော် အောက်ခြေအဆင့် ပေါင်းစည်းရေးမှာ လုပ်ဆောင်ရန် ကျန်နေသေးသည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး မွန်ပါတီ၏ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ယခုလို ပြောဆို၏။

“ကျွန်တော်တို့က အောက်ခြေမြို့နယ်ပါတီတွေ ပေါင်းစည်းရေးကိုတော့ ကျွန်တော်တို့ ဒေသ ၆ခုခွဲပြီးတော့ တာဝန်ခွဲဝေပေးထားတယ်။ သက်ဆိုင်ရာတာဝန်ကျတဲ့ အုပ်စုတွေ၊ အဖွဲ့တွေက ဇန်နဝါရီလအကုန် နောက်ဆုံးထားပြီး ကိုယ့်မြို့နယ်တွေကိုဆင်းပြီးတော့ မြို့နယ်ပေါင်းစည်းရေးကိစ္စကို ဆောင်ရွက်သွားရမယ်”ဟု ၎င်းက ဆိုသည်။

အောာက်ခြေအဆင့် ဖြစ်သော မြို့နယ်အဆင့်နှင့် ကျေးရွာအဆင့် ပေါင်းစည်းရေးအတွက် ဒီဇင်ဘာနှင့် ဇန်နဝါရီ နှစ်လ သတ်မှတ်ထားကြောင်း ၎င်းက ပြောဆိုသည်။

“အောက်ခြေပေါင်းစည်းခွင်ကတော့ ဗဟိုအဆင့်ပေါင်းစည်းရေးမူအတိုင်းပဲ ဆက်ပေါင်းသွားမှာပါ။ တချို့မြို့နယ်တွေကျတော့ဗဟိုရဲ့ ပေါင်းစည်းရေးမူအတိုင်း ပေါင်းစည်းဖို့ အခက်အခဲဖြစ်မယ်ဆိုရင်တော့ သက်ဆိုင်ရာမြို့နယ်နဲ့ ဗဟိုက စေလွှတ်လိုက်တဲ့ အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ပူးပေါင်းသွားဖို့ရှိပါတယ်”ဟု နိုင်လယိတမက ပြော၏။

ယင်းအတွက်လည်း အောက်ခြေအဆင့် ပေါင်းစည်းရေးအတွက် လုပ်ငန်း ကော်မတီ အစည်းအဝေးကို ဒီဇင်ဘာ ၉ ရက်၌ ကျင်းပသွားမည်ဟု မွန်ပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ဆိုသည်။

“ဒီအစည်းအဝေးမှာ အောက်ခြေအဆင့် ပေါင်းစည်းရေးကို ဘယ်လို ဆောင်ရွက်ကြမလဲဆိုတာ အသေးစိတ် ဆွေးနွေးဖို့ ရှိတယ်”ဟု ၎င်းက ပြောသည်။

ယင်းအပြင် မွန်ပါတီ ပေါင်းစည်းခြင်း အောက်ခြေအထိ ရောက်ရှိစေရန်အတွက် မြို့နယ်၊ ကျေးရွာ အသီးသီးရှိ ပါတီများကို မြို့နယ်အလိုက် အဖွဲ့များ ပြန်လည်ဖွဲ့စည်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်စံတင်က ဆို၏။

“ကျွန်တော်တို့ ပါတီက ပေါင်းပြီးဆိုတော့ ရှေ့ဆက် ပါတီ မှတ်ပုံတင်ဖို့လုပ်မယ်၊ အောက်ခြေပါတီတွေ ပေါင်းစည်းဖို့အတွက်လည်း မြို့နယ်အလိုက် ပြန်ဖွဲ့လိုက်တယ်၊ ကျွန်တော်တို့ အပေါ်မှာပဲ ပေါင်းတာလေ၊ မြို့နယ်တွေ၊ ကျေးရွာတွေမှာ မပေါင်းရသေးဘူးလေ”ဟု ၎င်းက ပြောသည်။

မြို့နယ်အတွင်းရှိ ပါတီအဖွဲ့များနှင့် ဆွေးနွေး ညှိနှိုင်းကာ ပါတီပေါင်းစည်းရေး လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

မွန်ပါတီ၏ အောက်ခြေအဆင့် ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး မွန်ပြည်သူ မိထောကေချမ်းက ယခုလို မှတ်ချက်ပြူ၏။

“အခုက သူတို့က လုပ်ဆောင်ချက်အနေနဲ့ ဘာမှမပြရသေးတဲ့အတွက် ဘာမှမသိသေးဘူး။ အဲလိုမြင်တာပေါ့နော်။ သူတို့ ဘာလုပ်နေလဲဆိုတာ ကျွန်မတို့ သိပ်မသိသေးဘူးနော်။ အခုက ပေါင်းစည်းပြီလား တကယ်ရော ပေါင်းစည်းပြီးလား ကျွန်မတို့က မသေချာဘူးပေါ့နော်”ဟု ဆိုသည်။

ယင်းအပြင် မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်ညှိနှိုင်းရေးမှူး မင်းအောင်ထူးက

မွန်ပါတီအနေနဲ့က တစ်ဖက်မှာက ဖြည်းဖြည်းနဲ့ မှန်မှန်သွားနေတဲ့အခါကျတော့ နည်းနည်းတော့ အားမလိုအားမရဖြစ်မိတဲ့အပိုင်းပေါ့၊ ဒါက ကျွန်တော် တစ်ဦးတည်း အမြင်ပါ”ဟု ၎င်းက ဆိုလေသည်။

ထို့ကြောင့် ၂၀၂၀ မတိုင်ခင် မွန်ပြည်သူများ ယုံကြည်မှု ပြန်ရှိလာအောင် ကြိုးစား တည်ဆောက်ရမည့်အပြင် လုပ်သည့် လုပ်ငန်းစဉ်များကို အမြန် အကောင်အထည် ဖော်ဖို့ လိုကြောင်း ၎င်းက အကြံပြုပြောဆိုသည်။

မွန်ပါတီအနေဖြင့် မွန်အမျိုးသမီး ပါတီ ပူးပေါင်း ပါဝင်လာရေးအတွက် လုပ်ဆောင်ရန် ကျန်နေသေးသည်ဟု မင်းအောင်ထူးက ဆိုသည်။

ထိုအခြေအနေကို နိုင်လယိတမက မွန်အမျိုးသမီးပါတီနှင့် လတ်တလောတွင် တွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်းနှင့် ပါတီ တရားဝင် ဖြစ်ရေးအတွက် ကြိုပမ်းနေကြောင်း ပြော၏။

“ကျွန်တော်တို့က ပါတီမှတ်ပုံတင်တာပြီးမှ ပါတီအခြေခံစည်းမျဉ်းက တရားဝင်ဖြစ်လာမယ်။ တရားဝင်ဖြစ်လာမှပဲ ကျွန်တော်တို့ ပါတီဝင်တွေကို ပြည်သူကို ချပြဖို့ အခြေအနေပေးမှာပေါ့”ဟု၎င်းက ဆိုလေသည်။

ထိုက်ထိုက်၊ စန္ဒာဉာဏ်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်