ချို့တဲ့မှုကိုတွေ့ပြီ အဖြေရှာဖို့သင့်၏

ပြီးခဲ့သည့် သီတင်းပတ်အတွင်း စိတ်ဝင်စားဖွယ် စစ်တမ်းတစ်စောင် ထွက်ပေါ်လာခဲ့သည်၊ ယင်းမှာ မြန်မာနိုင်ငံ၏ ရှုထောင့်နယ်ပယ်စုံ လူမှုဘဝဖူလုံရေး (Multidimensional Welfare in Myanmar)အစီအရင်ခံစာဟု ဆို၏။

ပြည်သူ့အင်အားဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းရေးသားပြုစုသည့် အဆိုပါအစီရင်ခံစာ ထုတ်ပြန်ကြေညာခြင်း အခမ်းအနားကို ဒီဇင်ဘာ ၄ ရက်နေ့က နေပြည်တော်ရှိ Hotel Max ၌ ကျင်းပခဲ့သည်။

ယခင်ကလေ့လာခဲ့ခြင်းမရှိသေးသည့် အချက်အလက်များကို အသုံးပြု၍ မျက်မှောက်ခေတ် လူမှုဘဝဖူလုံရေးကို ပထဝီနယ်နိမိတ်အလိုက် ပြုစုတင်ပြထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ အခြေအနေများနှင့် စပ်လျဉ်းသည့် အချက်အလက်များကို ပံ့ပိုးပေးနိုင်သည့် ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကို အခြေခံ၍ ပြုစုထုတ်ပြန်လိုက်သော အစီအရင်ခံစာဟုလည်း သိရသည်။

အိမ်ရာကဏ္ဍအပြင် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ ရေနှင့်မိလ္လာ၊ အိမ်အသုံးအဆောင်ပစ္စည်းများဆိုင်ရာ အညွှန်းကိန်းများ ပါဝင်သည်။

စစ်တမ်းအရ မွန်ပြည်နယ် လူဦးရေ၏ ၈၃ ဒသမ ၄ ရာခိုင်နှုန်းမှာ ချို့တဲ့မှု တစ်ခု မဟုတ် တစ်ခု ကြုံတွေ့နေရသည်ဟု ဖော်ပြထားပြီး
၁၆ ဒသမ ၆ ရာခိုင်နှုန်းသာ ချို့တဲ့မှု အညွှန်းကိန်း ခြောက်ခုစလုံးမှ လွတ်ကင်းနေသည်။

အဆောက်အဦချို့တဲ့မှုှုတွင် မွန်ပြည်နယ်သည် အဆင့် ၅ တွင်ရှိပြီး မီးအလင်းရောင် ချို့တဲ့မှု၌ အဆင့် ၆ တွင် ရပ်တည်နေသည်။

မွန်ပြည်နယ်လူဦးရေ ၁ ဒသမ ၉၅ သန်း၏ ၄ဝ ရာခိုင်နှုန်းခန့်သည် အဆောက်အဦချို့တဲ့မှုနှင့် ၃၄ ရာခိုင်နှုန်းခန့်သည် မီးအလင်းရောင်ချို့တဲ့မှုကို ကြုံတွေ့နေရခြင်းပင်။

မွန်ပြည်နယ်သည် အိမ်ရာကဏ္ဍတွင် ချို့တဲ့မှုအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ အလုပ်အကိုင်ချို့တဲ့မှုဖြစ်သည်။ ထို့နောက် ပညာရေး၊ အသုံးအဆောင်ပစ္စည်းနှင့် ရေနှင့်မိလ္လာကဏ္ဍတွင် ချို့တဲ့မှု အများမှ အနည်းသို့ အစဉ်လိုက်ရှိနေပြီး ကျန်းမာရေးကဏ္ဍတွင် ချို့တဲ့မှုအနည်းဆုံးဖြစ်သည်။

ယင်းစာတမ်းမှာ ပြည်သူများ အခြေခံ လိုအပ်ချက်ပြည့်၊ မပြည့် စစ်ဆေးသည့်နည်းဖြင့် မြန်မာနိုင်ငံရှိ လူမှုဘဝဖူလုံရေးကို ရှုထောင့်ပေါင်းစုံမှ ချဉ်းကပ်ကာ စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်ဟု ဆိုသည်။

လေ့လာတွေ့ရှိချက် စစ်တမ်းတို့မည်သည် ရလဒ်များဖြစ်သည့်အပြင် ရလဒ် အကောင်းအဆိုး လားရာကို ညွှန်းဆိုနိုင်သော အချက်အလက်များအဖြစ် ဟင်္သာက ယုံကြည်ထားသည်။ အားနည်းချက်၊ အားသာချက်တို့ကို တိတိပပ ဖော်ပြနိုင်သည့် စုဆုံမှတ်ဟုလည်း ယူဆပါ၏။

သို့ဖြစ်ရာ ရလဒ်များကို ပိုမိုအခြေခံကျသော ပထဝီဒေသန္တရအုပ်ချုပ်မှုအဆင့်ဖြစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်ထိ ထပ်မံပိုင်းခြား စိတ်ဖြာကြည့်ရှုနိုင်သည်။

ယင်းနောက် ပြည်သူလူထု၏ လူနေမှုဘဝ ပြည့်စုံဖူလုံမှု ပိုမိုတိုးတက်ကောင်းမွန်ရန် မူဝါဒများနှင့် လုပ်ဆောင်မှုများ ပံ့ပိုးကူညီနိုင်ရေးအတွက် အသုံးပြုနိုင်သည်ဖြစ်၏။

ထိုမှတစ်ဆင့် အစိုးရအဆင့်ဆင့်၊ လွှတ်တော်အသီးသီး၊ အဖွဲ့အစည်း အရပ်ရပ်တို့အနေဖြင့် မိမိတို့ ဒေသအတွင်း အားနည်းချက်များ၊ ချို့ငဲ့မှုများ၊ ယိုပေါက်များ၊ ဟာကွက်များကို အသေးစိတ်လေ့လာသိရှိနားလည်ကာ ရှေ့လုပ်ငန်းစဉ်တို့ကို ထင်ရှားရှင်းလင်းစွာ ချမှတ်ဆောင်ရွက်နိုင်ကြပါစေလိုကြောင်း ဟင်္သာက တိုက်တွန်းရေးသားလိုရင်းပင်။

လက်ကျန်သက်တမ်းမှာ ရက်ပေါင်း တစ်ထောင်ပင် မရှိတော့ပြီ မဟုတ်ပါလား။ ။

အယ်ဒီတာ

Leave a Reply