သမ္မတကြီး၏ မိန့်ကြားချက်များ ပြည်သူတို့ထံ အပြည့်မရောက်သေးပါ

နိုင်ငံတော်သမ္မတ ဖြစ်လာအပြီး ၂၅၉ ရက်အကြာ ဒီဇင်ဘာ ၁၄ ရက်တွင် ဦးဝင်းမြင့်သည် မော်လမြိုင်မြို့သို့ ရောက်ရှိလာသည်။

မြန်မာ့သမိုင်းတွင် ၁၀ ဦးမြောက် သမ္မတဖြစ်သူ၏ မွန်ပြည်နယ်ခရီးစဉ်တွင် ပြည်သူအချို့က ပေးပို့သည့် တိုင်ကြားစာမှာ ၇၇ စောင်ရှိကြောင်း တိုင်ကြားစာလက်ခံရေးအဖွဲ့ထံမှ သိရသည်။

ပြည်နယ်အတွင်းရှိ ၁၀ မြို့နယ်အနက် ချောင်းဆုံမှအပ ကျန် ၉ မြို့နယ်က တိုင်စာများ တက်ထားကြောင်း စာရင်းအရ သိရသည်။ မော်လမြိုင်မှ ၂၅ စောင်၊ ပေါင်မြို့နယ်မှ ၂၄ စောင်၊ ဘီးလင်းနှင့် သံဖြူဇရပ်မှ ၆ စောင်စီ၊ သထုံမှ ၅ စောင်၊ ကျိုက်ထိုမှ ၃ စောင်၊ မုဒုံ၊ ကျိုက်မရော၊ ရေးမြို့နယ်တို့မှ ၂ စောင်စီ၊ ပေါင်း ၇၅ စောင်အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး မှလည်း ၁ စောင်စီ တိုင်ကြားစာ လာရောက်ပေးပို့ကြောင်း သိရသည်။

“ပြည်သူတွေ မြင်ချင်တွေ့ချင်တဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင် ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့အတူ မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက် ကတိပြု ပြောကြားအပ်ပါတယ်”ဟု သမ္မတသစ် ကနဦးမိန့်ခွန်းတွင် အခိုင်အမာ ပြောကြားထားခဲ့သည်။

ယင်းနည်းတူ မော်လမြိုင်မြို့သို့ရောက်ရှိလာသည့် အခါတွင်လည်း မွန်ပြည်နယ်ရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်များကို စိတ်ဓာတ်နှင့် လုပ်ပုံကိုင်ပုံများ အမှန်တကယ်ပြောင်းလဲကြရန် အမျိုးမျိုးအဖုံဖုံ အမှာစကား ခြွေပြန်၏။

သို့သော် လက်ရှိအခြေအနေတွင် မည်သို့သော အပြောင်းအလဲများကို ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်သည်ကို ပြည်သူအားလုံး မျက်မြင်ဒိဋ္ဌ သိရှိပြီး ဖြစ်ပေလိမ့်မည်။

မျှော်မှန်းမှုနှင့် လိုလားချက်အတိုင်းအတာ မြင့်မားသော ပြည်သူတို့၏ ဆန္ဒကို မည်သည့်ပမာဏထိ ဖြည့်ဆည်းဆောင်ရွက်နိုင်လိမ့်မည်ကိုကား လက်ကျန်သက်တမ်းဖြင့်သာ သက်သေပြရပေလိမ့်မည်။
သို့သော် လက်ရှိအရှိန်အဟုန်နှင့်တော့ရမည်မဟုတ်သည်မှာသေချာသည်။ ယင်း နည်းတူ တိုင်ကြားစာ ပေးပို့သည်ဖြစ်စေ မပေးပို့သည်ဖြစ်စေ ပြည်သူတစ်ယောက်ချင်းစီ၏ လိုလားချက်ဆန္ဒအားလုံးတို့ တရားဥပဒေစိုးမိုးမှုဆီ ဘုံအားဖြင့် တူညီစွာ ဦးတည်နိုင်ရန်မှာလည်း လက်ရှိအခြေအနေက လုံလောက်မှု မရှိသေး။

သို့ဖြစ်ရာ သမ္မတကြီး၏ လက်ကျန်သက်တမ်းတွင် ပြောင်းလဲမှုနှင့် တရားဥပဒေစိုမိုးမှု ရလဒ်ဆီ ဦးတည် ရှေးရှုနေသည့် နိုင်ငံ့ရှေ့ခရီးအတွက် ခြေလှမ်းများစွာကို ယခုထက်ပိုမို ဆက်လှမ်းနိုင်လိမ့်မည်ဟူ၍ မွန်ပြည်နယ်သူ ပြည်နယ်သားတို့ မျှော်လင့်ကြမည် ဧကန်ဖြစ်ပါကြောင်း။

အယ်ဒီတာ

Leave a Reply