ရှောင်ကြဉ်စရာ အေ့စ်ရောဂါ

နာမည်ကြားရုံနှင့် လန့်စရာကြောက်စရာကောင်းသော ရောဂါများတွင် ခုခံအားကျဆင်းမှုကူးစက်ရောဂါခေါ်သော AIDS (Acquired Immunodeficiency Syndrome) ရောဂါလည်းပါဝင်သည်။ ကုရာဆေးဝါးမရှိသောအခါတွင် ထိုရောဂါဆိုး၏ ဖြစ်ပွားမှုနှုန်းသည်ကြောက်ခမန်းလိလိတိုးတက်လာသည်။

AIDS ရောဂါသည် HIV virus (HIV virus 1 and 2) ဟူခေါ်သော ရောဂါပိုးကြောင့်ဖြစ်သည်။ လူ၏ခန္ဓာကိုယ်မှထွက်သောအရည်များအထူးသဖြင့် သွေး၊ သလိပ်နှင့် သုက်ရည်တို့တွင်အများဆုံးနေထိုင်သည်။ သို့သော် လူ၏ခန္ဓာကိုယ်ထဲတွင်သာရှင်သန်နိုင်သည်။ ပြင်ပအပူချိန်နှင့် ပတ်ဝန်းကျင်တွင် ထိုရောဂါပိုးသည် သုံးမိနစ်ခန့်သာအသက်ရှင်နိုင်သည်။ HIV virus သည် RNA အမျိုးအစား virus ဖြစ်၍ ရောဂါပိုးများကို ခန္ဓာကိုယ်ထဲတွင် DNA အဖြစ်သို့ပြန်ပြောင်းသောရောဂါပိုးအမျိုးအစားဖြစ်သည်။

HIV ပိုးကူးစက်မှု အများဆုံးနည်းမှာ လိင်မှတစ်ဆင့်ကူးစက်ခြင်းနှင့် ရောဂါပိုးရှိသောသွေးသွင်းမိခြင်း၊ ရောဂါပိုးရှိသောသွေးနှင့် မိမိအရေးပြားပေါ်ရှိ ပေါက်ပြဲဒဏ်ရာများနှင့်ထိမိခြင်းတို့ မှကူးစက်တတ်သည်။ ထို့ပြင် ရောဂါပိုးရှိသောကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် သန္ဓေသားငယ်ဆီသို့လည်းကူးစက်တတ်သည်။ ထ့ိုပြင် အကြောသို့ထိုးသွင်းသောမူးယစ်ဆေးဝါးသုံးစွဲမှုတွင် ရောဂါပိုးရှိသောသူအသုံးပြုထားသော ဆေးထိုးအပ်ကိုအသုံးပြုခြင်းမှလည်းကူးစက်တတ်သည်။ ဆေးမင်ကြောင်၊တက်တူးထိုးရာများတွင်လည်း တစ်ခါသုံးအပ်များကိုသုံးစွဲခြင်းမပြုသောအခါတွင် ရောဂါကူးတတ်သည်။

HIV ရောဂါပိုးသည် လိင်မှတစ်ဆင့်ကူးစက်မှုအများဆုံးဖြင့်သည်။ ရောဂါပိုးရှိသောသူနှင့်အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမှ အများဆုံးကူးစက်တတ်သည်။ ထို့ကြောင့် အကာအကွယ်ပစ္စည်းဖြစ်သော ကွန်ဒုံးသုံးခြင်းဖြင့် ကာကွယ်နိုင်သည်။ မပေါက်ပြဲသော၊ ရက်မလွန်သောကွန်ဒုံးကိုစနစ်တကျသုံးစွဲတတ်ရန်လိုအပ်သည်။သို့မှသာထိရောက်သောကာကွယ်မှုကိုရရှိမည်။ HIV ရောဂါအပါအဝင်လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါ အများစုသည် အပျော်အပါးလိုက်စားခြင်းကြောင့်ဖြစ်ရာ မိမိ၏အိမ်ထောင်ဖက်ကိုသစ္စာစောင့်သိ၍ အပျော်အပါးမလိုက်စားခြင်းဖြင့်ကာကွယ်နိုင်သည်။

HIV ရောဂါပိုးသည် ရောဂါပိုးရှိသောသူနှင့်တစ်ကြိမ်တစ်ခါမျှလိင်ဆက်ဆံခြင်းဖြင့်သာ ကူးစက်တတ်သည်ဟု ဆိုကြသည်။ ထို့အပြင် HIV ရောဂါပိုးသည် မျက်စိဖြင့်မမြင်နိုင်သောပိုးဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင် ရောဂါလက္ခဏာပြသခြင်းမရှိဘဲ လူကောင်းပကတိကဲ့သို့ နှစ်ပေါင်းများစွာရှိနိုင်သောရောဂါပိုးဖြစ်သည်။ ထို့ကြောင့် အမြင်ဖြင့် ရောဂါပိုးရှိမရှိဆုံးဖြတ်၍မရချေ။

၁၉၈၈ခုနစ် ဒီဇင်ဘာလတစ်ရက်နေ့ကိုWorld AIDS Day အဖြင့်သတ်မှတ်ခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်ကျော်ပြီဖြစ်သည်။ ဒီဇင်ဘာပထမရက်သတ္တတွင် HIV ရောဂါပိုးအကြောင်း၊ ကူးစက်ပုံ၊ ရောဂါလက္ခဏာများနှင့် ကုသမှုအကြောင်း၊ ကာကွယ်မှုစသော အသိပညာပေးခြင်းများပြုလုပ်ကြသည်။ ဖဲကြိုးနီဖြင့် ရောဂါပိုးကူးစက်ခံရသူများကိုစာနာထောက်ထားသော အမှတ်တံဆိပ်သတ်မှတ်ခဲ့သည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “Know your status?” ဟူသော မိမိကိုယ်ကိုသိပါ ဟူသောဆောင်ပုဒ်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည်လည်း မိမိကိုယ်ကို မိမိလေ့လာဆန်းစစ်၍ ရောဂါပိုးကိုသွေးစစ်သင့်သည်။ မိမိမဟုတ်သောအခြားသူတစ်ယောက်ကို အမြင်ဖြင့် ရောဂါပိုးကင်းစင်ကြောင်း မသတ်မှတ်သင့်ပေ။ သတိဖြင့်ဆင်ခြင်၍ နေထိုင်ကာ ကုရာနတ္ထိဆေးမရှိသေးသော HIV ရောဂါကိုကာကွယ်ကြပါစို့။ ။

ဒေါက်ဦး(မွန်)

Leave a Reply