အနင်းခံ ညမွှေးပန်းများ

သနပ်ခါး ပါးကွက်ကြား အပြည့် လိမ်းခြယ်ထားသည့် မဝေမာမြင့်သည် သူမ ဒီလောကထဲ ဘာကြောင့် ရောက်ခဲ့သလဲဆိုတာ ပြန်လည် တွေးတောနေ၏။

အသားခပ် ညိုညို ကိုယ်လုံး ခပ်တောင့်တောင့်၊ အရပ် မနိမ့်မမြင့် ရှိသော သူမ၏ ခန္ဓာကိုယ်မှာ အားမာန်အပြည့် ရှိနေသည်။

“အစ်မက မိသားစုစားဝတ်နေရေးအတွက် မလှပတဲ့ စုတ်ပြတ်တဲ့ လမ်းထဲကိုရောက်ခဲ့ရတာ” ဟု အသက် ၄၅ နှစ်အရွယ် မဝေမာမြင့် (အမည်လွဲ) က ဆိုလေသည်။

သူမသည် ပြည့်တန်ဆာ အလုပ်ကို ငယ်စဉ်က စိုးစဉ်းမျှ မကြားခဲ့ဖူးပေ။

အသက် ၁၆ နှစ် ငယ်ငယ်ရွယ်ရွယ်တွင် အိမ်ထောင်ကျခဲ့ပြီး အသက် ၂ဝ တွင် ခင်ပွန်းဖြစ်သူ ဆုံးပါးပြီးနောက် ကလေးသုံးယောက်ဖြင့်ကျန်ရစ်ခဲ့သည်။

ယင်းနောက် သားသမီး သုံးယောက်၏ စားဝတ်နေရေး ဖြေရှင်းရန် ပြည့်တန်ဆာ ဘဝကို ခံယူခဲ့ရတော့သည်။

ပြည့်တန်ဆာအဖြစ် မလုပ်မီ ကေတီဗွီ၊ မာဆပ် စသည့် နေရာအစုံတွင်လည်း မိသားစု ဝမ်းရေးအတွက် လုပ်ကိုင်ခဲ့ဖူးသည်။

နောက်ဆုံးတွင် ပိုက်ဆံလည်း ရလွယ်သော ပြည့်တန်ဆာ အလုပ်ကို စားဝတ်နေရေးအတွက် အခေါ်လိုက်သည်မှအစ လမ်းပေါ်တွင် ကိုယ်တိုင်ဖောက်သည်ရှာသည်အထိပင် လုပ်စားခဲ့သည်ဟု မဝေမာမြင့်က ဆိုလေသည်။

ထိုသို့ လုပ်စားစဉ် တစ်ခါတစ်ရံ ဧည့်သည်များက ပိုက်ဆံမပေးသည့်အပြင် ရိုက်နှက်အနိုင်ကျင့်မှုများ ခံခဲ့ရပြီး အသက်အန္တရာယ် ပြုခြင်း၊ ရဲဖမ်းခံရမည်ကို စိုးရိမ်ခြင်းတို့ကြောင့် တိုင်ကြားခြင်း အလျဉ်းမပြုခဲ့ချေ။

“အစ်မတို့က ဘာလုပ်လို့ရမှာလဲ ဖမ်းခံထိမှာစိုးလို့ မတိုင်ဘူးလေ။ အဲတော့ ခဏခဏ ကြုံရတာပေါ့။ အစ်မဆို ဆံပင်ဆောင့်ဆွဲတာ ပါးရိုက်တာလည်း ခံရတယ်။ တိုင်လိုက်ရင် ရဲက ကိုယ့်ကိုအရင်ဖမ်းမှာ။ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အစ်မတို့မှာ အကာကွယ်မရှိဘူး” ဟု ၎င်း၏ ရင်နင့်ဖွယ် အတွေ့အကြုံများကို ပြန်ပြောပြသည်။

ထိုသို့ရုန်းကန်ရင်းဖြင့် အသက် ၃ဝ တွင် နောက်အိမ်ထောင်ပြုခဲ့ပြီး ကလေး နှစ်ယောက် ထွန်းကားခဲ့ပြန်သည်။

“အစ်မယောကျ်ားကလည်း အစ်မကို အိမ်ထောင်ဆက်များတယ်ပဲ သိတာ။ အစ်မ ဒီအလုပ်လုပ်တယ်လို့ မပြောထားဘူး။ မသိတာတောင် တန်ဖိုးမထားဘူး။ အနိုင်ကျင့်တယ်။ စာနာစိတ်မရှိဘူး။ အခုချိန်ထိ အစ်မရဲ့ အိမ်တွင်းရေးမှာ၊ စီးပွားရေးမှာရော အစ်မဘာသာ ကြိုးစားရုန်းကန်ရတယ်။ သားသမီးတွေဖျားလည်း အစ်မပဲ၊ စားဝတ်နေရေး မလုံလောက်လည်း အစ်မပဲ ရှာရတယ်” ဟု ပြောရင်း စီးကျလာသော မျက်ရည်များကို သူမက သုတ်လိုက်၏။

သူမ၏ နောက်ကြောင်းရာဇဝင်ကို ပတ်ဝန်းကျင်မှ သိသွားပါက သားသမီးများ လူမှုအသိုင်းအဝိုင်း၏ ဝိုင်းပယ်ခံရမည်စိုးသောကြောင့် ထိုအလုပ်ကို လုံးဝလူသိခံ၍မဖြစ်ဟု ဆိုလေသည်။

“အစ်မက သားသမီးတွေကို နောက်ဆုံးအချိန်ထိ ပေးဆပ်ရင်းနဲ့ နေသွားမယ်။ အစ်မ ခန္ဓာကိုယ်နဲ့ရင်းပြီး ရှာထားတာတွေကို သားသမီးတွေ လုံလုံလောက်လောက် စားရတယ်ဆို အစ်မကျေနပ်တယ်။ အစ်မရွှေမဝတ်ရရင်နေပါစေ သားသမီးတွေ အဆင်ပြေဖို့လိုတယ်။ အစ်မသေအောင် အလုပ်လုပ်ရလည်း ရတယ်” ဟုအားတက်သရောဆိုသည်။

ပြည့်တန်ဆာလောကထဲ ရောက်လာသူများသည် အိမ်ထောင်ကွဲများ၊ ဖခင်သေဆုံးသွားသဖြင့် မိသားစုတာဝန်ထမ်းနေရသူများဖြြစ်ပီး ရုန်းထွက်ချင်သော်လည်း ငွေကိုလွယ်လွယ်နဲ့ရသောကြောင့် မိသားစုဘဝရပ်တည်ရေးအတွက် အလုပ်ဆက်လုပ်နေရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“Sex Worker တွေကို လုံးဝခွဲခြားမှု မရှိစေချင်ဘူး။ သူလည်း လူထဲကလူတွေပဲ။ မိသားစု စားဝတ်နေရေးအဆင်မပြေလို့ ဒီလောကထဲရောက်လာတယ်။ စီးပွားရေးတစ်ခုအနေနဲ့ သူတို့အလုပ်လုပ်စားတယ်။ ဘယ်သူ့ကိုမှ ပျက်စီးစေချင်တဲ့ ဆန္ဒမရှိတဲ့အတွက် သူတို့ကို ကာကွယ်ပေးစေချင်တာပေါ့” ဟု သူမ၏ ဆန္ဒကိုပြောပြသည်။

မဝေမာမြင့် ကဲ့သို့ ဘဝတူ အမျိုးသမီးတစ်ဦးကိုလည်း ဟင်္သာမီဒီယာမှ တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။

မခင်မေဦး(အမည်လွှဲ)တို့ မိဘများမှာ အစိုးရဝန်ထမ်း(အောက်ခြေဝန်ထမ်း)များ ဖြစ်ကြသည်။ သူမ ကိုးတန်းနှစ်တွင် မိဘများက ကျောင်းဆက်မထားနိုင်၍ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ခဲ့သည်။

ယင်းနိုင်ငံ၌ အလုပ်လုပ်စဉ် အမျိုးသား တစ်ဦး၏ အနိုင်ကျင့်ခံရပြီးနောက် အိမ်ထောင်ကျခဲ့သည်။

အိမ်ထောင်ကျပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သော်လည်း ခင်ပွန်းသည်အသိုင်းအဝိုင်း၏ ဖိနှိပ်မှုကို ခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ်မရခဲ့ချေ။ ထို့ကြောင့် ထွက်ပေါက်အဖြစ် တစ်ဖက်နိုင်ငံသို့ ပြန်သွားခဲ့သည်။ တစ်နှစ်ခန့်အကြာ အိမ်ထောင်နှင့်ကွဲပြီးနောက် မိဘများနှင့် အဆက်အသွယ်ပြန်ရခဲ့သည်။

အဆက်အသွယ် ပြန်ရချိန်တွင် အမေဖြစ်သူမှာ လက်တစ်ဖက် လေဖြန်းရောဂါ ရထားသလို ဖခင်ဖြစ်သူမှာလည်း အစိုးရအလုပ်မှ ထွက်ပြီး ငါးဖမ်းလှေလိုက်ရာမှ အစအန ပျောက်နေခဲ့သည်။

ထို့နောက် မိဘဆီ ပြန်လာခဲ့ပြီး ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်ကာ မိသားစုရပ်တည်ရေး ဖြေရှင်းခဲ့သည်။

“ဒါပေမဲ့ သိတဲ့အတိုင်းပဲ ရိုးရိုးသားသားလုပ်စားတဲ့ ဝင်ငွေဟာ တစ်နေ့သုံးထောင်တောင် ရတာမဟုတ်ဘူး။ အစ်မတို့မိသားစု ဝင်ငွေထွက်ငွေ မမျှတဲ့အခါကျတော့ လိင်လုပ်သား သူငယ်ချင်းတွေနဲ့ ပေါင်းမိသွားတယ်။ အဲဒီကနေစပြီး လုပ်ဖြစ်သွားတယ်” ဟု သူမက ဆိုလေသည်။

ယင်းနောက် ဒုတိယအကြိမ် အိမ်ထောင်ထပ်ပြုခဲ့သော်လည်း ခင်ပွန်းဖြစ်သူ၏ ဝင်ငွေဖြင့် မိဘနှစ်ပါးကို ထောက်ပံ့ရန် မတတ်နိုင်ခဲ့ရုံသာမက နှစ်အိမ်ထောင်စာကို သူမရှာဖွေနေရသည်။

“အစ်မ ပေါ်ပေါ်တင်တင် ရဲရဲတင်းတင်းမလုပ်ရဲဘူး။ ဘာလို့လဲဆိုတော့ အစ်မသမီးလေးရှိတယ်။ အစ်မရဲ့အကျိုးသက်ရောက်မှုက သမီးလေးအပေါ် မရောက်စေချင်ဘူး။ အစ်မတို့က ပျော်လို့လုပ်နေကြတာမှ မဟုတ်တာ” ဟုဆိုသည်။

လူမှုအသိုင်းအဝိုင်းတွင် ၇ဝ ရာခိုင်နှုန်းခန့်သည် လိင်လုပ်သား အမျိုးသမီးများအပေါ် နားလည်မှုမရှိကြောင်း၊ သူမတို့ကို မကောင်းသည့်မိန်းမဟုသာ သတ်မှတ်ကြသည်ဟုဆိုသည်။

“တချို့ဆို အမေကိုယ်တိုင် လာရောင်းစားတာ။ မိဘမရှိလို့ အဒေါ်က လာရောင်းစားတာ။ ပထွေးအနိုင်ကျင့်မှုကြောင့် ဒီလောကထဲ ဝင်ခဲ့ရတာ။ အဲဒါတွေက တကယ့် အထဲမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ။ ဒါပေမဲ့အပြင်က မြင်နေတာ အစ်မတို့သည် မိန်းမပျက်တွေ ပျက်စီးနေတဲ့ မိန်းကလေး တွေ” ဟု ဆိုသည်။

ပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံခြင်းသာမက အလုပ်လုပ်ရင်း အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကြမ်းဖက်မှုများ၊ ဖိနှိပ်မှုများနှင့် ခဏခဏ ကြုံတွေ့ခဲ့ရသည်မှာ သူမတို့ကဲ့သို့ လိင်လုပ်သား အမျိုးသမီးများအတွက် အထူးတဆန်းမဟုတ်တော့ပေ။

အချို့ဧည့်သည်များမှာ ပိုက်ဆံမပေးသည့်အပြင် သူမတို့၏ ပိုက်ဆံအိတ်နှင့် ဖုန်းများကို ယူဆောင်သွားခြင်းများကြုံခဲ့ဖူးသည်။ ၉ဝ ရာခိုင်နှုန်းသော လိင်လုပ်သား အမျိုးသမီးများသည် အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟုပြောသည်။

“ဧည့်သည်တွေတင်မဟုတ်ဘူး။ အစိုးရအာဏာပိုင်တွေရော ချိုးဖောက်နေကြတာပဲ။ လိင်ဆက်ဆံပြီးတော့ လက်ထိပ်ပြပြီးတော့ သူတို့ဘာကောင် ညာကောင်ပြောပြီးတော့ ပိုက်ဆံမပေးဘဲ ထွက်သွားတာတွေ ၊ဒါအစ်မတို့ အခွင့်အရေးကို ချိုးဖောက်နေတာပဲ” ဟုဆိုသည်။

အမျိုးသမီးများအတွက် ဥပဒေနှင့် အခွင့်အရေးများသည် သူမတို့နှင့် မသက်ဆိုင်သကဲ့သို့ရှိနေသည်။ ချမှတ်ထားသော ဥပဒေနှင့် အောက်ခြေတွင် လက်တွေ့လုပ်ဆောင်နေမှုများသည် ကွာခြားနေသည်ဟု ၎င်းကပြောသည်။

“အမျိုးသမီးတွေအတွက် နိုင်ငံတော်က ပေးထားတဲ့ အခွင့်အရေးက အရမ်းကောင်းတယ်။ ဒါပေမဲ့အမျိုးသမီးတိုင်းက မရနေဘူး။ အထူးသဖြင့် အစ်မတို့လို လိင်လုပ်သားတွေ ပိုပြီးမရတာ” ဟုဆိုပါသည်။

၎င်းတို့၏ ကျန်းမာရေး စောင့်ရှောက်မှုခံယူရန်ကိုလည်း အချို့အလုပ်ရှင်များ ခွင့်မပြုပေ။ ဥပဒေ အကာအကွယ်မဲ့မှုကြောင့် ယင်းပြဿနာသည် ဆက်လက်တည်ရှိနေပြီး အခွင့်အရေး ဆုံးရှုံးနေဆဲဖြစ်သည်။

လိင်လုပ်သား အမျိုးသမီးတစ်ဦး အဖမ်းခံရပါက မှီခိုနေသော မိသားစုဝင်များ ဒုက္ခရောက်ကြသည်။ ထို့ကြောင့် ညီမဖြစ်စေ၊ သမီးဖြစ်စေ ထိုလုပ်ငန်းထဲသို့ ဝင်ရောက်ကာ မိသားစု စားဝတ်နေရေး ဖြေရှင်းရသည့် အခြေအနေတွင်ရှိသည်။

အဆိုပါ အခြေအနေများက လိင်လုပ်သား အမျိုးသမီးများ တိုးပွားလာအောင် ဖန်တီးနေသည့် အချက်တစ်ချက်ဖြစ်သည်။

“သေချာတာကတော့ ကာကွယ်ပေးတဲ့ ဥပဒေတစ်ရပ်ပဲ။ တိတိကျကျကို ကာကွယ်ပေးတဲ့ ဥပဒေတစ်ရပ်ပေါ့။ အခုဆိုရင် ၁၉၄၉ ဟိုးလွန်ခဲ့တဲ့ အနှစ် ၅ဝ ကျော်ကတည်းက နှိပ်ကွပ်ရေး။ အဲဒီနှိပ်ကွပ်ရေးဟာ အခုအချိန်ထိ အသက်ရှင်နေတုန်းပဲ” ဟု မခင်မေဦးက ဆိုသည်။

ကျားမတန်းတူရေးနှင့် အမျိုးသမီးအခွင့်အရေး ဦးဆောင်လှုပ်ရှားနေသည့် မော်လမြိုင်မြို့ရှိ နွေးထွေးသောရင်ခွင်အဖွဲ့မှ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က လက်ရှိလိင်လုပ်သား အမျိုးသမီးများနှင့် ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက်ပြုသည်။

“အများဆုံးက အကြမ်းဖက်မှုကြောင့် ဒီလောကထဲကို ရောက်လာတာ။ အကြမ်းဖက်မှုကိုလည်း အမျိုးသားတွေပဲ လုပ်ခဲ့လို့ သူတို့ဒီဘဝ ရောက်လာတာ။ သူတို့သည် လုပ်ချင်လို့ လုပ်တာမဟုတ်ဘူး” ဟုဆိုသည်။

သာမန်အမျိုးသမီးတစ်ဦးကို ကူညီစောင့်ရှောက်သကဲ့သို့ ရပ်ရွာလူထုက လိင်လုပ်သား အမျိုးသမီးများအပေါ်လည်း တန်းတူစိတ်မျိုးထားရှိစေလိုကြောင်း၊ အဓိကအားဖြင့် အမျိုးသားများ၏ ပူးပေါင်းပါဝင်မှု လိုအပ်နေသည်ဟုဆိုသည်။

“သူတို့ကို လိင်လုပ်သားလို့ပဲ မြင်လိုက်တာနဲ့ သူတို့အပေါ် အကြမ်းဖက်မှု ဖြစ်ဖို့ဟာ ရာခိုင်နှုန်း တော်တော်များသွားတဲ့အတွက် အမျိုးသားတွေကို သူတို့အပေါ် သားသမီးချင်း မောင်နှမချင်း ကိုယ်ချင်းစာပြီး ပူးပေါင်းပါဝင်စေချင်တယ်” ဟု ဦးဇော်မိုးအောင်က ဆက်ပြောသည်။

ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှ လိင်လုပ်သားအမျိုးသမီးများအပေါ် အမြင်ပြောင်းလဲရန် လိုအပ်နေသကဲ့သို့ ၎င်းတို့ကို ဖိနှိပ်ထားသော ဥပဒေများကိုလည်း ပြင်ဆင်ပေးရန်နှင့် အကာအကွယ်ပေးသည့် ဥပဒေများပြဋ္ဌာန်းရန် လိုအပ်နေပြီဟု ၎င်းကပြောသည်။

“လက်ရှိအနေအထားအရ ၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေဟာ ရှိနေတယ်ဆိုတော့ ဥပဒေမပြင်မချင်းက သူတို့နဲ့ပတ်သက်ပြီး လုံခြုံမှုရှိမှာ မဟုတ်ဘူး။ ဒီအလုပ်က မထွက်မချင်း သူတို့ ဒီပြစ်မှုနဲ့ပဲ လည်ပတ်နေမှာပဲ” ဟုဆိုသည်။

အသွင်ယူဖမ်းဆီးခြင်းများအပြင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေး အက်ဥပဒေ၏ ပုဒ်မ ၇(၁) ဖြင့် တည်ကြက်ထားပြီး အဖမ်းခံရခြင်းများရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် များသောအားဖြင့် တစ်မြို့တစ်ရွာမှ လာရောက်လုပ်ကိုင်သော ရွှေ့ပြောင်းလုပ်သားများဖြစ်ကြသည်။ အားကိုးစရာ မိသားစု အသိုင်းအဝိုင်းမရှိခြင်းနှင့် အလုပ်ရှင်များက တစ်ဖက်လှည့်နဲ့ ပိုက်ဆံမပေးချင်၍ ချောက်တွန်းခြင်းများလည်းရှိခဲ့သည်။

လိင်လုပ်ငန်းသည် တရားမဝင်လုပ်ငန်းမှန်သော်လည်း အမျိုးသမီးနှင့် သက်ဆိုင်သည့် အခွင့်အရေးအတွက် ဥပဒေက ကာကွယ်ပေးရန် လိုအပ်သည်ဟု ၎င်းကပြောသည်။

“သူတို့ဘဝလုံခြုံမှုရဖို့ဆိုတာက နိုင်ငံတော်က ဥပဒေတွေ အတည်ပြုမယ် ပြဋ္ဌာန်းမယ်ဆိုမှ ဘဝလုံခြုံမှု ပြည့်ပြည့်ဝဝရမယ်” ဟု ဦးဇော်မိုးအောင်က ဆိုသည်။

မည်သို့ပင်ဖြစ်စေ ဥပဒေ အကာအကွယ် တစ်ခုမှ မရှိသည့် သူ့လို ဘဝတူ မိန်ကလေးငယ်များကို မဝေမာမြင့်က အကာအကွယ် ပေးလိုသည်။

ထိုအတွက်ကြောင့်လည်းသူတို့ လောကထဲ ဝင်ရောက်လာပြီ ညဉ်းပန်းနှိပ်စက်ခံရသူများနှင့် HIV ပိုး ရှိသူများကို စိတ်အားမြင့်ပေးသူ တစ်ယောက်ဖြစ်လာရန် ကြိုးပမ်း ဆောင်ရွက်နေသည်။

မဝေမာမြင့်က သူမ၏ နောက်ဆုံး ဖြစ်စေသော ဆန္ဒလေးကို ယခုလိုပဲ ပြောဆိုလေတော့သည်။

“အစ်မက အသက်ရှည်ရှည်နေပြီးတော့ ဒီလောထဲမှာ နေချင်သေးတယ်။ ဘာလို့လဲဆိုတော့ အစ်မဒီလောကထဲမှာရှိနေတဲ့ မိန်းကလေးငယ်လေးတွေကို ကာကွယ်ပေးချင်တယ်”ဟူ၍။

ထိုက်ထိုက်၊ စန္ဒာဉာဏ်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်