နာမက္ခရ မင်္ဂလာ

106

ဆရာချွန်

ကြက်ဆူတောသားများကား ပြဿနာမရှိလျှင်မနေတတ်။ အနီးစပ်ဆုံးပြောရရင် ဂေါတမဘုရားရှင်လက်ထက်တော်ကပြဿနာများဖြင့် ကျော်ကြားခဲ့သည့် သစ္စကပုရိဗိုဇ်တို့ကဲ့သို့တည်း။ ပြဿနာကို ဘက်ထရီမီးဖြင့် ရှာဖွေမည်။

ပြီးလျှင် ဘာကြောင့်ဖြစ်သည် အဖြေထုတ်ကြမည်။ ကျေနပ်လျှင် ငြိမ်သွားတတ်ကြသော်လည်း မကျေနပ်လျှင် အရက်သမားထက်ရစ်တတ်ကြသူများဖြစ်ချေသည်။

ပြီးတော့သူတို့သည် အလုပ်မရှိလျှင်လည်းမနေတတ်သူများဖြစ်သည်။ အားနေလျှင် ကြောင်ကိုရေ ချိုးပေးမည်။ ထို့နောက်ဆိတ်သိုးကို မုတ်ဆိတ်ရိတ်ပေးမည်။

နောက်တော့ ရေထဲကငါးတွေကို အအေးမိမည် စိုးရိမ်ရှာလေသောကြောင့် ကာကွယ်ဆေးထိုးပေးမည်။ ထိုကဲ့သို့ အလုပ်မရှိ အလုပ်ရှာလုပ်တတ်သူ များဖြစ်သည်။

ယခုလည်းနာမည်များနှင့် ပတ်သက်၍ ပြဿနာကို အစပျိုးရှာဖွေရန်တွက် Google Tea House တွင် တီးသောက်ရင်း အစပျိုးနေကြလေ၏။ နာမည်များနှင့် ပတ်သက်၍စတင်၍ ပြောကြားလာသူမှာ ကြက်ဆူတော၏ အတွေ့အကြုံအများဆုံးဖြစ်သော စတုသစ္စကြီးဖြစ်လေသည်။ စတုသစ္စမောင်လွမ်းမိုးကြီးက နာမည်သည်လူတစ်ယောက်၏ ဘဝလမ်းကြောင်းကို ပဲ့ကိုင်နေသည့် ပဲ့ကိုင်ရှင်ဖြစ်သကဲ့သို့ ထိုသူ၏ မျိုးရိုး ဇာတိ တို့ကို အဓိကဖော်ပြနေပါသည်ဟုဆိုချေ၏။

” နာမည်ဆိုတာ ယေဘုယျအားဖြင့် အမည်ပိုင်ရှင်ရဲ့မျိုးရိုးကို ဖော်ပြတတ်သကွဲ့ ကျုပ်နာမည်ဆိုရင် လည်း ကျုပ်ရဲ့အမျိုးအနွယ်အခြေအနေကို ဖော်ပြနေသလို မွေးဖွားရာအချိန်ကိုလည်း ဖောင်ပွနေသကွဲ့၊ ကျုပ်ဟာ လွမ်းဘွဲ့တွေကို ရေးသားလေ့ရှိတဲ့ ရှေးစာဆိုကြီးဦးယာရဲ့ မျိုးဆက်ဖြစ်ပါတယ်။ ပြီးတော့ မိုးရာသီမှာ မွေး တာလေ ကျုပ်ရဲ့ ဘီတော်စပ်တဲ့ ဦးယာရဲ့ စာပေအမျိုးအစားကိုလည် းဂုဏ်ပြုရာရောက်အောင်၊ ကျုပ်ကိုမွေး တဲ့ ရာသီကိုလည်းမှတ်မိရလေအောင် ကျုပ်ကို မိဘများက မောင်လွမ်းမိုးရယ်လို့ အမည်ပေးကင်ပွန်းတပ်ခဲ့ ကြသလို ကျုပ်ကလည်း မျိုးရိုးအခြေအနေကိုနဲ့ မွေးဖွားတဲ့ရာသီကို ဖော်ပြနေတဲ့ ဒီနာမည်ကိုသိပ်မြတ်နိုးမိပါရဲ့” စတုသစ္စကြီး၏ စကားအဆုံးတွင် နာမည်နှင့်ပတ်သက်၍ ထပ်မံဆွေးနွေးသူကား လူမှုရေးဆလိုင်း ဂျစ်သိုး ဖြစ်လေသည်။

” ကျွန်တော့်ရဲ့ အဖေဟာ ဆလိုင်းချင်းလူမျိုးပါ၊ အမေကတော့ မြန်မာအမျိုးသမီးတစ်ယောက်ပါ။ နောက်ပြီး ကျွန်တော်ငယ်ငယ်က မမှန်ဘူးထင်တဲ့ကိစ္စတွေကို လည်းဂျစ်ကန်ကန်ပြန်ပြောတတ်သလို အိပ်ရင်လည်း သိုးနေအောင် အိပ်တတ်တာမို့ ကျွန်တော့်အဖိုး ဗိန္ဓောတုတ်ကြီးက အားလုံးခြုံမိအောင်ပေးထား တဲ့နာ မည်လေ။ ဒါကြောင့် ကျွန်တော့်အဖေရဲ့မျိုးရိုးလည်းပေါ်လွင်ပြီး ကျွန်တော့်ရဲ့ငယ်စရိုက်လည်းပေါ်လွင်၊ အမှန်တရားမြတ်နိူးတဲ့စိတ်ဓာတ်ကိုလည်း ထင်ဟပ်စေတဲ့ဆလိုင်းဂျစ်သိုးဆိုတဲ့ အဖိုးပေးထားတဲ့ နာ မည်ကို ကျွန်တော်အသက်နဲ့ထပ်တူ မြတ်နိုးမိပါရဲ့” ဆလိုင်းဂျစ်သိုး၏ စကားဆုံးလေသော် ထစ်အအ မီဒီယာဘိုးအေကြီး မင်းဗညားထွေးကလည်း ဤသို့ သူ၏နာမည်နှင့် ပတ်သက်၍ ရှင်းလင်းပြလေ၏။

“ကျွန်တော်ကတော့ သိတဲ့အတိုင်းပဲ မွန်လူမျိုးမိဘနှစ်ပါးက ပေါက်ဖွားတာရယ်၊ ကျွန်တော့်အမျိုးအ နွယ်ကို နာမည်ကြားရုံနဲ့ ဘာလူမျိုးဆိုတာသိစေဖို့ရယ်၊ အရင်ကတော့ တကယ့်နာမည်ကြီး printing media တွေမှာပါဝင်ပြီးပြောင်မြောက်စွာသော ဆောင်းပါးတွေ၊ သတင်းတွေရေးသားခဲ့တဲ့အခြေအနေကို ဖော်ပြဖို့တွက် မီဒီယာမင်းဗညားထွေးဆိုတဲ့နာမည်ကိုခံယူခဲ့တာပါပဲခင်ဗျာ” မီဒီယာမင်းဗညားထွေး၏ စကားဆုံးလေလျှင် အမည်များနှင့်ပတ်သက်၍ ဆွေးနွေးသူကားပြိုင်စံရှား ခေါလေးဖြစ်သတည်း။

” ကျွန်တော့်နာမည်ကတော့ ဘယ်မျိုးနွယ်စုရဲ့ သင်္ကေတမှမပါပါဘူး ကျွန်တော့်အမည်ဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမှတ်အသား သင်္ကေတကို ကိုယ်စားပြုဖော်ပြပေးနေတာမို့ပါ။ အားလုံးကြည့်ရင်သိနိုင်ပါ တယ်။

ကျွန်တော်ဟာ သူများထက်ထူးပြီး သွားခေါလေးနဲ့ ခေါချောလေး ချောသူမို့ မိဘများက ငယ်စဉ်ကတည်းက trade mark အဖြစ် မောင်ခေါလေးလို့ ခေါ်ရာကနေ ခေါလေးခေါလေးလို့ နာမည်တွင်သွားတာပါ။ ကာလရွေ့လျောပြီး ချောလေးဆိုတဲ့ အမည်တွင်သွားမှာကိုတောင်ကြောက်မိပါရဲ့” ပြိုင်စံရှားခေါလေး၏ စကားအဆုံးတွင် အမည်နှင့်ပတ်သက်၍ ထပ်မံဆွေးနွေးသူကား တေးသော်ရီ ဖြစ်ချေ၏။

” ကျွန်တော့်ကို စနေနေ့ နေတက်၊ ရေတက်ချိန်မှာ မွေးခဲ့ပါတယ်။ ကံကြမ္မာဆိုးတွေ ကျွန်တော့်အပေါ်မှာ ကျရောက်မှာကို စိုးရိမ်မိတဲ့ ကျွန်တော့်ရဲ့မိဘများက ကျွန်တော့်တွက်နာမည်အတွက် ဗေဒဝိဇ္ဇာ ဆရာပိန်နဲ့ တိုင်ပင် ဆွေးနွေးကြတဲ့အခါ မကောင်းတဲ့နာမည်ကို သူ့ရဲ့မွေးနေ့ဂြိုဟ်လည်းပေါ်လွင်အောင် နာမည်နဲ့ပတ်သက်တဲ့ ကောင်းကျိုးများလည်းခံစားရလေအောင် စနေဂြိုဟ်ကိုယ်စားပြုသေ ာရီဆိုတဲ့ ဗေဒင်ဘာသာရပ် စကားကို မြန်မာမှုပြုပြီးသော်ရီဆိုတဲ့နာမည်ကိုပေးခဲ့တာပါပဲ၊ ဒါကြောင့် ကျွန်တော့်နာမည်ဟာ စနေဂြိုဟ် ကိုယ်စားပြုတဲ့နာမည်ဖြစ်ပါတယ်” ဆက်လက်ပြီး အမည်များနှင့်တ်သက်၍ ဆွေးနွေးသူကား ကဖေးဆိုင်ပိုင်ရှင် အော်ဂင်ပလေယာ ကိုဂျင်မီဖြစ်ပေသည်။ ကိုဂျင်မီကလည်း သူ၏အမည်နှင့်ပတ်သက်၍ ဤသို့ဆွေးနွေးလေသည်။

” ကျွန်တော့်အဖေဟာ ဂီတသမားတစ်ဦးပါဗျာ၊ သူတို့ခေတ်က မိုနိုဂီတနောက်ပိုင်းကာလနဲ့ စတီရီ ယိုဂီတရဲ့ ခေတ်ဦးပိုင်းကာလဖြစ်လေတော့ သူဟာမိုနိုဂီတကိုလည်း ခံစားလို့ရခဲ့သလို စတီရီယိုဂီတကိုလည်း တော်တော်လေး နှစ်ခြိုက်သဘောကျလေရဲ့ စတီရီယိုအဆိုတော်တွေထဲမှာဆိုလည်း လားရှိုးသိန်းအောင်လို့ခေါ်တဲ့ ဂျင်မီဂျက်ကို အလွန်နှစ်သက်တဲ့ ဂျင်မီဂျက်ခရေစီမို့ ကျွန်တော့်နာမည်ကို ဂျင်မီလို့ မှည့် ခေါ်ခဲ့တာပေါ့ဗျာ” အမည်များနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးသူကား လွှတ်ကြီး၏တပည့်လူရဲဖြစ်လေသည်။

လူ ရဲကလည်း သူ့အမည်နှင့်ပတ်သက်၍ ဤသို့ပါဝင်ဆွေးနွေးလေတော့၏။ ” ကျွန်တော့်နာမည်ကတော့ ဘာလူမျိုးသင်္ကေတမှမပါပေမယ့်၊ ကျွန်တော့်မိဘများက ကျွန်တော့်ကို ကြီးပြင်းလာတဲ့အခါ လူပီပီသသ၊ ရဲရဲရင့်ရင့် နေနိုင်အောင်ရယ်၊ ယုတ်မာစိတ်တွေမထားဘို့ ရယ်ရည်ရွယ်ပြီး လူရဲဆိုတဲ့ နာမည်ကိုပေးခဲ့ကြတာလို့ ဆိုကြပါတယ်ခင်ဗျာ။ ကျွန်တော်ကလည်းအဲ့ဒီနာမည်ကို အတော် လေး သဘောတကျရှိပါပေရဲ့” လူရဲ၏စကားဆုံးလေသော် တစ်ချိန်လုံးတိတ်ဆိတ်နေသော ဆရာချွန်အား ပါဝင်ဆွေးနွေးရန်ပြော ဆိုကြလေ၏။

” ဆရာချွန်တို့များ စကားဝိုင်းတွေဆို ဘယ်တော့မှ ဦးဆောင်ဆွေးနွေးတယ်ဆိုတာ တချက်လေးမှ မရှိရှာဘဲကိုး နည်းနည်းပါးပါးလည်း ဆွေးနွေးပါဦးဗျ” တချိန်လုံးလိုလို တိတ်ဆိတ်နေသောဆရာချွန်၊ ထိုအချိန်တွင်မှ အသံထွက်လာသည်။

သို့သော် သူ့စ ကားသံများတွင် အားမပါ။ တက်ကြွမှုမရှိလှ။ နားထောင်ရသည်မှာ ပျင်းစရာပင်ကောင်းလှသေးတော့သည်။

” အေးဗျာ- – – ကိုရင်တို့ရဲ့ မိဘ၊ ဘိုးဘွားများအလွန်တော်ကြပါပေတယ်၊ နာမည်ပေးထားပုံကို ကြည့်ရင်၊ အမျိုးအနွယ်ကို တန်းကနဲသိအောင်၊ သားသမီးတွေကို နိမိတ်ကောင်းဆောင်စေအောင်၊ ကြမ္မာဂြိုဟ်ဆိုးတွေမကျရောက်လေအောင် စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ပေးသွားကြတာ လေးစား လောက်ပါပေတယ်။

မျိုးချစ်စိတ်ကိုလည်းရှင်သန်နိုးကြားစေပါရဲ့။ ကျုပ်နာမည်ကဖြင့် လူတစ်ယောက်မှာ ဖြစ်လေ့ဖြစ်ထအတိုင်း ကံမကောင်းရတာနဲ့ နာမည်ကြားရုံနဲ့ ဘယ်အမျိုးအနွယ်က ဆိုတာမသိရတာနဲ့ ဒေါင် ချာကိုစိုင်းနေတော့တာပါပဲ။

ဒါကြောင့် ခုတစ်ထိုင်တည်းမှာပဲ ကျုပ်ကိုကျုပ် နာမည်ပေးကင်ပွန်းတပ်မင်္ဂလာကို ဆရာသမားများရှေ့မှောက်မှာ ဆင်ယင်ကျင်းပလိုက်ပါ့မယ်။ နာမည်ကြားရုံနဲ့ ဘာဆိုတာတန်းပြီးသိသွား စေမယ့်နာမည်မျိုးပေါ့။

ပထမကျုပ်အဖေမျိုးရိုးကိုကြည့်ရင်၊ အဖေ့ရဲ့အဖေဟာ ကရင်သွေးစပ်တဲ့ တိုင်းရင်း သားတဲ့ဗျ။ အဖေ့ရဲ့အမေကတော့ မွန်အမျိုးသမီးလို့ဆိုပါတယ်။

နောက်ပြီး အမေ့ဘက်ကိုကြည့်ရင် အမေ့အဖေဟာ မြင်းဖြူရှင်ကိုးကွယ်တဲ့ ဗမာလူမျိုးတစ်ယောက်ဖြစ်ပြီး၊ ရခိုင်သွေးလည်းနည်းနည်းစပ်နေတယ်လို့ ကြားဖူးတာပါပဲ။ နောက်ပြီး အမေ့ရဲ့ အမေအဖွားကတော့ မွန်သွေးမကင်းတဲ့သံလျင်သူလို့ဆိုသဗျ။ ဒီတော့ မျိုး ရိုးအားလုံးကို ခြုံငုံမိပြီး အမျိုးချစ်တဲ့စိတ်ဓာတ်ပေါ်လွင်အောင် ဒီလိုလေးပြောင်းလိုက်ပါ့မယ်ဗျာ။ ဗညားသတိုး စောလဖော်ငမဲချေ လို့ပေါ့။ နောက်ပြီးခုအနေအထားဟာ လူမျိုးကိုဖော်ပြဖို့ခက်တာမို့ နေရပ်ပါပြောင်း လိုက်ပါ့မယ်၊ လေရှီးဆိုတဲ့ ချင်းပြည်နယ်ကမြို့ကလေးကိုပေါ့။ ပြီးတော့လူမျိုးဖော်ပြချက်နေရာမှာ လအယ်လူမျိုးလို့ဖော်ပြပြီး၊ ကိုးကွယ်တဲ့ဘာသာမှာ ဗုဒ္ဓနှင့်နတ်ကိုးကွယ်မှုဘာသာရယ်လို့ ထည့်သွင်းလိုက်မယ်လို့ လဲ စဉ်းစားမိပါရဲ့ဗျာ” ပြောပြောဆိုဆိုဖြင့် ဆရာချွန်တယောက် Google Tea Houseမှထွက်ခွာသွားလေတော့၏။ ကျန်ရစ်သူ နာမက္ခရပညာရှင်များမှာလည်း ပါးစပ်အဟောင်းသားဖြင့်ကျန်ရစ်ချေတော့၏။

ဆရာချွန်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်