မွန်ပြည်နယ် လွှတ်တော်ကိုလွှမ်းမိုးရန် ဦးဝင်းမြင့် ကြိုးပမ်းခဲ့သလော

မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တို့တွေ့ဆုံစဉ်လွှတ်တော်ကိုယ်စားများအနေနှင့် အစိုးရအဖွဲ့၏ လုပ်ငန်းစဉ်များကိုဝင်ရောက်စွက်ဖက်ခြင်းမပြုရန်နှင့် အကျိုးရှိသည့် မေးခွန်းများမေးမြန်းရန် ပြောဆိုခဲ့သည်။

U Win Myint
ထိုသို့ ပြောဆိုမှု ကိုမွန်ပြည်နယ် လွှတ်တော် အသိုင်းအဝိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ မွန်ပြည်နယ် လွှတ်တော် ကိုလွှမ်းမိုးရန်ကြိုးပမ်းနေသလောဟုမေးခွန်းများလည်းထွက်ပေါ် လာခဲ့သည်။

ဦးဝင်းမြင့် မည်သည့် ကြောင့် အစိုးရအဖွဲ့၏လုပ်ငန်းစဉ်များကိုဝင်ရောက်စွက်ဖက်ခြင်းမပြုရန်တိတိကျကျ ထုတ်ပြောခြင်းမရှိ်သော်လည်းမေးခွန်းမေးမြန်းမှု များနှင့် အဆိုတင်သွင်းမှုများကိုရည်ရွယ်ပြောဆို ခြင်း ဖြစ်ကြောင်းလွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။

အစိုးရကိုလွှတ်တော် တစ်ရပ်အနေဖြင့် ထိန်းကျောင်းရာတွင် အစိုးရလုပ်ငန်းစဉ်တွေကိုဝင်ရောက်
စွက်ဖက်ခြင်းမပြုရဟုဆိုလိုခြင်းသည် ပြည်ထောင်စုအဆင့်ကမွန်ပြည်နယ်လွှတ်တော် လုပ်ငန်းစဉ်များ
ကိုထိန်းချူပ်သည့် သဘောဖြစ်ကြောင်းလွှတ်တော်ကိုယ်စားလှယ် များကဆိုကြသည်။

Advertisements

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ
ခွင့်ရှိသော်လည်း ပြည်နယ်လွှတ်တော် လုပ်ငန်းစဉ်များကို ချုပ်ချယ်ခွင့်မရှိကြောင်းမင်းအောင်မွန်ကဆိုသည်။

“ပြည်ထောင်စုအစိုးရကနေပြီး ပြည်နယ်အစိုးရကိုညွှန်ကြားချက်အနေနဲ့ မှားရင်လည်းမှားနေတယ်ဆိုတဲ့ အကြောင်းတိုက်ရိုက်ပြောလို့ရတယ်၊ ဒါကအုပ်ချုပ်ရေးဘက်မှာပဲရှိတာ၊ လွှတ်တော်ဘက်ကျတော့ အဲ့လိုမျိုးမရှိဘူး”ဟုဆိုသည်။

၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်သည် တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်
လွှတ်တော်တို့ကို သြဇာလွှမ်းမိုးမှု ထိန်းချုပ် ပိုင်ခွင့်မရှိကြောင်းဆိုကြသည်။

ထို့ကြောင့် ပြည်ထောင်စုအဆင့် လွှတ်တော် အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုထိန်းချုပ်
ပိုင်ခွင့် ရှိမရှိ နှင့် အစိုးရလုပ်ငန်းစဉ်တွေကိုလွှတ်တော် ကိုယ်စားလှယ် တွေကပါဝင်ခွင့်ရှိမရှိဥပဒေမှာပါလားဟု ပြန်ပြီးမေးခွန်းထုတ်ရမည်ဖြစ်ကြောင်းမွန် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များကဆိုကြသည်။

၂၀ဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၁၈၈ ဇယား ၂ အရ ပြည်နယ် နှင့် တိုင်းဒေသကြီးဥပဒေပြုစာရင်းအရ
ပြည်နယ် နှင့် တိုင်းဒေသကြီးများသည် ကဏ္ဍ ၈ ခု ပါ အချက်များအတိုင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်းကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မင်းအောင်မွန်ကပြောသည်။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော် နားရက်များတွင် ပြည်သူလူထုနှင့်တွေ့ဆုံကာပြည်သူလူထုလိုအပ်ချက်များကိုလွှတ်တော်အတွင်းမေးခွန်းများ၊ အဆိုများတင်သွင်းရသည်။
ထိုသို့လွှတ်တော်သို့ တင်သွင်းသည့် မေးခွန်းနှင့် အဆိုများကိုအစိုးရအနေဖြင့် ပြန်လည်ဖြေကြားခြင်းနှင့်
အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကိုလုပ်ဆောင်ရသည်။

Advertisements

ထို့ကြောင့် လွှတ်တော် အနေဖြင့် အစိုးရအဖွဲ့၏ လုပ်ငန်းများကိုဝင်ရောက်စွက်ဖက်သည့်သဘောမဟုတ်ဘဲ ပြည်သူလူထုတင်ပြသည့် အခက်အခဲများကိုအစိုးရအဖွဲ့ကလုပ်ဆောင်ပေးနိုင်အောင် လမ်းညွှန်ထောက်ပြ သည့် သဘောဖြစ်ကြောင်းမင်းအောင်မွန်ကဆိုသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ နှင့် လွှတ်တော် ကိုယ်စားလှယ်များသည် အတွေ့အကြုံ နည်းနေသေးသည့်အတွက် ကြောင့် ပြည်ထောင်စုအဆင့်ရှိလွှတ်တော်ကလွှတ်တော်လုပ်ငန်းစဉ်တွေအကြောင်းကိုလာရောက် ဆွေးနွေး ခြင်းဖြစ်ကြောင်းမွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကဆိုသည်။

“တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ပေါ်လာတာအင်မတန်နုနယ်သေးတယ်၊ နုနယ်သေးတဲ့ အခါမှာသူ့ဟာသူသွားဖို့ဆိုတာအခက်အခဲရှိတယ်၊ ဒါကြောင့်မို့ လို့ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာတိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ကိုအားမရဘူး၊သူတို့ကလွှတ်တော်ကိုလွှမ်းမိုးတာမဟုတ်ဘူးလို့ကျွန်တော် ယုံကြည်တယ်၊ သို့သော်လက်တွဲခေါ်တဲ့သဘောလို့ထင်တယ်၊”ဟုမွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဟောင်း ဦးကျင်ဖေကဆိုသည်။

အစိုးရလုပ်ငန်းစဉ်များတွင် လွှတ်တော် ကိုယ်စားလှယ်တွေ ဝင်ရောက်စွက်ဖက်သည့် သဘောသက်ရောက်နေပါကအစိုးရအဖွဲ့အနေဖြင့်လည်းလုပ်ငန်းများလုပ်ဆောင်ရာတွင် အခက်အခဲရှိနိုင်ကြောင်းဆိုသည်။
လက်ရှိအချိန်တွင် မွန်ပြည်နယ်အစိုးရနှင့် လွှတ်တော်တို့ကြားအားပြိုင်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် စီမံကိန်းကော်မရှင် ဖွဲ့စည်းရာတွင် လုပ်ငန်ရှင် အချို့ပါဝင်လာခြင်းကို
လွှတ်တော် တစ်ရပ်အနေဖြင့် ကန့်ကွက်မှုများလည်းဖြစ်ပေါ်ခဲ့သည်။

ဇွန်လပထမပတ်အတွင်းမွန်ပြည်နယ် လွှတ်တော်ကအထူးအစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့သည်။
အဆိုပါ အထူးအစည်းအဝေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များမေးခွန်းမေးမြန်းမှုများကိုအစိုးရအဖွဲ့အနေ
ဖြင့် ပြန်လည် ဖြေကြားရာတွင် စနစ်ကျမှုမရှိခြင်း၊ တာဝန်ယူမှုတာဝန်ခံမှုမရှိခြင်းတို့ကြောင့် အခြေအတင်
ပြောဆိုမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်းကိုယ်စားလှယ်များကပြောကြားသည်။

ထိုသို့ အစိုးရနှင့်လွှတ်တော်ကြားအခြေအတင်ဖြစ်ပွားနေချိန်တွင် ပြည်ထောင်စုအဆင့်လွှတ်တောက်လာရောက်ကာအစိုးရလုပ်ငန်းငန်းစဉ်တွေအပေါ် ဝင်ရောက် စွက်ဖက်ခြင်းမပြုလုပ်ရန် ပြောကြားခြင်းဖြစ်သည်။

“ထိန်းကျောင်းစောင့်ကြည့်ရေးသဘောတရားကိုလွှတ်တော်မှာလည်းရှင်းပြသွားတယ်၊ ပါဝင်ပတ်သက်မှုမှာအချို့လွှတ်တော်ကိုယ်စားလှယ်တွေကနည်းနည်းလွန်သွားရင်တော့ ထိန်းကျောင်းစောင့်ကြည့်တာကိုကွဲကွဲပြားပြားသိစေချင်တာပဲရှိတယ်”မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးကဆိုသည်။

လွှတ်တော်အတွင်းဖွဲ့စည်းထားသည့် ကော်မတီများသည် ဥပဒေအရလိုအပ်ပါကအစိုးရအဖွဲ့နှင့် ဌာန
ဆိုင်ရာများကိုတိုက်ရိုက် ခေါ်ယူစစ်ဆေး နိုင်ကြောင်းဆိုသည်။

အစိုးရအဖွဲ့၏ စီမံကိန်းများသော်လည်းကောင်း၊ အခြားသောလုပ်ဆောင်ချက်များကိုလွှတ်တော်ကသေချာစွာမထိန်းကျောင်းနိုင်ပါကဒေသဖွံ့ဖြိုးရေးအတွက် နှောင့်နှေးမှုတွေ ဖြစ်လာနိုင်ကြောင်းဆိုသည်။
“လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်မှာလုပ်ရမယ့်သူ့ကိစ္စတွေရှိတယ်၊စောင့်ကြည့်တာ၊ထိန်းမတ်တာ၊ဥပဒေ ပြုတယ်၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကအစိုးရကိုစောင့်ကြည့်တာတွေ ထိန်းကျောင်းတာတွေ
လုပ်ကိုလုပ်ရမယ်၊ ဝင်စွက်တယ်ဆိုတာလည်းသူ့အပိုင်းနဲ့ သူရှိပါတယ်” ဟု သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကဆိုသည်။

လွှတ်တော် အနေဖြင့်လည်းအစိုးရအဖွဲ့ကိုထိန်းကျောင်းရာတွင် လွှတ်တော် ပိုင်းဆိုင်ရာမေးခွန်းမေးမြန်းမှု
အဆိုတင်သွင်းမှု ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေများကိုလေ့လာသင့် ကြောင်းစိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးကဆိုသည်။

“ အစိုးရကိုလေ့လာစောင့်ကြည့်တဲ့အလုပ်ကလွှတ်တော်ရဲ့အဓိကအလုပ်ပဲ၊ နောက်ပြီးမှ ထိန်းကျောင်းတာကတစ်ဆင့်၊လွှတ်တော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် လက်ရှိလွှတ်တော်ကိုယ်စားလှယ်အားလုံးကလည်းလွှတ်တော်နားရက်မှာ ပြည်သူတွေနဲ့ ထိတွေ့တယ်၊ပြည်သူ့အသံကိုနားထောင်တယ်၊ပြည်သူ့လိုအပ်ချက်ကိုလွှတ်တော်မှာတင်ပြတယ်၊အဲ့တော့ အစိုးရကိုဝင်စွက်ဖက်တာမဟုတ်ဘဲလွှတ်တော်ရဲ့အလုပ်ကိုလုပ်တယ်လို့ပဲ မြင်တယ်၊” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူကဆိုသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မွန်ပြည်နယ် လွှတ်တော်တို့ဖြေရှင်းရမည့် ပြဿနာများစွာရှိနေသည်။ထိုပြဿနာ
များကိုစတင်ဖြေရှင်းနေပြီးဖြစ်သည်။

ထိုပြဿနာများစွာကိုဖြေရှင်းနိုင်သည့် အုပ်ချုပ်ရေးအာဏာရရှိထားသည့် အစိုးအနေဖြင့် လည်းလုပ်ငန်းများ ကျွမ်းကျင်ဖို့လိုအပ်သလို၊ အစိုးရအဖွဲ့ကိုထိန်းကျောင်းရမည့် ဥပဒေပြုရေးကဏ္ဍကလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လည်းလုပ်ငန်းများကျွမ်းကျင်မည်ဆိုမှသာဖြေရှင်းနိုင်မည်ဖြစ်သည်။

Advertisements

Leave a Reply