မိန့်မိန့်ကြီးပဲ ပြုံးချင်တယ်

100

ကြက်ဆူတောရွာသားများကား အစစအရာရာတွင် သိပ်တော့ညံ့လေ့မရှိကြ။ တင်္ခဏုပ္ပတ္တိဉာဏ် ကောင်းလိုက်ပုံများကလည်းခုံတော်မောင်ကျဘမ်းနှင့်ဦးပေါ်ဦးများ စပ်ကျလေသလားထင်ရလောက်ပေသည်။ဘာလာလာရှင်းနိုင်သည့်ရွာသားများဖြစ်ပေသည်။ ဘယ်နေရာသုံးသုံးလိုရာသုံးလို့ရနိုင်သည့် ဂျိုကာ တနှုန်း စံပြုထားရမည့်သူများဖြစ်သတည်း။

တစ်နေ့သား ကြက်ဆူတောရွာ၏ ကြာတိုင်းမစွံ( အချိန်ကြာလာတိုင်းမစွံသည်ကိုရည်ညွှန်း၏) အပျိုကြီးမလှမြင့်တစ်ယောက် ဝါဝင်၊ ဝါထွက်ပြီးတိုင်းသူမအိမ်တွင်ဆွမ်းကပ်၏။ သူမစိတ်ထဲတော့ ထိုဆွမ်း သည် သူမ၏ မင်္ဂလာဦးဆွမ်းဟူ၍သတ်မှတ်၏။ ထိုနေ့ကတိုက်တိုက်ဆိုင် သူမအိမ်ရှေ့သို့ နိုင်ငံခြားသားတစ်စု(မိန်းကလေးများအပါအဝင်)စက်ဘီးကိုယ်စီနှင့်ရောက်လာ၏။မျက်စိမျက်နှာလည်းပျက်နေကြသည်။ထို အုပ်စုထဲမှ တစ်ဦးကပြော၏။

“Toilet”

“Yes, you can”

မလှမြင့်ကလည်း ပေါ့သေးသေးမှမဟုတ်တာမင့်ဟာ။ သူမအိမ်မှသန့်စင်ခန်းကိုပြသပေးလိုက် သည်။ ထို့နောက် စကားစမြည်ပြောပြီးနိုင်ငံခြားသားများကို ထမင်းဝိုင်းပြင်ကျွေးလေ၏။ ထိုအချိန်လောက် ထိ
ပြဿနာမရှိသေး၊ ကြက်ဆူတောသားတို့၏ထုံးစံအတိုင်း လောကဝတ်စကားပြောသည့်အခါပြဿနာ ဖြစ်ချေတော့၏။

“Eat, eat, ဝအောင် eat နော်၊ အားမနာနဲ့”

ဟုတ်ကဲ့ နိုင်ငံခြားသားများကတော့၊လောကဝတ်ပြုတဲ့စကားမှန်းသိကြဟန်လည်းရှိသည်။ စေတနာ ကိုလည်း အလေးနက်ထားဟန်တူသည်။ခေါင်းတငြိမ့်ငြိမ့်၊ မျက်နှာကတော့ ဝေခွဲမရဟန်။

ထို့အတူ ဆရာကြီး စတုသစ္စအဖြစ်ကလည်း မအီမလည်ဖြစ်ချင်စရာပင်ကောင်းသေး၏။

တစ်နေ့သ၌ သူရို့လမ်းထိပ်တွင် ကားတစ်စီးရပ်ထားပြီး၊နိုင်ငံခြားသားအသက်ရွယ်ခပ်ကြီးကြီးတစ်ယောက်နှင့် ခပ် ငယ်ငယ် တစ်ယောက်ဟိုကြည့်ဒီကြည့်နှင့် တစ်ခုခုကိုရှာဖွေနေဟန်ရှိသည်။ ကူညီချင်သောဗီဇ၏နှိုးဆော် မှုကြောင့် စတုသစ္စကြီးခမျာ သည်တိုင်းမနေနိုင်၊ လှမ်းမေးမိသည်။

“Can I help you anything?”

ထိုအခါ အသက်ခပ်ကြီးကြီး နိုင်ငံခြားသားက ပြန်ပြောလေ၏။

” ကျွန်တော် ဒီနားမှာရှိတဲ့ မောင်လွမ်းမိုးတို့အိမ်ကို လိုက်ရှာနေတာပါခင်ဗျ”

” မောင်လွမ်းမိုးက၊ ကျွန်တော်ပါခင်ဗျာ”

” ဟာ – – – ဟေ့ကောင်မင်း ငါ့ကို မမှတ်မိဘူးလားကွ၊ လွန်ခဲ့တဲ့နှစ်လေးဆယ်လောက်က နိုင်ငံ ခြားကိုထွက်သွားတဲ့ လှမောင်လေကွာ”

ပြောပြောဆိုဆို မောင်လွမ်းမိုးအားနရင်းအုပ်လိုက်သည်။ ထိုအခါကျမှသူ့ သူငယ်ချင်းလှမောင် တစ်ယောက် လွန်ခဲ့သည့်နှစ်လေးဆယ်လောက်ကနိုင်ငံခြားသို့ အပြီးထွက်သွားကြောင်းပြန်မှတ်မိချေတော့ ၏။

ထို့အတူ ထစ်အအ မီဒီယာမင်းဗညားထွေးအဖြစ်ကလည်းနရင်းစပ်ဖျင်းဖျင်းဖြစ်သွားစေခဲ့ရ၏။ တစ်ခါသား ကြက်ဆူတော ရွာလယ်လမ်းတွင်ရဟန်းသံဃာများဆွမ်းခံကြွနေ၏။ သပိတ်ကိုယ်စီပိုက်လျက်၊မျက်လွှာကိုယ်စီချလျက်။ ထိုအချိန်တွင် မင်းဗညားထွေးအနားသို့နိုင်ငံခြားသားတစ်ယောက်ရောက်လာပြီး မေးလိုက်၏။

“Which things they held?”

ပညာရှင်မင်းဗညားထွေးပေပဲဟာ ဘယ်တော့မှ အင် အင် အာ အာ ထစ်ငေါ့ထစ်ငေါ့မကင်း။ ချက် ချင်း ပြန်ဖြေလိုက်၏။ သူ့ဖြေသံအဆုံးတွင် ပထမနားရင်းပူသွား၏။ ဒုတိယ သူ၏ငယ်ဆရာ ကိုပိန်တာရိုး၏ ဒေါသသံ ကပ်၍ပါလာသည်။

“Beggars’ pots”

” ဖြောင်း”

” မသာ အဲ့ဒါ monk’s bowl ကွ alms’ bowl လို့လဲခေါ်သကွ”

ထို့နောက် သူ့ဆရာ ကိုပိန်တာရိုးက ဝင်၍ရှင်းပြရင်း သူ့အားမျက်ထောင့်နီကြီးဖြင့်စိုက်ကြည့် သည်ကိုလည်း ခံလိုက်ရလေ၏။ ထို့အတူကဖေးဆိုင်ရှင် အော်ဂင်ပလေယာ ကိုဂျင်မီလည်း ထိုအဖြစ်မျိုးကြုံခဲ့ဖူးသည်ဆိုလျှင် အံ့အားသင့်ကြပေလိမ့်မည်။ တစ်နေ့တွင် ကိုဂျင်မီ၏ကဖေးဆိုင်သို့ နိုင်ငံခြားသူနှစ်ဦး ကော်ဖီသောက်ရန်ဝင်လာကြ၏။ထို့နောက်ကော်ဖီမှာရင်း ဆိုင်၏နံရံပေါ်တွင် တွယ်ကပ်နေသော အိမ်
မြှောင်များကို လက်ညှိုးညွှန်ပြရင်းမေးလိုက်လေ၏။

“What these?”

ကိုဂျင်ကို ဒီလိုလာစမ်းလို့ကတော့ ဘယ်ရလိမ့်မလဲ။ အကြိမ်ကြိမ်စပီကင်သင်တန်းတက်ထားတာပဲ ဟာ။ ဘာကိုမေးမှန်းတော့သိလိုက်သည်။ အိမ်မြှောင်ကိုအခေါ်တော့ သင်တန်းတုန်းက မမေးလိုက်မိ။ ဒါလည်း ပြဿနာကြီးမဟုတ်။ ထို့နောက်လက်တန်းခပ်တည်တည်ပင်ဖြေလိုက်သည်။

“Small crocodiles”

“Oh! Move away”

ထိုသို့ပြောလိုက်သည့်အချိန်တွင်၊ နိုင်ငံခြားသူနှစ်ယောက်ထံမှအာမေဋိတ်သံထွက်လာသည်။ ထို့ နောက်ထွက်ပြေးသွားကြလေတော့၏။ ပထမတော့ကိုဂျင်သဘောမပေါက်။ ဆရာကိုဗိုက်ပူခေါ် ဘေ့စ်ဂစ်တာသမားဆရာဌေးလွင်ကိုမေးကြည့်မှ အဖြေကိုသိချေတော့၏။

” ဟာ – – – ဆရာဂျင်ကလည်းဆိုးပါ့ဗျာ၊ အိမ်မြှောင်က house lizard လေဗျာ၊ခင်ဗျားက small crocodile လို့ပြောမှတော့ ပြေးကုန်တာပေါ့။ သူတို့စိတ်ထဲမိချောင်းတွေ မွေးထားတယ်ထင်သွားလို့ဖြစ်မှာပေါ့”

လူမှုရေးဆလိုင်းဂျစ်သိုးကား တစ်ကိုယ်တော် ပရဟိတသမားဖြစ်သလို၊ကျန်းမာရေးအသိလည်း အထူးသိသူဖြစ်သည်။ တစ်နေ့တွင် သူ၏အော်ဂဲနစ်စိုက်ခင်းတွင် အပင်များအား နွားချေးမြေသြဇာကျွေးနေ၏။ထိုအချိန်တွင် နိုင်ငံခြားသားခရီးသွားတစ်ယောက်က သူလုပ်ကိုင်နေသမျှကိုစိတ်ဝင်တစားကြည့်ရင်း၊ ဓာတ်ပုံ ရိုက်နေ၏။ ဆလိုင်းဂျစ်သိုးသတိထားမိသည့်အချိန်တွင်၊ နိုင်ငံခြားသားက တောင်းပန်စကားဆို၏။

“Please, forgive me. I took your photos”

“No matter, you can”

ဒီအထိတော့ အဆင်ချောနေ၏။ နိုင်ငံခြားကထပ်မေးပြန်၏။

“Which things you add your plants?”

ဆလိုင်းဂျစ်သိုးစဉ်းစားရချေပြီ။ သိပ်ကြာကြာမစဉ်းလိုက်ရ။ဉာဏ်ကောင်းသူပေပဲ ၊သူလိုချင်သော အဖြေကို ဒါရိုက် တန်း ပြောလိုက်၏။

“It’s neel chauk ground”

နိုင်ငံခြားသားတွေဝေသွားသည်။ ဆလိုင်းဂျစ်သိုးကိုပါးစပ်အဟောင်းသားနှင့်ကြည့်နေလေ၏။ ဆလိုင်းဂျစ်သိုးကား ခပ်တည်တည်ပင်သူ့အလုပ်ကို သူဆက်လုပ်နေ၏။ မြန်မာလို စကားပြောင်းပြန်နှင့်ပြောလိုက်ခြင်းဖြစ်ချေ၏။ နှီးခြောက်ဆိုတော့ နောက်ချေးပေါ့ခင်ဗျာ။ ဒါပေမယ့်ကိုရွှေနိုင်ငံခြားသားခမျာ ခေါင်းခြောက်သွားရှာဟန်ရှိပေ၏။

သူတို့ထက် အများကြီးထူးသူကား ကြက်ဆူတော၏ ပဏ္ဍိတကြီးဖြစ်သောလူကပ်ဖဲ့ဆရာချွန်ဖြစ်ချေ၏။ တစ်ခါက ရော်ဘာကွင်း(သရေကွင်း) လုပ်သောအိမ်တစ်အိမ်ရှေ့သို့ နိုင်ငံခြားသားခရီးသွားတစ်စု ရောက်ရှိသွား၏။ဂိုက်(ခရီးသွားလမ်းညွှန်)လည်းမပါချေ။ ကားဒရိုင်ဘာသာပါချေ၏။ ထိုအိမ်ရှေ့တွင်ရော်ဘာရည်အား ဓာတုပစ္စည်းများ၊ ဆေးရောင်များဖြင့်ရောစပ်ထားသည့်အရည်များကိုရာဘာကွင်းငယ်များပြုလုပ် ရန် သစ်သားတိုင်ရှည်များနှင့် နှစ်ကာနေလှန်းထား၏။ ထိုရာဘာ ပြွန်ချောင်းပါးများခြောက်သွားမှ ဓားဖြင့်သေးသေးဖြတ်ပြီး ရာဘာကွင်းလုပ်ကြမည်ဖြစ်သည်။

ထိုရာဘာပြွန်ချောင်းများကိုနိုင်ငံခြားသားများက စူးစမ်းဟန်မေးမြန်းလေ၏။

“What?”

ဂိုက်တဖြစ်လဲ ကိုရွှေဒရိုင်ဘာက မဖြေတတ်။ သူတို့အနားသို့ရောက်လာသောပဏ္ဍိတဆရာချွန် အားအကူအညီတောင်းလေ၏။

” ဆရာရေလုပ်ပါဦး သူတို့ဘာတွေမေးနေတာလဲ ကျွန်တော်မသိဘူးဗျ”

ဆရာချွန်ကားခပ်တည်တည်ပင်။

“What do you know?”

“What these things”

“It’s Burma’s condom”

“Oh my God”

သိုးဆောင်းလို ဘုရားတသံနှင့်အတူ နိုင်ငံခြားသားများ၊ ရယ်မောသူရယ်မောကြ၏။နိုင်ငံခြားသူများမှာ ပို၍ရယ်မောကြလေ၏။ မရယ်ခံနိုင်ရိုးလား။ကြက်ဆူတောသကောင့်သားများကား အင်တာနေရှင်နယ်
တန်းဝင်အရပ်အမောင်းများမပိုင်ဆိုင်ကြ။ အရပ်အမြင့်ကား အများဆုံးငါးပေကိုးလက်မနှင့် ခြောက်ပေမြင့် အောင်အရပ်ရှည်သူရှားသည်မဟုတ်လား။အများစုကား ငါးပေကျော်ကျော်သာရှိကြ၏။ ဆရာချွန်ကား သူ့စကားကို သဘောကျပြီး ဘုရားတရယ်မောနေကြသည့် ခရီးသွားတစ်သိုက်ကိုမိန့်မိန့်ကြီးပြုံး၍ ကြည့်နေချေ တော့၏။ အကြောင်းရင်းမှန်ကိုကားသဘောမပေါက်မိချေ။

ဆရာချွန်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်