Advertisements

ချိန်ခါမဲ့မိုးကြောင့် နေလှန်းဆား ပိဿာချိန် ၁၃သိန်းနီးပါး ပျက်စီး

မော်လမြိုင် ဇန်နဝါရီ
မွန်ပြည်နယ်တွင် ဇန်နဝါရီ ၈ရက်က ရွာသွန်းခဲ့သည့် ချိန်ခါမဲ့မိုးကြောင့် နေလှန်းဆားပိဿာ၁၃သိန်းနီးပါး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ပငဆားကွင်းမှ ဆားလုပ်ငန်းရှင်များထံမှ သိရသည်။
နေလှန်းထားသော ဆားနှင့် သွင်းရေများ အားလုံး မိုးကြောင့် ပျက်စီးသွားကြောင်း ပငဆားကွင်း မန်နေဂျာ ဦးကျော်လွင်က ပြောကြားသည်။
“ကျွန်တော်တို့ ဆားကွင်းမှာတော့ အကုန်ပျက်စီးသွားတယ်၊
နေလှန်းထားတဲ့ဆားရယ်၊ ရေတင်ထားတဲ့ ရေရယ်၊ ကျုံးရမယ့် ဆားတွေအကုန် ပျက်စီးသွားမယ်”ဟု ၎င်းက ပြောသည်။
နေလှန်းဆားများ ပျက်စီးသွားသောကြောင့် ဆားကွင်းကို အစမှ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း ဆက်လက်ပြောသည်။
ဇန်နဝါရီလလယ်တွင် ပုံမှန် ဆားကျုံးနိုင်သော အချိန်ဖြစ်သော်လည်း ဆားများပျက်စီးခဲ့သောကြောင့် ဇန်နဝါရီလကုန် သို့မဟုတ် ဖေဖော်ဝါရီလမှသာ ဆားကျုံးနိုင်မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။
မွန်ပြည်နယ်တွင် ဇန်နဝါရီလ၌ ဆားကျုံးသည့် ဆားကွင်း ၅ဝခန့်သာရှိပြီး ကျန်ဆားကွင်းများမှာ ဆားကျုံးနိုင်သည့် အခြေအနေမရှိသေးကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာနမှူး ဦးခင်စိုးက ပြောကြားသည်။
“ဇန်နဝါရီလမှာ ဆားကြုံးတဲ့ကွင်းက ၅ဝလောက်ရှိတယ်၊ ကျန်တဲ့ကွင်းတွေက ဆားမကျုံးနိုင်သေးဘူး၊ အဲဒီတော့ ပျက်စီးတယ်ဆိုရင်တောင် တစ်နှစ်စာရဲ့ ၃ရာခိုင်နှုန်းလောက်ပဲ၊ ရာသီဥတုသာကောင်းမယ်ဆိုရင် ကျွန်တော်တို့
ဆုံးရှုံးမှုကို ပြန်ကာဘာလုပ်လို့ရတယ်”ဟု ၎င်းက ပြောသည်။
ဆားထွက်ရာသီဖြစ်သော ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့တွင် မိုးရွာသွန်းခြင်းမရှိဘဲ ရာသီဥတုကောင်းမွန်ပါက
အထွက်နှုန်းပြန်တိုးလာမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။
မိုးရွာသွန်းမှုကြောင့် ယခင်နှစ်ထက် ဆားထွက်ရှိချိန် တစ်ပတ်ခန့် နောက်ကျနိုင်သော်လည်း ဈေးကွက် ထိခိုက်မှု မရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
မွန်ပြည်နယ်အတွင်း ယခုနှစ်တွင် ဆားကွင်း ၈၆ကွင်း လုပ်ကိုင်နေပြီး ပေါင်၊ သံဖြူဇရပ် ပငကျေးရွာနှင့် ကျိုက္ခမီမြို့တို့တွင် အဓိက လုပ်ကိုင်ကြကြောင်း ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ယခင်နှစ်က ဆားကွင်း ၇၈ကွင်း လုပ်ကိုင်ခဲ့ပြီး ဆားပိဿာချိန် ၃ဝ,ဝဝဝ ခန့် ထွက်ရှိခဲ့ကြောင်း သိရသည်။
ထိုက်ထိုက်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်