နယ်စပ် တရားမဝင် ကုန်သွယ်မှု ထိုင်းဘက်တွင် ကြပ်မတ် ဖမ်းဆီးနေ

မြဝတီ ဇန်နဝါရီ
ထိုင်းနိုင်ငံဘက်တွင် တရားမဝင်ကုန်သွယ်သော မြန်မာထွက်ကုန် ပြောင်းဆန် တန် ၁၀၀ ကျော်၊ ဂျပန်ကား၊ ထိုင်းဆိုင်ကယ်များကို ထိုင်းအကောက်ခွန်ဌာနက ဇန်နဝါရီ ပထမပတ်တွင် ဖမ်းဆီးခဲ့ကြောင်းသိရသည်။
မြန်မာ- ထိုင်း နယ်စပ်တလျှောက်တွင် မြန်မာဘက်မှ တရားမဝင် တင်ပို့သော ပြောင်းဆန် တန်တစ်ရာကျော်ကို ဖမ်းဆီးခဲ့သလို ဂျပန်နိုင်ငံထုတ် တွဲကား ၂စီး၊ ၆ဘီးကား ၂စီး၊ မာစီဒီး ၁စီးအပြင် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ် ၅ စီး၊ ကြက်သွန်များကိုလည်း ယခုလ ၇ ရက်တွင် ဖမ်းဆီးခဲ့သည်။
ထို့အတူ ဒီဇင်ဘာ ၉ ရက်နေ့ကလည်း မြဝတီဘက်မှတင်ပို့သော မြန်မာ့လယ်ယာထွက်ကုန်များကို မဲဆောက်ဘက်တွင် ထိုင်းလဝကမှ ဖမ်းဆီးခဲ့သည်။
နယ်စပ်နှစ်ဘက်တွင် တရားမဝင် တင်ပို့သော လယ်ယာထွက်ကုန် ပြောင်း၊ကြက်သွန်နီ၊နှင့် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ အပါအဝင် ထိုင်းဘတ်ငေ ွသိန်း ၁၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းသို့ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများအပါအဝင် တရားမဝင် ကုန်သယ်မှုကို ဖမ်းဆီးရခြင်းမှာ နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဖမ်းဆီးရခြင်း ဖြစ်သလို တရားမဝင် ကုန်တင်သွင်းပါက ထိုင်းနိုင်ငံ ဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း တာ့ခ်ခရိုင်လဝကမှူးက ပြောသည်။
နယ်စပ်စည်းခြားထားသည့် သောင်ရင်းမြစ်တွင် နှစ်ဘက် ကူးလူးသွားလာနေသော စက်လှေဂိတ် ၂၀ ကျော် ရှိပြီး ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို မြန်မာဘက်သို့ နေ့စဉ် တရားမဝင် တင်သွင်း နေမှုမှာ မြန်မာဘက်မှ ပို့ကုန်ထက် ဆယ်ဆကျော် ပိုမိုသာလွန်ကြောင်း သောင်ရင်းမြစ်ကမ်းစပ်အနီး ဒေသခံတို့က ပြောဆိုကြသည်။
ဆုလာဘ်(မြဝတီ)

Leave a Reply