လင်းယုန် စီမံချက် တကယ် အလုပ်ဖြစ်နိုင်မလား

ဦးထုပ်ဆောင်း၍ အသက်ကို ကယ်ပါ

ဇန်နဝါရီ ၁၅ ရက်မှ စ၍ မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြိ့နယ်စလုံးတွင် စည်ကမ်းပျက် ယာဉ်များကို အရေးယူတော့မည်ဟု အာဏာပိုင်များက ထုတ်ဖော်ပြောဆိုလာခဲ့သည်။

စည်းကမ်းပျက်ယာဉ်ဟုဆိုရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသော ယာဉ်များနှင့် စာရွက်စာတမ်းမပြည့်စုံသောယာဉ်များ၊ လိုင်စင်မဲ့ယာဉ်များလည်းပါဝင်သည်ဟု ဆိုသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ဘာသာရေး၊ လူမှုရေး၊ ဌာနဆိုင်ရာ၊ အခြားအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလ သုံးစွဲနေသော လိုင်စင်မဲ့ကားအားလုံးကို ဥပဒေအတိုင်း ဖမ်းဆီးသွားမည်ဟုလည်း ဆိုပြန်သည်။
မည်သို့ပင်ဖြစ်စေ ထိုသို့ လုပ်ဆောင်ရန် ရက် ၁၀၀ စီမံချက် ချမှတ်ထားကြောင်း ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောဆိုပြီးနောက် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

အထူးသဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှုများကို ရက် ၁၀၀ အတွင်း မဟုတ်ဘဲ ရေရှည် လုပ်ဆောင်ရန်နှင့် ဥပဒေအတိုင်း ခွဲခြားခြင်း မရှိဘဲ လုပ်ဆောင်ရန် တိုက်တွန်းမှုများလည်း ရှိခဲ့သည်။

လင်းယုန် စီမံချက်

ယာဉ်တိုက်မှု အန္တရာယ် လျော့ကျရေးအတွက် ရက် ၁၀၀ စီမံချက်ကို အာဏာပိုင်များက လင်းယုန်စီမံချက်ဟု အမည်ပေးထားသည်။

ထိုစီမံချက်အတွက် လုပ်ငန်းစဉ် အသေးစိတ်ကိုလည်း ဇန်နဝါရီ ၈ ရက်က ပြည်နယ် ရဲတပ်ဖွဲ့ရုံး၌ အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာ ဌာနတို့ဖြင့် ဆွေးနွေးထားခဲ့သည်။

စီမံချက်၏ ရည်ရွယ်ချက်ကို အမှတ်(၁၂) ယာဉ်ထိန်းရဲ၊ ဒုတပ်ဖွဲ့ခွဲ(မွန်) မှ ရဲမှူးကျော်သူက ယခုလို ပြောဆိုသည်။

“ပြည်သူတွေကို အရေးယူဒဏ်ဆောင်စေဖို့ တစ်ခုတည်းဦးတည်လုပ်တာမဟုတ်ဘူး။ ယာဉ်တွေ စည်းကမ်းတကျသွားလာခြင်းအားဖြင့် ယာဉ်တိုက်မှုအန္တရာယ်တွေ လျော့နည်းကျဆင်းသွားအောင် အဓိကလုပ်တဲ့ ရည်ရွယ်ချက်ပဲ”ဟု ဆိုသည်။

စီမံချက်တွင် အပိုင်း ၃ ပိုင်း ခွဲထားသည်။ ပထမပိုင်းအနေဖြင့် တစ်ပြည်နယ်လုံးတွင် အသိပညာပေးမှုအပိုင်းကို မြို့နယ်အားလုံးတွင် တစ်ပြေးညီ လုပ်ဆောင်ရန်၊ ဒုတိယပိုင်းတွင် စစ်ဆေး အရေးယူမှုပိုင်းကို တစ်ချိန်တည်းမှာ လုပ်မည်ဖြစ်ပြီး၊ နောက်ဆုံးအပိုင်းမှာ စီမံချက်အပေါ် မှတ်တမ်းထိန်းသိမ်းခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်သွားမည်ဟု ဆိုသည်။

စီမံချက်ကို မွန်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုအောက်တွင် ဆောင်ရွက်သွားမည်ဟု ရဲမှူးကျော်သူက ဆိုသည်။

“ထိရောက်လား၊ မထိရောက်လား ဆိုတာကတော့ ပွင့်ပွင့်လင်းလင်းပြောရင် လိုက်နာမယ့် ပြည်သူတွေအပေါ်မှာ မူတည်တယ်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းမှာလည်း အဲလိုပဲ ပြည်သူတွေကိုယ်တိုင်က ယာဉ်အန္တရာယ်မဖြစ်အောင် စည်းကမ်းနှင့် စီးမယ်ဆိုတဲ့အသိပေါ်မှာ လိုက်နာမှုရှိရင် ဒီစီမံချက်ဟာ အောင်မြင်မယ်”ဟု ၎င်းက မှတ်ချက်ပြု၏။

တစ်ဆက်တည်း ၎င်းက “စည်းကမ်းဖောက်တဲ့လူ စည်းကမ်းမညီတဲ့လူ စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ယာဉ်အရေးယူမှာ ဒေသအခြေအနေအရ ပေါ်လာတဲ့ လိုင်စင်မဲ့တွေရှိတယ်။ သို့သော် စည်းကမ်းဖောက်လို့မရဘူး”ဟု ၎င်းက ဆိုသည်။

လိုင်စင်မဲ့ယာဉ်များကို ခွဲခြားမှုမရှိဘဲ ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ပြီး၊ ဘေးတွဲဆိုင်ကယ်များတွင် ဆိုင်ကယ်ကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေဖြင့် အရေးယူမည်ဟု ဆိုသည်။
ယခု စီမံချက် လုပ်ဆောင်ရခြင်းမှာ နိုင်ငံတော် အနေဖြင့် ဘဏ္ဍာငွေ ရရှိရေးအတွက် ဦးတည်၍ လုပ်ဆောင်ခြင်း မဟုတ်ဘဲ ယာဉ်မောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ စေရန် ရည်ရွယ်သည်ဟု ရဲမှူး ကျော်သူက ပြော၏။

ယခင်ကလည်း စီမံချက်များ ရှိခဲ့ပြီး ယခုစီမံချက်ပြီးဆုံးပါက နောက်ထပ်စီမံချက်များ ထပ်မံပေါ်ထွက်လာမည် ဖြစ်သောကြောင့် ရက် ၁ဝဝ အတွင်း ပြီးဆုံးသွားမည်မဟုတ်ဟု ၎င်းက ဆိုသည်။

ထိုအခြေအနေကို မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက စည်းကမ်းထိန်းသိမ်း အရေးယူခြင်းကို နေ့စဉ်ရက်ဆက်ဆောင်ရွက်မှသာ ပိုမိုထိရောက်မည်ဖြစ်ပြီး စည်းကမ်းမလိုက်နာသူများအတွက် အဟန့်အတားဖြစ်နိုင်ကြောင်းနှင့် ထိုမှတစ်ဆင့် ဆက်ခါဆက်ခါ ဆောင်ရွက်ခြင်းဖြင့် စည်းကမ်းမဲ့မှုများ ရပ်တန့်သွားမည်ဟု ဆိုသည်။

“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးမှာ တာဝန်ရှိတဲ့သူတွေ အနေနှင့် ဒါကို တာဝန်တစ်ရပ်အနေနှင့် အချိန်ပေးပြီး လုပ်ဖို့လိုတယ်။ တာဝန်ရှိတဲ့သူတွေက စဉ်ဆက်မပြတ်လုပ်ဖို့၊ ထပ်ခါထပ်ခါလုပ်ဖို့ ကျွန်မအကြံပြုချင်ပါတယ်” ဟု၎င်းကပြောသည်။

တစ်နှစ် ဘယ်လောက် သေဆုံးနေလဲ

မွန်ပြည်နယ်တွင် နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးနေသည်။
၂၀၁၇ ဇန်နဝါရီမှ ဒီဇင်ဘာအထိ တစ်နှစ်တာ ကာလအတွင်း ယာဉ်မတော် တဆမှုကြောင့် ဒဏ်ရာရသူ ၁၅၉၂ ဦး၊ သေဆုံးသူ ၃၃၅ ဦးအထိ ရှိခဲ့ကြောင်း အမှတ်(၁၂) ယာဉ်ထိန်းရဲ၊ ဒုတပ်ဖွဲ့ခွဲ (မွန်) ရုံး မှတ်တမ်းများအရ သိရသည်။

ယာဉ်မတော်ဆမှုကြောင့် တစ်နေ့လျှင် ၀ ဒသမ ၉ ဦးခန့် သေဆုံးနေပြီး၊ နေ့စဉ် ၄ ဒသမ ၄ ဦးခန့် ဒဏ်ရာရှိနေသည်။ ၂၀၁၇ ၌ ယာဉ်တိုက်မှု ၉၁၅ မှုတွင် ကားမတော်တမှု ၃၃၇ မှု၊ ဆိုင်ကယ် ၅၂၀ မှု၊ ထော်လာဂျီ ၁၈ မှု ရှိခဲ့သည်။

မည်သို့ပင်ဖြစ်စေ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုမှာ ၂၀၁၇ ထက် ၂၀၁၈ တွင် ပိုများလာခဲ့သည်။

၂၀၁၈ ဇန်နဝါရီမှ ဒီဇင်ဘာလအထိ တစ်နှစ်တာ ကာလအတွင်း ယာဉ်မတော်တမှုပေါင်း ၈၇၅ မှု ဖြစ်ပွားခဲ့ပြီး၊ ဒဏ်ရာရသူ ၁၄၆၈ ဦး၊ သေဆုံးသူ ၃၄၆ ဦးအထိ ရှိလာခဲ့သည်။

ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးရသော အခြေအနေကို ရဲမှူးကျော်သူက ယခုလို မှတ်ချက်ပြုသည်။

“အဓိကကတော့ လမ်းတွေကောင်းလာတဲ့အပေါ်မှာ မော်တော်ဆိုင်ကယ်တွေက အရှိန်ပြင်းပြင်းမောင်းတယ်။ မဆင်မခြင်မောင်းတယ်၊ ဆိုင်ကယ်တွေပေါများလာတဲ့အပေါ် ယာဉ်တိုက်မှုတွေများလာတယ်။ ဦးထုပ်မဆောင်းတာလည်း ပါတယ်။ အရှိန်မများပေမယ့်လည်း ယာဉ်တိုက်မှုဖြစ်ပြီး ခေါင်းကို တစ်ခုခုနဲ့ ထိမိပြီး အသက်အန္တရာယ်ဖြစ်နိုင်တယ်။ ဦးထုပ်မဆောင်းတဲ့အတွက် မသေသင့်ဘဲ သေတယ်၊ ဒဏ်ရာမရသင့်ဘဲ ရတယ်”ဟု ဆိုသည်။

ထို့ကြောင့် ဆိုင်ကယ်ယာဉ်မောင်းများအနေဖြင့် မိမိအသက်ကို ငဲ့ညှာသောအားဖြင့် ဆိုင်ကယ် ဦးထုပ်ဆောင်းကြရန် ၎င်းက တိုက်တွန်းပြောဆိုသည်။

“ဦးထုပ်ဆောင်းထားရင် မသေနိုင်ဘူးပေါ့။ ခန္ဓာကိုယ်မှာက ခေါင်းက အသက်အန္တရာယ်အဖြစ်နိုင်ဆုံးလေ။ အဲဒါကြောင့် ခေါင်းကို ကာကွယ်ဖို့လိုတယ်။ တချို့က ဆောင်းတော့ဆောင်းတယ် အဖြစ်ပဲ ၊ယာဉ်ထိန်းဖမ်းမှာစိုးလို့ ဆောင်းလိုက်တာ ဒါပေမဲ့ မိမိခေါင်းကို အပြည့်အဝအကာအကွယ်ပေးနိုင်မယ့် ဦးထုပ်တော့ ဖြစ်ဖို့လိုတယ်”ဟု ဆိုသည်။

ဘယ်လို လုပ်သင့်လဲ

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စီမံချက် ကာလအတွင်း လုပ်ဆောင်ခြင်း မဟုတ်ဘဲ ပြည်နယ်အတွက် အရေးကြီးသော issue တစ်ရပ်အနေဖြင့် ရှေရှည်လုပ်ဆောင်ရန် မွန်ပြည်နယ် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာ ညှိနှိုင်း ပေါင်းစပ်ရေးအဖွဲ့ဝင် ဦးမောင်မောင်ဇော်ထွန်းက အကြံပြုသည်။

“ကညနမှာ လိုင်စင်ပေးတဲ့အခါ ထိထိရောက်ရောက်လုပ်နိုင်အောင် သေချာကြပ်မတ်ဖို့ရယ်၊ နောက် ပြည်သူတွေကို အသိပေးတဲ့အပိုင်းကလည်း ထိရောက်ဖို့လိုတယ်။ ဆိုင်းဘုတ်လေးထောင်ထားရုံနဲ့ ပြည်သူတွေသိနိုင်မယ်လို့ တွေးလို့မရဘူး။ ရပ်ရွာထဲမှာ အသိပညာပေးဖို့လိုတယ်၊ လိုင်စင်လာဖြေတဲ့အခါမှာ တိတိကျကျ စစ်ကြောမေးမြန်းနိုင်ဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။

ဌာနအတွင်း ပြည်သူ့ ဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၊ ပါတီနှင့် အဖွဲ့အစည်းအလိုက်လည်း မဖြစ်မနေ ဦးထုပ်ဆောင်းကြရန် ကမ်ပိန်းများလည်း လုပ်ဆောင်သင့်သည်ဟု ဦးမောင်မောင်ဇော်ထွန်းက ပြော၏။

ယာဉ်တိုက်မှု လျော့ကျရေးအတွက် လူမှုကယ်ဆယ်ရေးမှ ကိုဘိုဘိုဝင်းကလည်း ယခုလို အကြံပြုသည်။

“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလျှော့ချဖို့အတွက် ဖမ်းဆီးတဲ့အခါမှာ မနက်ပိုင်းတွေပဲ ဖမ်းဆီးတယ်။ မနက်ပိုင်းလုပ်ပြီး ညပိုင်းမလုပ်တဲ့အခါမှာ ယာဉ်တိုက်မှုတွေ ညပိုင်းမှာအဖြစ်များတယ်။ ကျွန်တော်တို့မြင်တာပေါ့၊ လျှော့ချရေးတွေ လုပ်ခဲ့တာတော့ တောက်လျှောက်ပဲလေ၊ စီမံချက်တွေလည်း မျိုးစုံပဲ၊ ကျွန်တော်အနေနဲ့ အကြံပေးချင်တာကတော့ မနက်ပိုင်းလည်း ဖမ်းသလို ညပိုင်းလည်း ဖမ်းဆီးဖို့လိုတယ်။ ညဘက်တွေမှာလည်း သတ်မှတ်ချက်အထိ ဖမ်းဆီးပေးဖို့လိုတယ်”ဟု ဆိုသည်။

ထို့အပြင် မီးပွိုင့်များ၌ သတ်မှတ်ထားသည့် စည်းမျဉ်းများကိုလည်း ပြုပြင် ပြောင်းလဲရန် လိုအပ်နေပြီး၊ထိုအရာကို ပြည်သူများ ထင်ထင်ပေါ်ပေါ် မြင်တွေ့နိုင်ရန် လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြုံသည်။

တစ်ဆက်တည်း“လမ်းမီးတွေလင်းနေခြင်းကလည်း ယာဉ်တိုက်မှုလျော့နည်းနိုင်တယ် ဆိုတာ တောင်ဝိုင်းလမ်းကြီးက သက်သေပါပဲ။ ယာဉ်တိုက်မှုအများဆုံးဖြစ်နေတဲ့လမ်းပါ ၊အဲဒီလမ်းက အခုဆို မီးတွေလင်းလာတော့ သိသိသာသာကျဆင်းသွားတာ တွေ့ရမှာပါ။ လမ်းတွေမှာ မီးတွေလင်းနေဖို့ ဆောင်ရွက်ပေးဖို့လိုအပ်မယ်။ ဒါကလည်း ယာဉ်တိုက်မှုလျှော့ချနိုင်တဲ့ တစ်စိတ်တစ်ပိုင်းလို့ မြင်တယ်”ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ ဖြစ်စဉ် အားလုံးကို ခြုံ၍ ဦးမောင်မောင်ဇော်ထွန်းက ယခုလို မှတ်ချက်ပြုလိုက်၏။

“ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်ရင် ချမှတ်ထားတဲ့ ဥပဒေတွေ ရှိတယ်လေ။ အဲဒီ ဥပဒေတွေကို တိတိကျကျ အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတယ်။ နောက်တစ်ခုက စည်းကမ်းပျက်ယာဉ်တွေကို အရေးယူတဲ့နေရာမှာ ကျောသားရင်သားမခွဲဘဲ ဘယ်သူ့ကိုဖြစ်ဖြစ် ထိထိရောက်ရောက် အရေးယူနိုင်ဖို့လိုတယ်”ဟူ၍ပင်။

ထိုက်ထိုက်၊ စန္ဒာဉာဏ်
==

Leave a Reply