တရား ဥပဒေ စိုးမိုးရေးကို စိန်ခေါ်လိုက်တဲ့ ပုစ္ဆာသစ်

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မော်လမြိုင်တွင် တရားမဝင် ကြက် သယ်ဆောင်၍ ဥပဒေ ချိုးဖောက်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့၏။

သို့သော်လည်း ယင်းကိစ္စရပ်ကို အစိုးရမှ အရေးယူခြင်း မရှိသည့်အပေါ် မွေးမြူရေး လုပ်ငန်းရှင်များက မေးခွန်းထုတ်လိုက်သည်။

ဖြစ်စဉ်အစ

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်က ကရင်ပြည်နယ်မှ တရားမဝင် ကြက်သယ်ဆောင်လာမည့် သတင်းကို မွန်ပြည်နယ်မွေးမြူရေး လုပ်ငန်းရှင်အသင်းက ရခဲ့၏။

ထို့ကြောင့် တရားမဝင် ကြက် သယ်ဆောင်လာမှုကို တားဆီးရန် မော်လမြိုင်- ဘားအံ လမ်းရှိ ဟင်္သာအဝိုင်းတွင် သွားရောက် စောင့်ဆိုင်းခဲ့သည်။

ထိုအခြေအနှေနှင့် ပတ်သက်ပြီး မွန်ပြည်နယ် မွေးမြူရေး လုပ်ငန်းရှင်အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအေးသန်းက ယခုလို ပြောဆိုသည်။

“ဒီဇင်ဘာ ၂၆ရက်နေ့က ကျွန်တော်တို့ စက်မှုဇုန်မှာ သွားစောင့်တယ်။ ကျွန်တော်တို့
အတိအကျ လူလွှတ်ထားတယ်။ ကားတွေဆင်းလာတယ်။ ဇာသပြင်တံတားထိပ်ရောက်နေပြီ
ဆိုပြီးပြောတယ်။ အဲဒီကြက်တွေကို ဘယ်လိုဖမ်းမလဲဆိုတာ ကျွန်တော်တို့ အဖွဲ့အစည်းက တားဆီးလို့လည်း မရဘူး။ ဖျက်ဆီးလို့လည်းမရဘူး။ အာဏာပိုင်အဖွဲ့အစည်းရှိမှပဲ တားဆီးလို့၊ ဖမ်းဆီးလို့မယ်၊ ဒါကြောင့် အားလုံးကို ကျွန်တော်တို့ အကြောင်းကြားခဲ့တယ်”ဟု ဆိုသည်။

တရားမဝင်တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တားဆီးကာကွယ်ရေးကော်မတီဝင်များကို အကြောင်းကြားလိုက်သဖြင့် မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အပါအဝင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာသည်ဟု ဆိုသည်။

“ကားတွေကို ရပ်ပြီး စစ်ဆေးခိုင်းတဲ့အချိန်မှာဘာတွေ့လဲဆိုတော့ BGF တပ်ရင်း ၁၀၁၃က ဗိုလ်မှူးစောလှကြိုင်ရဲ့ လက်မှတ်နဲ့ သူတို့ရဲ့ ကြက်တွေကို သူတို့ရဲ့တပ်က ဗိုလ်မှူး စောငယ်လေးဆိုတဲ့ သူကသယ်ဆောင်သွားမယ်ဆိုပြီးတော့ ထောက်ခံစာပါတယ်”ဟု ဆိုသည်။

သို့သော်လည်း ယင်းကြက်များကို စစ်ဆေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက်လက်မှတ်မပါဘဲ တရားမဝင်တင်သွင်းခဲ့သည်ကို တွေ့ရှိရသည်ဟု မော်လမြိုင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်ဌေးက ဆိုသည်။

ထို့ကြောင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက တရားမဝင် ကြက်များကို သွေးဖောက် စစ်ဆေးရန်နှင့် ဆက်လက် ထိန်းသိမ်းထားရန် မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ ကြက်ခြံသို့ ပြောင်းရွှေ့ထားခဲ့သည်ဟု ဆိုကြသည်။

ဘာတွေ ဆက်ဖြစ်ကြလဲ

ထိုသို့ နေရာပြောင်းရွှေ့ပြီးနောက် အမှတ်(၁၀၁၃)BGF တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး စောလှကြိုင် အပါအဝင် တပ်ဖွဲ့ဝင် ၂၀ ခန့်က လက်နက်အပြည့်အစုံဖြင့် ရောက်လာခဲ့သည်ဟု ပြည်နယ် မွေးမြူရေး လုပ်ငန်းရှင်အသင်းက ဆိုသည်။

ဗိုလ်မှူး စောလှကြိုင် ရောက်ရှိလာသည့် အခြေအနေကို ဒုတိယ ဥက္ကဋ္ဌ ဦးအေးသန်းက ယခုလို ပြောဆိုသည်။

“ဗိုလ်မှူးစောလှကြိုင်က မင်းတို့ ကြက်ကလေးတောင်မှ ငါတို့လုပ်စားနေတာလုပ်စားလို့မရဘူးလားတဲ့။ ဒါနဲ့ SBက တာဝန်ရှိသူက ကျွန်တော်တို့ လူကြီးတွေနဲ့ ညှိပေးမယ် ၊ခဏစောင့်ဆိုတော့ မလိုချင်ဘူးတဲ့။ ငါ့ကြက်ငါပြန်ယူသွားမယ်တဲ့။ သေနတ် မောင်းတွေဘာတွေတင်ပြီးတော့
ကားပေါ်တင်ဆိုပြီး တင်သွားတယ်”ဟု ဆိုသည်။

ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေါက်တာတင်ဌေးက ယခုကဲ့သို့ဆိုသည်။

စရဖ၊ အထူးစုံစမ်းစစ်ဆေးရေး၊ သတင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ ရတခပြည်သူ့စစ် ဗိုလ်မှူးဝေဖြိုးကြည်နှင့် စစ်ဘက်ရေးရာလုံခြုံရေးဌာနမှ ဗိုလ်ကြီးဘုန်းနိုင်ကျော်တို့ လာရောက်ညှိနှိုင်းသောကြောင့် တရားမဝင်တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တားဆီးကာကွယ်ရေးအဖွဲ့၏ ခွင့်ပြုချက်အရ ပြန်လည်သယ်ဆောင်သွားသည်ဟုဆိုသည်။

“သူတို့ကတော့ တပ်ရန်ပုံငွေအတွက်ပေါ့။ တပ်မိသားစုရဲ့ ဝင်ငွေကို ထောက်ပံ့နေရတဲ့အတွက် သူတို့ရန်ပုံငွေ လျော့သွားမှာကြောက်တော့ ပြန်ယူသွားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါကြက်များသည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ၊ကတိုင်ထိကျေးရွာအခြေပြု နယ်ခြားစောင့်တပ်မှ မွေးမြူထားခြင်းဖြစ်ပြီး၊အမျိုးအစား နှစ်မျိုးပါဝင်ကာ၊ ၎င်းတို့ကို အင်းစိန် တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွင် ကြက်နမူနာယူ စစ်ဆေးခဲ့ရာ သံသယဖြစ်ဖွယ် ရောဂါမရှိကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အဖြေရခဲ့သည်ဟု ၎င်းက ဆိုသည်။

“ရောဂါရှိရင်တော့ ကျွန်တော်တို့ ဖျက်ဆီးမယ်။ ရောဂါမရှိတဲ့အတွက်ကြောင့် ကော်မတီနဲ့ ခွင့်ပြုလိုက်တယ်။ နောက်တစ်ချက်က ငြိမ်းချမ်းရေးလည်းပါတာပေါ့” ဟု ဒေါက်တာ တင်ဌေးက ပြော၏။

သို့သော် ကြက်များကို ပြန်သယ်ယူသွားသည့်နေ့မှာ ဒီဇင်ဘာ ၂၆ ဖြစ်ပြီး ဓာတ်ခွဲခန်းအဖြေရသည့်နေ့မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ဖြစ်သဖြင့် ရောဂါ ရှိ၊ မရှိ မဆုံးဖြတ်နိုင်ခင် ပြန်ယူသွားခဲ့ခြင်း ဖြစ်သည်။

တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက်လက်မှတ်မပါဘဲ တရားမဝင်တင်သွင်းခဲ့သည်ကို တွေ့ရှိရပါက တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ ပုဒ်မ ၂၃ အရ ဖမ်းဆီးရမိသော ပစ္စည်းကို ပြည်သူပိုင်သိမ်းခြင်းနှင့် ကျူးလွန်သူကို ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်သည်ဟု ဒေါက်တာတင်ဌေးက ပြောသည်။

ယခုဖြစ်စဉ်တွင် ထောက်ခံချက်လက်မှတ်မပါဘဲ တင်သွင်းခဲ့သည်ကို ကော်မတီက စစ်ဆေးတွေ့ရှိခဲ့သော်လည်း အရေးမယူသည့်အပြင် ဖမ်းဆီးရမိသောပစ္စည်းကို ပိုင်ရှင်မှ ပြန်လည်ယူဆောင်ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါက်တာတင်ဌေးက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“ကော်မတီနှင့် သွားထားပြီးသား၊ ကော်မတီရဲ့ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ရခြင်းဖြစ်တယ်။ တစ်ဦးတစ်ယောက်တည်း လုပ်လို့မရဘူး” ဟုပြောသည်။

ပြည်နယ်ကော်မတီတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဥပဒေအရာရှိ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်နယ်စည်ပင်သာယာ၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သည်ဟု ပြောသည်။

ခရိုင်ကော်မတီတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်စည်ပင်သာယာ၊ ဥပဒေအရာရှိ၊ မွန်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးအဖွဲ့နှင့် မွေးမြူရေးလုပ်ငန်း တို့ပါဝင်သည်ဟု ဆိုသည်။

အရေးယူမှုအပိုင်းတွင် ဦးစီးဌာနမှ ဆောင်ရွက်ရခြင်းမဟုတ်ဘဲ ဖမ်းဆီးရမိသည်နှင့် ရဲလက်အပ်ကာ တရားရုံးတွင် တရားစွဲဆိုရခြင်းဖြစ်သည်ဟုဆိုသည်။ မွေး/ကုအနေဖြင့် တရားမဝင်ပစ္စည်း အမှန်တကယ်ဖြစ်ကြောင်း သက်သေအနေဖြင့် တင်ပြရခြင်းသာရှိသည်ဟု ဆိုသည်။

ရှင်းလင်းပွဲ

ထိုကဲ့သို့ တရားမဝင် ကြက်သယ်ဆောင်မှုအပေါ် အစိုးရက အရေးမယူသဖြင့် မွန်ပြည်နယ် မွေးမြူရေး လုပ်ငန်းရှင်များက ဇန်နဝါရီ ၈ ရက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့၏။

တရားမဝင် ကြက် ဝင်ရောက်မှုနှင့် ပတ်သက်ပြီး မွန်ပြည်နယ် မွေးမြူရေး လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးညိုမင်းက ယခုလို ထောက်ပြသည်။

“တရားမဝင် သွားတာဖြစ်တဲ့အတွက် ပြည်နယ်ရဲ့ ဈေးကွက်ကို ထိခိုက်သလို ကျန်းမာရေးစစ်ဆေးတာတွေ မရှိတော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အင်မတန်ကို အန္တရာယ်များပါတယ်”ဟု ဆိုသည်။

ထိုကြက်များမှာ ကျန်းမာရေး စစ်ဆေးမှု မရှိသောကြောင့် ရောဂါဖြစ်ပွားမှုနှင့် ကူးစက်မှုအတွက် အန္တရာယ်ရှိနေသော အခြေအနေတွင် ရှိနေသည်ဟု ၎င်းက ပြောသည်။

တစ်ဆက်တည်း “တိုင်းပြည်ရဲ့ အခွန်ဘဏ္ဍာလုံးဝမရဘဲနဲ့ သူက မှောင်ခိုလမ်းကနေ စီးဝင်လာတာဆိုတော့ တိုင်းပြည်အခွန်ဆုံးရှုံးတယ်”ဟု ဆိုသည်။၎င်းနှင့်အတူ ပြည်နယ် မွေးမြူရေး လုပ်ငန်းရှင်အသင်း ဒုဥက္ကဋ္ဌ ဦးအေးသန်းကလည်း ယခုလို မှတ်ချက်ပြု၏။

“မွန်ပြည်နယ်ရဲ့ မွေးမြူရေးကဏ္ဍက အဲလိုဖြစ်နေရင် ပျက်စီးတော့မယ်။ မြို့ထဲမှာ
ဓားပြတိုက်သလို ပြန်ယူသွားတော့ ကျွန်တော်တို့ လုံခြုံရေးက ဘယ်မှာလဲ။တစ်ရက်ကိုကြက်ကား ၁ဝစီးလောက်ဝင်တယ်”ဟု ဆိုသည်။

တရားမဝင် ကြက်များသည် မော်လမြိုင်သို့ ဘုရားသုံးဆူလမ်း၊ မြဝတီလမ်းတို့မှ ဝင်ရောက်မှုများ ရှိနေသည်ဟုလည်း ၎င်းက ပြော၏။

မုဒုံမြို့မှ မွေးမြုရေးလုပ်ငန်းရှင် ဦးဗိုလ်စိုးကလည်း “ဒီလို တင်သွင်းသယ်ဆောင်လာတာနဲ့ ပတ်သက်ပြီး ဘယ်လို ထိခိုက်မှုရှိသလဲလို့ ပြောရရင် ကျွန်တော်တို့ မွေးမြူရေး လုပ်ငန်းသမားတွေပဲ မဟုတ်ဘူး။ စားသုံးတွေအတွက်ပါ ထိခိုက်တာပါ”ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ ယင်းကိစ္စရပ်အပေါ် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ယခုလို ပြောဆိုသည်။

“ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့မှ တိုင်ကြားမရှိဘူး။ ဒါကတော့သေချာတယ်။ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ ဒါမှမဟုတ် BGF တပ်ဖွဲ့နဲ့ ပတ်သက်ပြီးတော့မှ သက်ဆိုင်ရာ (စရဖ) အဖွဲ့အစည်းနဲ့ ရှင်းလင်းနေကြတယ်။ သတင်းအနေနဲ့ အောက်ခြေမှာ သူတို့ဘာသာ ဖြေရှင်းနေတဲ့အနေအထားကိုပဲ သိထားတယ်”ဟု ဆိုသည်။

ယင်းကိစ္စရပ်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အပါအဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံ စာပို့ရန် ပြည်နယ် မွေးမြူရေးလုပ်ငန်းရှင်အသင်းက စီစဉ်နေသည်။

ထို့ကြောင့် ဖြစ်စဉ် အားလုံးကို ခြုံ၍ ဦးညိုမင်းက ယခုလို မှတ်ချက်ပြုလိုက်သည်။

“ဒီကိစ္စကို ကျွန်တော်တို့ကတော့ နိုင်ငံတော်အဆင့်အထိ သိစေချင်တယ်၊ ယူနီဖောင်းတွေဝတ်၊ လက်နက်တွေကိုင်ထားပြီး ဥပဒေမလိုက်နာတာကို ပြည်သူတွေက ကြောက်နေရဦးမှာလား”ဟူ၍ပင်။

ခေတ်မင်း၊ ထိုက်ထိုက်၊ စန္ဒာဉာဏ်

Leave a Reply