သားအဖနှစ်ဦးကို လက်နက်ကိုင် ၃ ဦးက ဖမ်းဆီးခေါ်ဆောင်သွားမှု ရဲတပ်ဖွဲ့ စုံစမ်းဆဲ

မော်လမြိုင် ဇန်နဝါရီ

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ရော်ဘာခြံတစ်ခြံအတွင်းမှ သားအဖနှစ်ဦးကို အမည်မသိ လက်နက်ကိုင်အမျိုးသား ၃ ဦးက ဖမ်းဆီးခေါ်ဆောင်သွားသည့် လွန်ခဲ့သော သုံးလကျော်က ဖြစ်စဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် အမှုဖွင့်လာသဖြင့် အိန္ဒုနယ်မြေရဲစခန်းမှ တပ်ဖဲွဲ့ဝင်များက လိုက်လံစုံစမ်း ရှာဖွေလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးမွန်ဌေးနိုင် (၄၂ နှစ် ၊ မုဒုံမြို့နယ် ကော့ခလယ်/ကျုံဖိုက်ကျေးရွာနေသူ)နှင့် သားဖြစ်သူ သော်ဇင်ဝင်း (၁၅ နှစ်) တို့နှစ်ဦးမှာ ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့စိန်ဘန်အောက်ကျေးရွာအုပ်စု ရွှေပြည်ထောင်ကျေးရွာနှင့် တံတားဦးကျေးရွာကြားရှိ ၎င်းတို့ပိုင်ရော်ဘာခြံအတွင်းမှ ၂၀၁၈ အောက်တိုဘာ ၈ ရက်ညတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဦးမွန်ဌေးနိုင်၏ဇနီး ဒေါ်မြထွေးမွန်က အိန္ဒုနယ်မြေရဲစခန်းသို့ လူပျောက် လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။

တိုင်ကြားလာမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်းခဲ့ရာ ဦးမွန်ဌေးနိုင်မှာ အသိအကျွမ်းများဖြစ်သည့် ဘားအံမြို့နေ စောအခုပ် (ခ) အောင်မြလွင် (ခ) စောမောင်တူး (၃၇ နှစ်)နှင့် ဦးအောင်နိုင်ဝင်း (၄၂ နှစ်)တို့နှင့်အတူ ယင်းနေ့က ရော်ဘာခြံတဲတွင် အရက်သောက်နေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းသို့ အရက်သောက်နေစဉ် အမည်မသိ အမျိုးသား ၃ ဦး ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး “အိမ်ရှင်သားအဖရှိလား” ဟု မေးသဖြင့် ၎င်းတို့မှလည်း ရှိကြောင်း ပြောဆိုခဲ့ရာ စောအခုပ်နှင့် အောင်နိုင်ဝင်းတို့နှစ်ဦးကို ထုရိုက်ကာ “မဆိုင်ရင်ဖယ်နေ၊ လာမရှုပ်နဲ့” ဟု ပြောဆို၍ တဲအောက်တွင် ထိုင်ခိုင်းခဲ့ကြောင်း သိရသည်။

ထို့နောက် လက်နက်ကိုင်တို့က ဦးမွန်ဌေးနိုင်ကို လက်ထိပ်ခတ်ကာ သားဖြစ်သူကိုပါ ဖမ်းဆီး၍ ဒရင်းအပြာရောင်ဆိုင်ကယ် (နံပါတ်မမှတ်မိ) ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သက်သေများက ထွက်ဆိုကြောင်း အိန္ဒုနယ်မြေရဲစခန်းမှူး ရဲအုပ် မင်းအောင်ထွန်းက ပြောသည်။

“သားအဖနှစ်ဦးကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင် သုံးဦးထဲက တစ်ယောက်က ဦးခေါင်းဆံပင်ဖြူပြီး မျက်နှာမှာ ကျောက်ပေါက်မာတွေနဲ့ တွေ့မြင်ခဲ့ရတယ်” ဟု သက်သေများ ထွက်ဆိုချက်ကို ၎င်းက ပြန်ပြောပြသည်။

သို့ဖြစ်၍ အိန္ဒုနယ်မြေရဲစခန်းမှ (ပ) ၄/ ၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၅ အရ အမှုဖွင့်ကာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခေတ်မင်း

Leave a Reply