ဆေးရုံကြီး၌ လူနာနှင့် လူနာစောင့်အချို့ စနစ်တကျ အမှိုက် စွန့်ပစ်မှု အားနည်းဟု ဆို

မော်လမြိုင် ဇန်နဝါရီ

မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် လူနာနှင့် လူနာစောင့်အချို့ စည်းကမ်းမလိုက်နာခြင်းကြောင့် အမှိုက်ပြဿနာများ ရှိနေသည်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောသည်။

ပြင်ပလူနာဌာန၊ ဆေးရုံပရဝုဏ်၊ လျှောက်လမ်းနှင့် follow up လူနာကြည့်သည့် နေရာများတွင် အမှိုက်ပုံးများ ထားပေးသော်လည်း အချို့မှာ ဗဟုသုတနည်းပါးမှုကြောင့် စနစ်တကျ မစွန့်ပစ်ကြဟု ၎င်းက ပြောသည်။

“လူနာဆောင်ထဲမှာလည်း ဒီအတိုင်းပဲ စားကြွင်းစားကျန်တွေ ပစ်တဲ့အတွက်မို့လို့ လူနာဆောင်ကြားတွေမှာ၊ လျှောက်လမ်းကြားထဲမှာ ကြွက်တွေ သောင်းကျန်းတယ်။ မြေကြီးတွေ ဖောက်တယ်။ သန့်ရှင်းမှု မရှိဘူး။ ရောဂါ ကူးစက်နိုင်တယ်” ဟုဆိုသည်။

Advertisements

လူနာအရေအတွက် များလာသည်နှင့်အမျှ ဝန်ထမ်းအင်အားမှာ လိုက်ပါ တိုးတက်ခြင်း မရှိသော်လည်း သန့်ရှင်းရေးကို တတ်နိုင်သရွေ့ အဓိကထား လုပ်ဆောင်နေသည်ဟု ဆက်ပြောသည်။

“စည်းကမ်းမရှိပါဘူးလို့ မပြောချင်ပါဘူး။ တစ်ခုရှိတာက စည်းကမ်းဆိုတာ အကုန်လုံး ရှိမှ ရမှာ။ အဲဒီလိုမဟုတ်ဘဲ လူနာတစ်ရာမှာ ဆယ်ယောက်လောက်က စည်းကမ်းမရှိဘူးဆိုရင် သွားတာပဲ” ဟု ဒေါက်တာကျော်မြင့်က ပြောသည်။

မော်လမြိုင်ဆေးရုံကြီးတွင် ဌာန ၁ဝ ခုရှိပြီး သန့်ရှင်းရေးဝန်ထမ်း ၅ဝ ကျော်ရှိကာ ရိုးရိုးအမှိုက်အိတ် ၂ဝ ခန့် နေ့စဉ် ထွက်ရှိပြီး စည်ပင်သာယာမှ လာရောက်သိမ်းဆည်းပေးသည်။

သွေးစွန်းနေသော၊ ရောဂါပိုး ကူးစက်နိုင်သော အန္တရာယ်ရှိ အမှိုက်များကိုမူ တစ်ပတ်လျှင် သုံးရက်ကျ မြေမြှုပ်ခြင်း၊ မီးရှို့ခြင်းများ စည်ပင်က ပြုလုပ်ပေးသည်ဟု ဆိုသည်။

ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ဆေးရုံဝန်ထမ်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ စုပေါင်းကာ ဆေးရုံသန့်ရှင်းရေးအတွက် အမှိုက်ကောက် လှုပ်ရှား ကမ်ပိန်းကို လစဉ် ကျင်းပနေသည်ဟုဆိုသည်။

“ကျွန်တော်တို့က အတတ်နိုင်ဆုံး အသိပညာပေးတယ်၊ ပြောပြတယ်။ ဒါပေမယ့်လည်း တစ်ယောက်က သိသွားပြီးတော့ ဆေးရုံဆင်းသွားပြန်တယ်။ နောက်တစ်ယောက်က ပြန်တက်လာတယ် မသိတော့ ထပ် အမှိုက်ပစ်တယ်။ ဒီလိုပဲ ရွာလည်နေတာပေါ့။ လူတွေက အစကတည်းက awareness မရှိတော့ ပစ်တဲ့ ဓလေ့က ဖြစ်ကို ဖြစ်နေတယ်” ဟု ဆိုသည်။

Advertisements

ကမ်ပိန်းပြုလုပ်နေသော်လည်း လူနာနှင့် လူနာရှင်များဘက်မှ သိသိသာသာ ပြုပြင်ပြောင်းလဲမှုများ မတွေ့ရကြောင်း ကိုဘိုဘိုဝင်းကပြောသည်။

စန္ဒာဉာဏ်

Advertisements

Leave a Reply