၂ဝ၂ဝ ရွေးကောက်ပွဲတွင် မဲစာရင်း မှန်ကန်တိကျအောင် ဆောင်ရွက်မည်ဟု ဆို

26

 

မော်လမြိုင် ဇန်နဝါရီ

၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်တိကျအောင် မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်သွားမည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

၂ဝ၂ဝ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင် မွန်ပြည်နယ်အဖွဲ့ခွဲရုံး၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက်တွင် ပြုလုပ်ခဲ့ရာ ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အဓိကကတော့ မဲစာရင်း မှန်ကန်တိကျဖို့ရယ်၊ နောက်ပြီး ဘယ်ပါတီကိုပဲ မဲထည့်ထည့် တရားမျှတပြီး အများ ယုံကြည်လက်ခံသော ရွေးကောက်ပွဲဖြစ်ဖို့ ဝိုင်းဝန်း ကြိုးစားဖို့ပါပဲ” ဟု ၎င်းက ဆိုသည်။

အငြင်းပွားဖွယ် ရွေးကောက်ပွဲ မဖြစ်စေရန်၊ မဲဆန္ဒရှင်အားလုံး ကျေနပ်လက်ခံသော၊ လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်ရန် ထိုသို့ ဆောင်ရွက်ရာတွင် မဲစာရင်း ပြုစုရေး၌ မှန်ကန် တိကျအောင် သင်တန်းပေးခြင်းများ ပြုလုပ်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ အချက်အလက် ကောက်ယူရာတွင် တစ်နိုင်ငံလုံးတွင် အခက်အခဲများ ရှိနေပြီး အငြင်းပွားမှု မရှိစေရန် ပြည်ထောင်စုက ချမှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင် မွန်ပြည်နယ်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးဟိန်းလင်းထက်က ဆိုသည်။

“ဥပဒေအရ သတ်မှတ်ထားတဲ့ မဲပေးပိုင်ခွင့် မရှိဘူးဆိုရင်တော့ မဲစာရင်းမှာ ပါဝင်နိုင်ရေး မပါဝင်နိုင်ရေး စိစစ်မယ်။ စိစစ်တဲ့အပေါ်မှာ ပြန်လည်ပြင်ဆင်မယ်၊ ဖြည့်စွက်မယ်” ဟု ၎င်းက ပြောသည်။

ယင်းအစည်းအဝေးကို ခရိုင်၊ မြို့နယ်များမှ ကော်မရှင် အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသား မဲစာရင်း သတ်မှတ်ရေး၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်၊ နိုင်ငံရေးပါတီ စာရင်းပြုစုရေး၊ မဲဆန္ဒနယ်မြေ သတ်မှတ်ရေးနှင့် ရွေးကောက်ပွဲအပြီး ဆောင်ရွက်ရမည့်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

၂ဝ၁၅  အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တစ်ခုလုံး၌ မဲပေးခွင့်ရှိသူ ၁၄ သိန်း ၇ သောင်း ရှိကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ထိုက်ထိုက်၊ စန္ဒာဉာဏ်

Advertisements

Leave a Reply