မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် တွေ့ဆုံခြင်း

56

“လင်းယုန်က အခုမှ ဥထဲကနေ ပေါက်ပြီး ထွက်လာခါစပဲရှိသေးတယ်။ ပျံလို့ရမယ့်အနေအထား ရောက်လာရင်”

 

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှုများကို ဇန်နဝါရီ ၁၅ ရက်မှစ၍ မွန်ပြည်နယ် တစ်ဝှမ်းတွင် ဖမ်းဆီး အရေးယူမှုများ လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ လုပ်ဆောင်ရာတွင် ကြုံတွေ့ရသော အခက်အခဲ၊ စိန်ခေါ်မှုအပါအဝင် ဖြေရှင်း ဆောင်ရွက်ထားသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် တွေ့ဆုံ မေးမြန်းမှု အချို့ကို ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ အခုလို ရက် ၁၀၀ လင်းယုန် စီမံချက်နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖမ်းဆီးအရေးယူမှု လုပ်ဆောင်နေရတဲ့ အချိန်မှာ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ လက်ရှိဖမ်းဆီးရေးအဖွဲ့က ဖမ်းပြီး လက်ရှိဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း အမှုတွဲတည်ဆောက်ရတယ်။ အမှုတည်ဆောက်ပြီးတော့မှ တရားရုံးကို အမှုစွဲတင်တယ်။ ပြီးတော့ တရားရုံးက အမိန့်ချတယ်။ ဒဏ်ငွေဆောင်ခိုင်းတာပေါ့။ ဒီနေရာမှာ တစ်ရက်တာ ကာလမှာ အမှုပေါင်း ၄၀၀ ကျော်ဖြစ်ပွားတယ်။ ဒီနေ့ဆိုလည်း သုံး လေးရာလောက်ရှိလာမှာပေါ့။ ရှိလာတဲ့အခါမှာ သက်ဆိုင်ရာမြို့နယ်တရားရုံးတွေကနေပြီး သွက်သွက်လက်လက်မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ဆိုတာကလည်း သူ့မှာလည်း အခက်အခဲတစ်ခု သွားနိုင်တယ်။

သူ့ဘာသာသူ ဟိုဘက်မှာ လုပ်နေတဲ့ အမှုတွေရှိမယ်။ ဒီအပေါ်မှာ ဒီဟာတွေထပ်ဝင်လာလို့ရှိရင် ဒီနေရာမှာ နှောင့်နှေးမှုတွေဖြစ်သွားတာ။ ဒီအခက်အခဲတစ်ခု ကျွန်တော်လာတွေ့မိတယ်။ လာတွေ့တဲ့အခါကျတော့ ပြည်သူတွေဘက်ခြမ်းမှ ဒဏ်ငွေဆောင်ချင်သော်လည်း ဒီနေ့ဆောင်လိုက် ဒီနေ့ပြန်ရမှာပဲ အတွေးမျိုး လူ့ရဲ့သဘောသဘာဝအရ ရှိနေမှာပဲ။ ဆိုလိုချင်တာက မြန်မြန်ဆန်ဆန်ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ ဒီဘက်မှာ အခက်အခဲကလည်း ဖြစ်နေမှာပဲ၊ ဆိုလိုတာက အချိန်ကာလတစ်ခုစောင့်ရမယ်။ လက်ရှိမှာ အခက်အခဲဖြစ်ပေါ်နေတာမြင်တယ်။ မြင်တဲ့အတွက် ဒီဟာကို နားလည်ပေးဖို့ လိုအပ်တာပေါ့။

ဟင်္သာမီဒီယာ။ ။ ဒီစီမံချက် လုပ်ဆောင်တဲ့အပေါ် လက်ရှိပြည်သူအချို့ရဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားလဲ။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ ကျွန်တော်တို့ ဖမ်းဆီးရေးအဖွဲ့က ယာဉ်ထိန်း၊ ရဲကိုလည်း ထိုးနှက်ပြောဆိုကြမှာပဲ။ ဒါကပြဿနာမရှိဘူး။ ကျွန်တော်တို့ ဝန်ထမ်းတွေ ဒါမျိုးခံလာတာ တစ်သက်လုံးပဲ။ အဓိကတော့ စည်းကမ်းစနစ်တကျလေးဖြစ်သွားစေချင်တယ်။ ဦးထုပ်ဆောင်းလာပြီးတော့မှ စည်းကမ်းတကျမောင်းနှင်မယ်။ မောင်းလာရင် ယာဉ်လမ်းကြောကအစ သိဖို့လိုတာပေါ့။

ကားလမ်းပေါ်တက်လာရင် လမ်းကြောင်းမသိဘဲနဲ့တော့ လိုင်စင်တစ်ခုရထားပေမယ့် လမ်းကြောင်းမသိဘဲ ရထားတဲ့ လိုင်စင်မျိုးလည်းရှိနိုင်မယ်။ ဒါကိုလည်း (ကညန) ဘက်ကနေ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ဖို့ ပြောထားပြီၤးသားဖြစ်ပါတယ်။

ဟင်္သာမီဒီယာ။ ။ ယာဉ်တွေ အန္တရာယ်ကင်းရှင်းပြီး စည်းကမ်းစနစ်တကျရှိစေဖို့အတွက် ဘယ်လိုတွေ လုပ်ဆောင်ထားဖို့ စီစဉ်ထားလဲ။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ ရေရှည်မှာ စည်းကမ်းတကျမောင်းနှင်ဖို့အတွက် ယာဉ်မောင်းသင်တန်းတွေ တက်မယ်။ လိုင်စင်လျှောက်တဲ့နေရာမှာ တိတိကျကျ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း စာမေးပွဲဖြေတာကအစ ဆောင်ရွက်ပြီးတော့မှ လက်တွေ့မောင်းနှင်ပြီးတော့မှ ဒီလိုင်စင်တွေရလာမယ်ဆိုတဲ့ အနေအထားမျိုး။ အခုလည်း (ကညန) ရုံးမှာ လိုင်စင်လျှောက်တဲ့ သူတွေနဲ့ တွေ့ခဲ့ပါတယ်။ တော်တော်လေးများလာတဲ့အနေအထားမျိုး။ ဒါကကောင်းတဲ့လက္ခဏာပေါ့။ ဒီနေ့မှာလည်း (ကညန) ဘက်က ဝန်ထမ်းတွေကိုလည်း ပြောထားပြီးသားပါ။ ညွှန်မှူးတို့ကလည်း သေသေချာချာစိစစ်ပြီးမှ ထုတ်ပေးမယ်။

ယာဉ်စည်းကမ်းအမှန်တကယ်နားလည်သော်လည်း လိုက်နာဖို့ အရေးကြီးတယ်။ တစ်ချို့လူငယ်တွေ တွေ့ပါတယ်။ ဆိုင်ကယ်ပေါ်ရောက်သွားရင် ဂျိမ်းစ်ဘွန်းမင်းသားလို ကွေ့ကောက်ကွေ့ကောက်ပြီး မောင်းနေကြတယ်။ ဒီအကျင့်လေးတွေပေါ့။ ခရီးတစ်ခုသွားမယ်ဆိုရင် မြို့တွင်းမှာ ကျွန်တော်ပြောချင်တာ ဘယ်လောက်ပဲလောကြီး လောကြီး သေရေးရှင်ရေးဖြစ်စရာအကြောင်းမရှိဘူး။ မောင်းသွားရင် အလွန်ဆုံး မြန်မြန်မောင်းမှ အရှိန်တစ်အားတင်ပြီး မောင်းသွားလည်း ၁၅ မိနစ်ထက်ပိုပြီး မရောက်နိုင်ဘူး။

ဖြည်းဖြည်းပုံမှန်မောင်းသွားလို့ ၁၅ မိနစ်ပိုလျော့သွားစရာအကြောင်းမရှိဘူးလို့ ထင်ပါတယ်။ ဒါက လူတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်လေးတွေအပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။

ဟင်္သာမီဒီယာ။ ။ လင်းယုန်စီမံချက်ရဲ့ သဘောတရားကို ပြည်သူလူထုသိရှိနားလည်အောင် ရှင်းပြပေးပါဦး။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ လင်းယုန်စီမံချက်ကို ဥပဒေအတိုင်းဆောင်ရွက်သွားမှာဖြစ်တယ်။ ဥပဒေအတိုင်းဆောင်ရွက်တဲ့နေရာမှာလည်း တစ်ဆင့်ချင်းစီသွားမှာ၊ ဖြည်းဖြည်းချင်းစီသွားမှာ၊ စီမံချက်ဟာ အခုမှ နှစ်ရက်ပဲရှိသေးတယ်။ လင်းယုန်က အခုမှ ဥထဲကနေ ပေါက်ပြီး ထွက်လာခါစပဲရှိသေးတယ်။ ပျံလို့ရမယ့်အနေအထားရောက်လာရင် ပျံနိုင်တဲ့အနေအထားရောက်သွားလိမ့်မယ်။ သုတ်နိုင်တဲ့ အနေအထားရောက်ရင် သုတ်နိုင်တဲ့အနေအထား သူ့ဟာသူရောက်သွားလိမ့်မယ်။

လင်းယုန်ဆိုတဲ့ သဘောတရားအတိုင်း ဖြည်းဖြည်းချင်းသွားမှာ ဒီအပေါ်မှာ ဝေဖန်မှုတွေရှိနေမယ်ဆိုရင် ရှိပါစေ။ ပြဿနာမရှိဘူး။ ကျွန်တော်တို့က ဒီတာကို ပြန်ကြည့်ပေးတယ်ဆိုတာ လက်ရှိ ပြည်သူတွေအခုလုပ်ဆောင်နေတယ်၊ မီဒီယာပေါ်တက်လာတယ်၊ ဒီအပေါ်မှာ ပြန်ကြည့်တယ်၊ ကြည့်ပြီးတော့မှ တစ်ဆင့်ချင်းသွားမယ်။

အဓိကကျွန်တော်လုပ်တဲ့ ရည်ရွယ်ချက်က ယာဉ်အန္တရာယ်ကင်းရှင်းပြီး လူ့အသက်သေဆုံးမှုလျော့ကျစေဖို့ဖြစ်တယ်။ စီမံချက်ဆိုတဲ့ သဘောတရားက သူ့ကာလ သူရှိတယ်။ ကျွန်တော်တို့ နိုင်ငံမှာတောင်မှ နှစ် ၂၀ စီမံကိန်းတို့ နှစ် ၂၀ စီမံချက်တို့ရှိသေးတာပဲ။ အဲဒီနှစ် ၂၀ မှာ ကျွန်တော်တို့ သေသွားလည်း နောက်လူတွေက ဆက်လုပ်ရဦးမှာပဲ။ စီမံချက်ဆိုတဲ့ သဘောတရားကို နားလည်ဖို့ လိုတယ်။

စီမံချက်ဆိုတာ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေ ကျွန်တော်တို့လိုချင်တဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရောက်ရှိနိုင်ဖို့အတွက် အခန်းကဏ္ဍတစ်ခုကနေ ဖြတ်ထွက်သွားဖို့ ဆောင်ရွက်ရမယ့် အစီအမံတွေ သုံးသပ်မယ်။ သုံးသပ်ပြီးရင် နောက်ထပ်စီမံချက်ကို ဒီဟာတွေနဲ့ ပတ်သက်ပြီး မြို့အနေအထား ပြည်နယ်အနေအထား လက်ရှိလုပ်လိုက်တဲ့ အနေအထားအပေါ် အားနည်းချက် အားသာချက်တွေ သုံးသပ်ပြီး နောက်ထပ်စီမံချက်ကို ဒီထက်အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာဖြစ်တယ်။

ဒါကို တစ်သက်လုံးလုပ်သွားမှာဖြစ်တယ်။ ကျွန်တော်မရှိလည်း နောက်လူတွေ ဆက်လုပ်သွားမှာပဲ၊ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့အတွက်ဆိုရင် စီမံချက်တွေ တစ်ဆင့်ချင်းသွားတယ်။ စီမံချက်ဆိုတဲ့ သဘောတရားကို နားလည်ဖို့လိုတယ်။ မလုံလောက်ဘူးဆိုတာကတော့ ကျွန်တော်တို့ သေသွားလည်း လုံလောက်စရာ အကြောင်းမရှိဘူး။
လူတွေရှိနေသမျှ ကာလပတ်လုံး လုံလောက်စရာအကြောင်းမရှိဘူး။ ဒီသဘောတရားသွားတာ။ ကျွန်တော်ပြောပြီးသားဖြစ်တယ်။ စည်းကမ်းရှိစေဖို့အတွက် လုပ်တယ် တစ်ဆင့်ချင်းစီသွားမှာ။ အဲနေရာမှာ မရောက်ခင်မှာ ပျောက်ကောင်းပျောက်သွားနိုင်တယ်။ လုပ်ရတဲ့ ဝန်ထမ်းအခက်အခဲ အများကြီးပဲ။ ညလည်း အိပ်လု့ိရမှာ မဟုတ်ဘူး။ လူတစ်ယောက်ကို အမှုတွဲ ၁၀ မှုလောက်ရေးရတာ မယုံရင် လာထိုင်ရေးကြည့်ပါ။ အချိန်ကာလအများကြီးပေးရတယ်။ နေ့မှာလုပ်မယ်၊ ညမှာရေးမယ်၊ ဒါပြီးရင် တရားရေးပိုင်းမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ ဒါကို ဝုန်းဒိုင်းလုပ်ဖို့မရှိဘူး။ လုပ်စရာအကြောင်းလည်း မရှိဘူး။

ကိုယ့်ပြည်သူတွေမနစ်နာအောင် အကောင်ဆုံးဖြစ်အောင် သွားရမှာ။ ကျောင်းသူ၊ ကျောင်းသားအပိုင်းတွေ အများကြီးတွေ့တယ်။ ဖမ်းလိုက်တာက လွယ်လွယ်လေး၊ ခဏလေးရယ်၊ ဖမ်းလိုက်ပြီးရင် နောက်ဆက်တွဲ ပြဿနာတွေက ရှုပ်တယ်။ လူတွေလည်း ပင်ပန်းတယ်။ နှစ်ဦးနှစ်ဖက်လုံးလုပ်တာ တန်ပြန်တဲ့ အကျိုးသက်ရောက်မှုဆိုတာရှိတယ်။ သူတို့ဘက်က စိတ်ညစ်ရင် ကိုယ်ဘက်မှာလည်း စိတ်ညစ်နေရမှာပဲ။

ဟင်္သာမီဒီယာ။ ။ အခုဆိုရင် နေ့လယ်ပိုင်းတွေ လုပ်တယ်၊ ညနေပိုင်းရော အစီအစဉ်ရှိလား။
ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ စီမံချက်မှာ ပါပြီးသားပါ။ ညပိုင်းလည်း သူ့အချိန်ရောက်တဲ့အခါ လုပ်ဆောင်သွားမှာဖြစ်တယ်။ နိုင်တာမနိုင်တာထက် လုပ်ဆောင်ရမယ့် အချိန်တွေ ပိုများသွားမယ်။ ဒီအပေါ်မှာ လုပ်နိုင်မယ့် အတိုင်းအတာနဲ့ ရသမျှအင်အား ထုတ်နုတ်ပြီး လုပ်ဆောင်နေတာဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။လက်ရှိ မော်တော်ယာဉ် ဥပဒေတွေကို ဘယ်လိုမြင်လဲ။ ဘယ်အပိုင်းတွေက ပြင်ဆင်ဖို့ရှိလဲ၊ အားနည်းချက်က ဘာတွေ ရှိနေလဲ။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးကတော့ ဥပဒေပညာရှင်တွေ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ ဒါလေးတွေ ညှိနှိုင်းပြီးတော့မှ ဥပဒေပြုနိုင်တဲ့ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဥပဒေပြုနိုင်တဲ့ လွှတ်တော်နဲ့ ပတ်သက်ပြီး ဥပဒေပြုနိုင်တဲ့ ပုဂ္ဂိုလ်များကနေပြီးတော့ ဒီဟာ (ဒီယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုမရှိတဲ့ ယာဉ်တွေ အရေးယူမှု ပြုလုပ်တဲ့ဟာ) အတိုဆုံးနဲ့ ဘယ်လို သွက်သွက်လက်လက် အမြန်ဆုံးဖြစ်အောင်၊ ပြီးရင် ထိထိရောက်ရောက်ဖြစ်ဖို့၊ ခုနလို ဒဏ်ကြေးဆောင်ခိုင်းတယ်။ နောက်တစ်ကြိမ်ဆို နှစ်ဆလား သုံးဆလားပေါ့။

ကျွန်တော်တို့မှာ နည်းပညာမမြင့်မားပေမယ့် လူအင်အားနဲ့ လုပ်ရမယ့်ဟာဆို လူအင်အားနဲ့ လုပ်ရဦးမယ်။ ဒီလိုအနေအထားမျိုးမြင်တယ်။ ဒီလိုပုံစံမျိုးဖြစ်စေချင်တဲ့ ဆန္ဒပေါ့။ ဒါလေးကတော့ လွှတ်တော်အနေနဲ့ တွက်ရင် သေးသေးလေးပါ။

ဒါပေမဲ့ လက်ရှိတစ်နိုင်ငံလုံးမှာ လုပ်နေတဲ့ အနေအထားက သိပ်ကြန့်ကြာနေတယ်။ ပြည်သူတွေကလည်း တကယ်မကြိုက်ဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖမ်းမိတယ်။ ဒဏ်ကြေးဆောင်မယ်။ ချက်ချင်းဆောင်မယ်။ ပြီးရင် သူ့ဟာသူ ပြန်ထွက်သွားမယ်။ နောက်ဒီယာဉ်စည်းကမ်းကို သူမဖောက်တော့ဘူး။ ဒီအသိလေး သူစိတ်ထဲဝင်သွားမယ်၊ ဒါဆိုရင် သူ့အတွက်လည်း အဆင်ပြေမယ်။ လုပ်ရတဲ့ ဝန်ထမ်းလည်း အဆင်ပြေမယ်။ စာရွက်စာတမ်းဖိုးလည်း တော်တော်လေးနည်းသွားမယ်လို့ ထင်တယ်။ အခု စာရွက်တစ်ရွက်တန်ဖိုးက နည်းတာမဟုတ်ဘူး။ ဈေးနှုန်းအရ တွက်မယ်ဆိုရင်။ ဒီမှာတည်ဆောက်ရတာ ပိုက်ဆံတွေက လာကုန်နေတယ်။ နိုင်ငံတော်ဘတ်ဂျက်မှာလည်း လာထိခိုက်တာပေါ့။ စာရွက်စာတမ်းရုံးလုပ်ငန်းရဲ့ သဘောသဘာဝအရပေါ့။

ဒါကို ဝိုင်းဝန်းစဉ်းစားပေးဖို့လိုတာပေါ့။ လွှတ်တော်အနေနဲ့ရော ဥပဒေပညာရှင်တွေအနေနဲ့ ပြုပြင် ပြင်ဆင်ပေးနိုင်ရင် ကျွန်တော်အနေနဲ့ အကောင်းဆုံးဖြစ်လာမယ်လို့ ယူဆမိတယ်။ ဒါကို လုပ်ငန်းဆောင်ရွက်နေရတဲ့ နေရာမှာ စိန်ခေါ်မှု တစ်ခုလို့ တွေ့မြင်နေရတယ်။

ဟင်္သာမီဒီယာ။ ။ ဒီစီမံချက် ထိထိရောက်ရောက် ကိုင်တွယ်နိုင်အောင် ဘယ်လိုတွေ လုပ်ဆောင်သွားဖို့ ရှိလဲ။

ဗိုလ်မှူးကြီး နေထွဋ်ဦး။ ။ အခုဆိုရင် တစ်ရက်အတွင်း မြန်မြန်ဆန်ဆန်နဲ့ အတိုဆုံးဖြစ်အောင် တရားရေးနဲ့ရော ဥပဒေပိုင်းနဲ့ရော ဆွေးနွေးထားပြီးပါပြီ။ ဖမ်းဆီးရေးအဖွဲ့မှာ ဥပဒေအရာရှိတစ်ဦး လိုက်ပါပြီး အမှုတရားစွဲတင်နိုင်ဖို့ပေါ့။ တရားရေးပိုင်းကလည်း အမြန်ဆုံးဆောင်ရွက်ပေးဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ဒီကြားထဲ အကောင်းဆုံးအခြေအနေတစ်ခုဖြစ်အောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပြီး အသက်အန ္တရာယ်မဖြစ်အောင် လျှော့ချနိုင်ပြီး ပပျောက်သွားအောင်လုပ်နိုင်ရေး စီမံချက်ရဲ့ ရည်ရွယ်ချက် အောင်မြင်အောင် တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားပါ့မယ်။

Written by ခေတ်မင်း

Advertisements

Leave a Reply