Advertisements

နတ်ရုပ် အသစ်လဲ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ခုနစ်ဦး အတိုင်ခံရ

ထားဝယ် ဇန်နဝါရီ

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရပ်ကွက်မှ နတ်ကွန်းတစ်ခုရှိ ရွာပိုင်ဘိုးဘိုးရုပ်တုကို ဖယ်ရှားပြီး ရုပ်တုသစ် အစားထိုးလဲလှယ်ခြင်းကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဇော်အောင် အပါအဝင် ခုနစ်ဦးအား အမှုဖွင့်ပေးရန် မူလရုပ်တုအလှူရှင်ဆိုသူက သရက်ချောင်းမြို့မရဲစခန်းတွင် ဇန်နဝါရီ ၁၅ ရက်က တိုင်ကြားခဲ့ကြောင်း သိရသည်။

မူလရုပ်တုကို ဇန်နဝါရီ ၁၃ ရက်တွင် ဖယ်ရှား၍ ရုပ်တုသစ် အစားထိုးခြင်းကြောင့် အမှုဖွင့်ပေးရန် တိုင်ကြားခြင်းဖြစ်သည်ဟု ကာယကံရှင်က ဆို၏။ “အရင် ၂၃နှစ် ပူဇော်လာပြီးမှ အခုမှ လာလဲလို့ အဲဒါ မကျေနပ်လို့ အမှုဖွင့်တယ်”ဟု တိုင်ကြားသူ ဦးဉာဏ်ဝင်းက ပြောသည်။

တိုင်ကြားခံရသူများထဲမှ တစ်ဦးဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်ဝမ်းက“ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဘယ်သူပိုင်ရှင်လဲဆိုတာ ကျွန်တော်တို့ မသိဘူး၊ ကမ္ဗည်းထိုးထားတာလည်း မရှိဘူး၊ ကမ္ဗည်းထိုးထားမှသာလျင် ဘယ်သူ လှူထားတယ်ဆိုတာ သိမယ်”ဟု ပြောသည်။

Advertisements

ယခင်အုပ်ချုပ်ရေးမှူးများထံ မေးမြန်းကြည့်ရာ ရုပ်တုကို အုပ်ချုပ်ရေးမှူးများကဦးဆောင်ပြီး ပြုပြင်လာခဲ့သည်ဟုသိရကြောင်း၊ မိမိအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ချိန်ကလည်း ဦးဉာဏ်ဝင်းက ရုပ်တုကို လာရောက်ပြုပြင်ခြင်း မရှိကြောင်း တိုင်ကြားခံရသူက ဆို၏။

အတိုင်ခံရသူ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးရဲဇော်အောင်က “တိုင်ထားတာနဲ့ပတ်သက်ပြီး လိုက်ရှင်းဖို့ပဲ ရှိတယ်၊ အထွေထွေ အထူးထူး ပြောစရာမရှိဘူး”ဟု ပြောသည်။

ယင်းသို့ တိုင်တန်းခြင်းနှင့်ပတ်သက်၍ အမှုဖွင့်ထားခြင်း မရှိသေးဘဲ ဥပဒေဘောင်နှင့်ညီလျှင် အမှုဖွင့်မည်ဟု သရက်ချောင်း မြို့မရဲစခန်းမှူး ဒုရဲမှူး မြသောင်းက ဇန်နဝါရီ၂၁ရက်တွင် ပြောသည်။

တင့်လွင်

Advertisements

Leave a Reply