Advertisements

မြေမြှုပ်မိုင်း ပြဿနာ ဖြေရှင်းရန် နည်းလမ်းရှာနေဟု ဆို

မော်လမြိုင် ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် ဖြစ်ပေါ်နေသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ပြဿနာ ဖြေရှင်းရန် နည်းလမ်း ရှာနေသည်ဟု မွန်ပြည်သစ်ပါတီ NMSP ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ဟင်္သာမီဒီယာသို့ ပြောသည်။

“အခုလို ဘာကြောင့် ဖြစ်နေတယ်။ လူထုတွေ ထိခိုက်နစ်နာနေတယ်။ နည်းလမ်းရှာနေတာပဲ ၊အခုလည်း တို့နည်းတို့ဟန်နဲ့ လိုက်ပြီးတော့မှ ဖြေရှင်းနေတဲ့ ပုံစံတွေ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် မြေမြှုပ်မိုင်း ပြဿနာ ဖြေရှင်းရန် ကရင်အမျိုးအသား အစည်းအရုံး KNU နှင့်လည်း ညှိနှိုင်းလျက်ရှိကြောင်း ၎င်းက ပြောသည်။

Advertisements

ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာ၌ မြေမြုပ်မိုင်း ၄ ကြိမ် ပေါက်ကွဲခဲ့ပြီး လူ ၂ ဦး ခြေထောက်ဆုံးရှုံးသွားကာ တစ်ဦးမှာ  ခြေဆစ်ရိုးများ ပျက်စီးသွားသည်။

ယင်းနောက် ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စု၊ မျောက်ချောရွာအနီး အိုင်မဲနေရာ၌ မြေမြှုပ်မိုင်း ၃ လုံး ထပ်မံပေါက်ကွဲခဲ့ရာ ကျွဲတစ်ကောင်ခြေပြတ်ခဲ့ပြီး ဆိုင်ကယ် ၂ စီးပျက်စီးခဲ့ကာ လူအသေအပျောက်ညမရှိခဲ့ပေ။

မြေမြှုပ်မိုင်း ပေါက်ကွဲမှုကို နယ်မြေခံလက်နက်ကိုင်များအနေဖြင့် မိုင်းရှင်းလင်းရေး အလေးအနက်ထား လုပ်ဆောင်သင့်သည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက တိုက်တွန်းပြောဆိုသည်။

“ဒီကိစ္စကို UPDJC က ဖိအားပေးပြီး အတင်းရှင်းခိုင်းတာထက် နယ်မြေခံ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ KNU နဲ့ မွန်ပြည်သစ်အဖွဲ့အနေနဲ့ အလေးအနက်ထားပြီး ကိုယ့် အသိစိတ်ဓာတ်နဲ့ ကိုင်တွယ်ဖြေရှင်းဖို့၊ လိုက်လံရှင်းလင်းဖို့ လုပ်သင့်တယ်လို့ ယူဆတယ်” ဟု ၎င်းက ဆိုသည်။

မိုင်းရှင်းလင်းရေးကိစ္စကို ပူးပေါင်းလုပ်ဆောင်ရန် နှစ်ဖွဲ့သဘောတူညီထားသည်ဟုသာ သိထားပြီး မည်ရွေ့မည်မျှ အင်အားသုံး ဖြေရှင်းနေကြောင်း၊ မည်သည့်နယ်မြေမှာ လုံခြုံစိတ်ချသည့် အဆင့်ရောက်ကြောင်း ပြည်သူလူထု သိရှိအောင် ပွင့်ပွင့်လင်းလင်း ထုတ်ပြန်သင့်သည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် ဒေသခံ တောင်သူများအနေဖြင့် ခြံ၊ ဥယျာဉ်၊ လုပ်ငန်းခွင်သို့ သွားရောက်ရန် စိုးရိမ်မှုများ ရှိနေကြောင်း ယင်းဒေသခံများက ပြောသည်။

စန္ဒာဉာဏ်

Advertisements

Leave a Reply