မုဒုံမြို့နယ်တွင် ထိုင်းဘတ်ငွေစက္ကူများ လက်ဝယ်တွေ့ရှိသည့် လူနှစ်ဦးကို အမှုဖွင့်

155

မော်လမြိုင်၊ ဇန်နဝါရီ ၂၅

မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာ၊ ဝင်းစိန်တောရ (ဗျိုင်းနှစ်ကောင်) ဘုရားသွားလမ်းဘေးတွင် ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်က ထိုင်းဘတ်ငွေစက္ကူများ လက်ဝယ်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ မူခင်းကူဌာနစုမှ တပ်ဖွဲ့ဝင်များက စစ်ဆေးတွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ ဝင်စိန်တောရ (ဗျိုင်းနှစ်ကောင်) ဘုရားသွား လမ်းဘေး၌ ရဲတပ်ဖွဲ့ဝင်များက စောင့်ဆိုင်းနေစဉ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နေ ကိုသစ္စာ (၄၈ နှစ်) နှင့်ပဲခူးတိုင်းဒေသကြီးနေ မအေးအေးသန်း (ခ) ဖြူဖြူဝင်းတို့ရောက်ရှိလာသဖြင့် ၎င်းတို့နှစ်ဦးကိုယ်ခန္ဓာကို စစ်ဆေးရှာဖွေခဲ့ကြောင်း ဖမ်းဆီးရေးရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စိတ်ကြွရူးသွပ်ဆေးပြားတွေ လာရောင်းချတဲ့သူထင်ပြီး မသင်္ကာလို့ စစ်ဆေးကြည့်လိုက်တော့ သူတို့နှစ်ဦးစလုံးမှာ နိုင်ငံခြားငွေတွေကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာ”ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိ တစ်ဦးက ပြောသည်။

ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ ကိုသစ္စာဝတ်ဆင်ထားသော အနွေးထည်အင်္ကျ ီအိတ်ကပ်အတွင်းမှ ထိုင်းငွေစက္ကူ ၇၅၀ ဘတ်နှင့် မအေးအေးသန်းကိုင်ဆောင်ထားသော ပိုက်ဆံအိတ်အတွင်းမှ ထိုင်းငွေစက္ကူ ၉၆၀ ဘတ်တို့ကိုသာ ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ပစ္စည်းတစ်စုံတစ်ရာမှ မတွေ့ရှိခဲ့ရကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ်တွေ့ရှိခဲ့သည့် ကိုသစ္စာနှင့် မအေးအေးသန်းတို့နှစ်ဦးကို မုဒုံမြို့မရဲစခန်းတွင် ၂၀၁၂ ခုနှစ်၊ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂ အရ အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခေတ်မင်း

Advertisements

Leave a Reply