တောမီးကြောင့် ရာဘာ ၁၀ဧကခန့် ဆုံးရှုံး

ထားဝယ် ဇန်နဝါရီ ၂၅

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် နခံတောကျေးရွာရှိ ရပ်ခံတောင် အနောက်ဖက်လျှိုအတွင်း ဇန်နဝါရီ၂၄ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တောမီးလောင်ကျွမ်းခဲ့ရာ ရာဘာပင် ၁၀ဧကခန့် မီးလောင်ဆုံးရှုံးမှုခဲ့ရကြောင်း သိရသည်။

ရပ်ခံတောင် ဘုန်းတော်ကြီးကျောင်းမှ ရာဘာပင် နှစ်ဧကခန့်၊ ပုဂ္ဂလိက ရာဘာခြံ နှစ်ခြံမှ ၈ဧကခန့် စုစုပေါင်း ၁၀ဧကခန့် မီးလောင်သွားခဲ့ကြောင်း ဖြစ်စဉ်ကြောင့် ရာဘာပင် ၅ ဧကခန့် ဆုံးရှုံးခဲ့သူ နခံတောကျေးရွာနေ ဦးသိန်းအောင်က ပြောသည်။

မီးလောင်မှုအခြေအနေနှင့် ပတ်သက်၍ ၎င်းက “မီးခိုးတက်နေလို့ ကျွန်တော် လာကြည့်တယ်။ တစ်နာရီလောက်ရှိပြီး မီးများများလာတယ်။ လမ်းမကူးအောင် တားတယ်၊ မရဘူး။ ၁နာရီလောက်လည်း ဖြစ်လာတော့ မီးတအား ကြမ်းလာတယ်၊ အလုပ် မပါတော့ဘူး(မနိုင်တော့ဘူး)”ဟု ပြောသည်။

အဆိုပါနေရာတွင် တစ်နှစ်၊ သို့မဟုတ် နှစ်နှစ် တစ်ကြိမ်ခန့် ဆေးလိပ်မီးကြောင့်လည်းကောင်း၊ ပျားဖွပ်ရာမှလည်းကောင်း၊ ပေါ့ဆမီးကြောင့်လည်းကောင်း မီးလောင်ကျွမ်းလေ့ရှိကြောင်း ဒေသခံ ရာဘာခြံရှင်များက ပြောသည်။

မီးလောင်ရာသို့ ထားဝယ်၊ လောင်းလုံး၊ မောင်းမကန်နယ်မြေများရှိ မီးသတ်တပ်ဖွဲ့တို့မှ မီးသတ်ယာဉ် နှစ်စီး၊ ရေ သယ်ယာဉ် တစ်စီး၊ အရပ်ဖက်လူမှုကူညီရေးအသင်းမှ မီးသတ်ယာဉ် နှစ်စီး၊ ပုဂ္ဂလိက ရေယာဉ် သုံးစင်းကို အသုံးပြုလျက် အရန် မီးသတ်နှင့် ဒေသခံ ၅၀ ခန့်ပါ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ညနေ ၄နာရီခန့်တွင် မီးညွန့်ကျိုးသွားခဲ့ကြောင်း လောင်းလုံးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

တင့်လွင်

Leave a Reply