ကျွဲကောစီမံကိန်း အကောင်အထည် မဖော်နိုင်သေး

မော်လမြိုင် ဇန်နဝါရီ

နိုင်ငံခြားဈေးကွက်ရှိသော်လည်း ကိုက်ညီသည့် ရေမြေအနေအထား မရှိတော့သဖြင့် ကျွဲကောစီမံကိန်း အကောင်အထညမဖော်နိုင်သေးကြောင်း ပြည်နယ် စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးကပြောသည်။

“ကျွဲကောရယ်၊ အုန်းရယ်၊ ကြံရယ် ပရောဂျက်ချထားတယ်။ ကျွန်တော်တို့ အစိုးရသက်တမ်းမှာ ဒါလေးကို ဖြစ်မြောကအောင် တွန်းအားပေးသွားမယ်။ ဒါပေမယ့် ကျွဲကောတစ်ခုက ကိုက်ညီတဲ့ရေမြေအနေအထား မွန်ပြည်နယ်မှာ ကုန်သလောက်ဖြစ်နေပြီ” ဟုဆိုသည်။

ဒေသထွက် ကျွဲကောသီးများကို စင်ကာပူနှင့် ဟောင်ကောင်တို့မှ ဝယ်ယူရန် ကမ်းလှမ်းနေသော်လည်း လက်ရှိတွင် export အရည်အသွေးမီ မျိုးကောင်းမျိုးသန့် ကျွဲကောများမရှိကြောင်း၊ ဇုန်အနေဖြင့် ပမာဏ အမြောက်အမြား စိုက်ပျိုးရန် မြေနေရာ မရှိတော့ကြောင်း ဦးထွန်းဌေးကပြောသည်။

Advertisements

“ကျွဲကောက ရေမရှိရင် မရဘူး။ အဓိက ဆည်ရေသောက်ရေ ရမှ။ မုဒုံမှာလည်းစိုက်တယ် အဲကထွက်တဲ့ ကျွဲကောသီးတွေ အမျိုးအစားကောင်းတာရှိတယ်။ ဒါပေမယ့် နိုင်ငံခြားကို ဘယ်လိုသွားပို့မလဲ နည်းနည်းလေးဟာ” ဟု ၎င်းက ဆိုသည်။

ပြည်နယ်တွင် ရာဘာစိုက်ပျိုးမှု များသဖြင့် ကျွဲကောအတွက် မြေနေရာမရှိတော့ကြောင်း၊ ကျိုက်မရောတွင် မြေလွတ်မြေလပ်ပေါများသော်လည်း ရေဝပ်သောကြောင့် အဆင်မပြေကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (မွန်ပြည်နယ်) ဥက္ကဋ္ဌ ဦးအေးသန်းက “ရေမြုပ်တာလည်း ပြဿနာမရှိဘူး။ တစ်မြောင်းတစ်ဘောင်စနစ်လုပ်ပြီး စိုက်မယ်ဆိုရင် ဖြစ်တာပေါ့။ ကုန်ကျစရိတ်တော့ နည်းနည်းများမယ်။ အခု ပေါင်မြို့နယ်ထဲမှာ တောင်သူတွေနဲ့ ဧက ၁၅ဝ လောက်ကို နောက်နှစ်ထဲမှာစဖို့ ရှိတယ်” ဟုဆိုသည်။

ကုမ္ပဏီတစ်ခုမှ ကျိုက်ထိုမြို့နယ်ရှိ အစိုးရပိုင် အင်္ဂပူခြံ၏ ဧက ၁၃ဝဝ ကျော်အား ကျွဲကောစိုက်ရန် BOT စနစ်ဖြင့် ငှားရမ်းထားသော်လည်း သတ်မှတ်ချက်အမီ မစိုက်ပျိုးနိုင်သဖြင့် ၎င်းတို့အား ဧက ၅ဝဝ ခန့်ခွဲဝေပေးရန် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် ပြည်ထောင်စုကို တင်ပြခဲ့သော်လည်း ခွင့်ပြုပေးခြင်းမရှိကြောင်း ဦးအေးသန်းကပြောသည်။

မွန်ပြည်နယ်တွင် ကျွဲကောစိုက်ပျိုးမြေ ၂၃၄၈ ဧက ရှိပြီး တစ်ဧက အထွက်နှုန်း ၅၆၁၃ လုံးရှိသည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ထံမှသိရသည်။

စန္ဒာဉာဏ်

Advertisements
Advertisements

Leave a Reply