ထားဝယ် – မြိတ် ရထားလမ်း စီမံကိန်းမြေအချို့ မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်မည်

32
Photo - ပြည်သူ့လွှတ်တော်

မော်လမြိုင် ဇန်နဝါရီ

မြန်မာ့မီးရထားအနေဖြင့် ထားဝယ်-မြိတ် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ဆက်လက်ဖော်ဆောင်ရန် မရှိသဖြင်‌့ သရက်ချောင်း-သမုတ်လမ်းပိုင်းကို လက်ရှိ အနေအထားအတိုင်း မူလပိုင်ရှင်များထံပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်မျိုးက ပြောကြားသည်။

ပေးအပ်မည့်မြေတွင် သရက်ချောင်း-ပုလောအပိုင်းရှိ မြေသားလုပ်ငန်း ဆောင်ရွက်ဆဲ သုံးမိုင်နှင်‌့ သမုတ်-ဘုတ်ြ

ခံ-ပုလောအပိုင်းရှိ မြေသားလုပ်ငန်း ဆောင်ရွက်ဆဲ ၁၀ မိုင်တို့ ပါဝင်သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့အစီအစဉ်ကို ဇန်နဝါရီ ၂၃ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ထားဝယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန် မေးမြန်းသည့် မေးခွန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်မျိုးက ပြန်လည်ဖြေကြားရာ၌ ယင်းသို့ဆိုလိုက်ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်က ထားဝယ်-မြိတ် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းတွင် ပါဝင်သွားသော မြေယာများအတွက် မြေယာ လျော်ကြေးပေးအပ်ရန် သို့မဟုတ် ရထားလမ်းအဖြစ် ဆက်လက်အသုံးမပြုသည့် ထိုမြေယာများကို မူလပိုင်ရှင် တောင်သူလယ်သမားများလက်သို့ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိမရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာ၌ ယခင်ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင်‌့ ခရီးမိုင် ၁၃၂.၅ မိုင်ခန့် ရှည်လျားသည့် ထားဝယ်-မြိတ်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်မှ စတင်ဖော်ဆောင်ခဲ့ပြီး ထားဝယ်ဘက်ခြမ်းတွင် ထားဝယ်-သရက်ချောင်း လမ်းပိုင်း ၉.၃၁ မိုင်ကို ၂၀၁၁ ခု ဇွန် ၄ ရက်တွင် ဖွင်‌့လှစ်ပြီးရထားများ ပြေးဆွဲခဲ့ကြောင်း၊ ယင်းသို့ပြေးဆွဲခဲ့ရာတွင် ကုန်ကျစရိတ်နှင်‌့ ဝင်ငွေမှာ မျှတမှုမရှိ၍ စီးပွားရေးအရ တွက်ခြေမကိုက်သဖြင်‌့ ၂၀၁၆ခု မေလ ၁၆ ရက်မှ ယခုအချိန်အထိ ရထားပြေးဆွဲမှုကို ရပ်နားထားခဲ့ရကြောင်း ပြောသည်။

ထားဝယ်-သရက်ချောင်း လမ်းပိုင်းတွင် တံတား ၆၅ စင်း တည်ဆောက်ပြီးဖြစ်ခြင်း၊ ထားဝယ်နှင်‌့ ထားဝယ်ဆိပ်ကမ်းသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ရထားလမ်းသည် ထားဝယ်-သရက်ချောင်း လမ်းပိုင်းတွင်ပါဝင်နေခြင်း၊ ဖွင်‌့လှစ်ပြီး ရထားလမ်းပိုင်းဖြစ်ခြင်းတို့ကြောင်‌့ နောင်တွင်လိုအပ်လာပါက ပြန်လည်အသုံးပြုနိုင်မည် ဖြစ်သဖြင်‌့ ထားဝယ်-သရက်ချောင်းလမ်းပိုင်းအထိ ဖောက်လုပ်ရာတွင် ပါဝင်သွားသော မြေများအတွက် မြေယာလျော်ကြေး ပေးချေခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးကျော်မျိုးက ဖြေကြားသည်။

သမုတ်-ဘုတ်ခြံရထားလမ်းပိုင်းတွင် ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် မြေပြင်ကွင်းဆင်းတိုင်းတာပြီးဖြစ်သဖြင်‌့ ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို ဆက်လက်ဆောင်ရွက်မည် ဆိုပါက တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ အနေဖြင်‌့ မြေယာလျော်ကြေး ကိစ္စများကို လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင်‌့အညီ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြည့်စွက်ပြောသည်။

ယခုအချိန်တွင် သရက်ချောင်း-သမုတ်လမ်းပိုင်းကို လက်ရှိ အနေအထားအတိုင်း မူလပိုင်ရှင်များထံပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးကျော်မျိုးက အတည်ပြုဖြေကြားခဲ့သည်။

 

ကိုးကား – ပြည်သူ့လွှတ်တော်

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်