မော်လမြိုင် ဈေးကွက်သို့ ငါးခြောက် တင်ပို့မှု လျော့ကျ

63

မော်လမြိုင် ဇန်နဝါရီ

မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း ရေးမြို့နယ်အပါအဝင် ကျိုက္ခမီတို့မှ ငါးခြောက်များ ဈေးကွက်အတွင်းသို့ တင်ပို့မှု လျော့ကျလာကြောင်း မော်လမြိုင် အောက်ဈေးရှိ ငါးခြောက် အရောင်းအဝယ်ဒိုင်များထံမှ သိရသည်။

ဈေးကွက်အတွင်းသို့ ငါးခြောက်များ ဝင်ရောက်မှု လျော့ကျဆင်းလာခြင်းနှင့်အတူ ဈေးနှုန်းများလည်း ယမန်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ကျပ် ၅၀၀၀ ခန့် ကျဆင်းလာခဲ့ကြောင်း မော်လမြိုင်မြို့ အောက်ဈေးရှိ ငါးခြောက် အရောင်းအဝယ်ဆိုင်မှ ကိုအေးမင်းက ပြောသည်။

“ကျွန်တော်တို့ဆီကို သူတို့ဘက်က ငါးခြောက် တင်ပို့မှုနည်းလာတယ်။ ငါးတွေလည်း မနှစ်ကလောက် မဝင်ဘူးလို့ ပြောတယ်၊ သူတို့ဘက်က အဝင်နည်းတဲ့ အပြင် ဒီနှစ်ဈေးကလည်း ကျနေတယ်”ဟု ၎င်းက ပြောသည်။

ယခင်နှစ်ကာလတူအချိန်တွင် ငါးကွင်းရှပ် အကြီး တစ်ပိဿာ ၂၆ဝဝဝ ကျပ်၊ အသေး ၂၂ဝဝဝ ကျပ် ရောင်းဈေးရှိခဲ့ပြီး ယခုတွင် ငါးကွင်းရှပ် အကြီး တစ်ပိဿာ ၂၂ဝဝဝ ကျပ်၊ အသေး ၁၅ဝဝဝ ကျပ်ထိ ဈေး ကျဆင်းသွားကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ငါးမဲလုံး တစ်ပိဿာ ၁၁ဝဝဝ ကျပ်၊ ငါးလျှာပြတ် တစ်ပိဿာ ၁၇ဝဝဝ ကျပ် ရှိခဲ့သော်လည်း လက်ရှိတွင် ငါးမဲလုံး တစ်ပိဿာ ၆ဝဝဝ ကျပ်၊ ငါးလျှာပြတ် ၁၁ဝဝဝ ကျပ်ဖြင့် ရောင်းချနေသည်ဟု ၎င်းက ပြောသည်။မိုးတွင်းကာလတွင် ငါးအရများသောကြောင့် ပုံမှန်ဝင်ရောက်မှုရှိနေသောကြောင် ငါးခြောက် အဝင်များသည့်အပြင် ဈေးကောင်းလည်း ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ဆောင်းရာသီဖြစ်သော်လည်း ငါးရရှိမှု နည်းနေသောကြောင့် မော်လမြိုင်ဈေးကွက်အတွင်း ငါးခြောက်ဝင်ရောက်မှုလည်း နည်းလာခြင်းဖြစ်သည်ဟု မော်လမြိုင်၊ အောက်ဈေးရှိ ငါးခြောက်အရောင်းအဝယ်ဆိုင် ပိုင်ရှင် မဇင်သူဝင်းက ပြောကြားသည်။

“ဒီနှစ် ငါးခြောက်လက်ကျန်နည်းတယ်၊ အဝင်နည်းနေတယ်။ ဒါပေမယ့် ဈေးနှုန်းကတော့ တက်မလာဘူး၊ အရင်နှစ်ထက် ငါးထောက်လောက် ဈေးကွာနေတယ်၊ ဈေးကတော့ ဒီအတိုင်း ငြိမ်နေဦးမယ် ထင်တယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ် ၁ဝမြို့နယ်အတွင်း ငါးခြောက်လုပ်ငန်းကို ကျိုက္ခမီဒေသနှင့် ရေးမြို့နယ်တို့တွင် လုပ်ကိုင်လျက်ရှိသည်။

ထွက်ရှိသော ငါးခြောက်များကို မော်လမြိုင်ဈေးကွက်သို့ အဓိကထား တင်ပို့ ရောင်းချလျက်ပြီး ရန်ကုန်၊ ပဲခူးနှင့် မြဝတီ၊ရှမ်းပြည်နယ် တောင်ပိုင်းတို့ကိုလည်း တင်ပို့လျက်ရှိသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်