နည်းပညာတက္ကသိုလ် (မော်လမြိုင်) ပထမအကြိမ် Students’ Fair And Career Development ကျင်းပ

22

မော်လမြိုင် ဇန်နဝါရီ ၂၇

နည်းပညာတက္ကသိုလ် (မော်လမြိုင်) တွင် ပထမဆုံးအကြိမ် Students’ Fair and Career Development (2019) ပြပွဲကို ဇန်နဝါရီ၂၆ ရက် နံနက်ပိုင်းမှ စတင် ကျင်းပခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၆ နှင့်၂၇ တို့တွင် နှစ်ရက်တာ ကျင်းပမည့် အဆိုပါ ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

 

Students’ Fair & Career Development 2019 ပွဲမှ ကျောင်းသား ကျောင်းသူများ၏ အသိပညာ စွမ်းရည်များ ပိုမိုကောင်းမွန်ပြီး နောင်အနာဂတ်အတွက် ကောင်းမွန်လာမှာ ဖြစ်ကြောင်း ပြည်နယ် လူမှုရေးဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ကျောင်းသား ကျောင်းသူများ၏ ဆန်းသစ် တီထွင်မှုများ ခင်းကျင်းပြသခဲ့ကြပြီး စီးပွားရေး၊ လူမှုရေး စသည့် နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် ဗဟုသုတ၊ အတွေးအမြင် ဆွေးနွေး နှီးနှောဖလှယ်ပွဲများ ပြုလုပ်ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် `လူငယ်နှင့် အနာဂတ် တိုင်းပြည်တည်ဆောက်ရေး´ ခေါင်းစဉ်ဖြင့် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး အပါအဝင် လေးဦးဖြင့် ပထမဦးစွာ စတင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထ့ိုပြင် နည်းပညာတက္ကသိုလ်(မော်လမြိုင်)၊ အစိုးရ နည်းပညာ အထက်တန်းကျောင်း၊ ကွန်ပျူတာ တက္ကသိုလ်(သထုံ) မှ ကျောင်းသား ကျောင်းသူများ၏ ဘာသာရပ်အလိုက် ပရောဂျက်ပစ္စည်း ၇၀ ကျော်နှင့် ပြခန်းပေါင်း ၆၀နီးပါး ခင်းကျင်းပြသထားကြောင်း နည်းပညာ တက္ကသိုလ်(မော်လမြိုင်) ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုအေးချမ်းအောင်က ပြောသည်။

ပရောဂျက် ပြခန်းများတွင် ပြည်တွင်း ကုန်ကြမ်း နည်းပါးပြီး ပြည်ပ ကုန်ကြမ်း များစွာ အသုံးပြုထားရကြောင်း ၎င်းက ထပ်လောင်းပြောသည်။ `နည်းပညာ ဆန်းသစ်လာတဲ့ နောက်ပိုင်း ပြည်တွင်း ကုန်ကြမ်းတွေက အဆင်မပြေတဲ့အတွက် ပြည်ပ ကုန်ကြမ်း အသုံးများတာပါ´ ဟု ဆိုသည်။

အဆိုပါပွဲတော်သို့ နယ်ပယ်အသီးသီးမှ အသိပညာရှင် အတတ်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများအပြင် အခြေခံပညာအဆင့် ကျောင်းများမှ ကျောင်းသူ ကျောင်းသားများလည်း တက်ရောက်ခဲ့ကြသည်။

တေဇ

Advertisements

Leave a Reply