ယခုနှစ် ပဲပေါ်ချိန် ယမန်နှစ်ထက် ပေါက်ဈေး ပိုကောင်း

29

ချောင်းဆုံ ဇန်နဝါရီ

ချောင်းဆုံမြို့နယ်တွင် ဆောင်းသီးနှံ ပဲမျိုးစုံ စတင် ထွက်ပေါ်နေပြီဖြစ်ပြီး ဈေးကွက်အခြေအနေမှာ ယခုနှစ် ပဲမျိုးစုံပေါက်ဈေးက ယခင်နှစ်ထက်စာလျှင် ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း ဒေသခံတောင်သူများက ပြောသည်။

“ပဲတီရွှေဝါတစ်တင်းကို ခူးပဲ ၃၂၀၀၀ ကျပ် ၊ပဲတီရွှေဝါနယ်ပဲ တစ်တင်းကို ၃၀၀၀၀ကျပ်၊ ပဲတီစိမ်းတစ်တင်း ကို ၂၈၀၀၀ ကျပ် ၊ မတ်ပဲတစ်တင်းကို ၂၂၀၀၀ ကျပ် ၊ ပဲလွန်းဖြူတစ်တင်းကို ၂၀၀၀၀ ကျပ်၊ ပဲပုတ်တစ်တင်းကို ၁၈၀၀၀ ကျပ် ဈေးနှုန်းများဖြစ်နေတယ်”ဟု ကော့မုပွန်ကျေးရွာက လယ်သမား ဦးထွန်းကြိုင်ကဆိုသည်။

ချောင်းဆုံမြို့နယ်တွင် ပဲစိုက်ဧက ၄၀၀၀ ကျော်ရှိပြီး ကော့ပုပွန် ၊ ဒေါင်းရပ်အရှေ့၊ ဒေါင်းရပ်အနောက် ၊ ကညှော် ၊ ဘိုးနက် ကွင်းများတွင် ဆောင်းသီးနှံပဲမျိုးစုံကိုစိုက်ပျိုးခဲ့ကြသည်။

မတ်ပဲကိုအများဆုံးစိုက်ပျိုးပြီး ပဲတီရွှေဝါ၊ ပဲတီ စိမ်း ၊ ပဲလွန်းဖြူ နှင့် ပဲပုတ်တို့ကိုလည်း စိုက်ပျိုးကြောင်း ပဲရောင်းဝယ်သူ ဦးကက် ကဆိုသည်။

ပဲတီရွှေဝါကို တရုတ်ကအများဆုံးဝယ်ယူနေကြောင်းနှင့်မတ်ပဲမှာအိန္ဒိယဈေးကွက်ကိုအားကိုးနေရပြီး အိန္ဒိယ၏ ဝယ်လိုအားအနည်းအများအပေါ် ဈေးနှုန်းအနည်းငယ်အတက်အကျရှိနိုင်ကြောင်း မွန်ပြည်နယ်ပဲနှင့်နှမ်းကုန် သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မျိုးဦးက ပြောသည်။

“မွန်ပြည်နယ်မှာတော့ မတ်ပဲအဟောင်းလက်ကျန်လုံးဝမရှိတော့ဘူး ။ ဒီနှစ်မှာပဲအသစ်နဲ့သာအရောင်း အဝယ် လုပ်ရမှာဖြစ်တယ် ။ အရင်နှစ်ကလိုအဟောင်းနဲ့အသစ်ရွေးနေစရာမလိုတော့တဲ့အတွက် အလုပ်လည်းမရှုပ် တော့ဘူး”ဟု၎င်းကဆက်လက်ပြောသည်။

ယခင်နှစ်ပဲပေါ်ချိန်ပေါက်ဈေးမှာ မတ်ပဲ အမြင့်ဆုံးတစ်တင်းကို ၁၆၀၀၀ ကျပ်၊ ပဲတီရွှေဝါ တစ်တင်းကို ၂၈၀၀၀ ကျပ်ပေါက်ဈေးများရရှိခဲ့ကြောင်း၊ ပဲဈေးအနည်းငယ်မြင့်တက်လာခြင်းအတွက် ပဲစိုက်တောင်သူများ တွက်ခြေကိုက်နိုင်ကြောင်း မျှော်မှန်းထားသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

Leave a Reply