တစ်မြို့လုံး လမ်းမီးလင်းရေး မဖြစ်နိုင်သေး

24

မော်လမြိုင် ဒီဇင်ဘာ

မော်လမြိုင်တစ်မြို့လုံး လမ်းမီးလင်းရေးအတွက် ဘက်ဂျက်ငွေ လိုအပ်ချက်ရှိနေသည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်ကပြောသည်။

ပြည်နယ်မှ ရရှိသော ဘက်ဂျက်သည် မန္တလေးတိုင်းဘက်ဂျက်ထက် အလွန်လျော့နည်းသောကြောင့် လမ်းမီးလင်းရေးတွင် မန္တလေးနှင့် မနှိုင်းသင့်ကြောင်း ဦးမင်းကျော်လွင်ကပြောသည်။

“အများကြီးရှာရအုံးမယ် ပိုက်ဆံ။ ဘက်ဂျက်က ဘယ်ကရမလဲ သူဌေးတွေဆီကပဲရမယ်။ သူဌေးတွေ လာအလုပ်လုပ်ချင်အောင် လုပ်ရမယ်” ဟု ၎င်းကပြောသည်။

ပြည်နယ်ဘက်ဂျက်အတွက် မွန်ပြည်နယ်တွင်း ရရှိသော ဝင်ငွေ၏ ၂ ဆကျော်ကို ပြည်ထောင်စုမှ ထောက်ပံ့ထားသည်ဟု ၎င်းကပြောသည်။

မော်လမြိုင်သည် မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်အောင် လမ်းမီးမဖြစ်မနေလိုအပ်ပြီး တစ်မြို့လုံး လမ်းမီးလင်းရန် အစိုးရက တာဝန်ယူရမည်ဖြစ်ပြီး မန္တလေးမြို့ကဲ့သို့ အလှူရှင်များ ဖိတ်ခေါ်ပြီး ဆောင်ရွက်လို့ရနိုင်သည်ဟု မြိုခံ ဦးကြည်ဇော်လွင်က ဆိုသည်။

“ဒါပေမယ့် အလှူရှင်အပိုင်းက တစ်ခုတော့ စဉ်းစားဖို့လိုတယ်။ လုပ်ပိုင်ခွင့်ရဖို့ ကုမ္ပဏီတွေက လှူတာလား။ စေတနာအလျောက် အလွတ်တန်းလှူရင်တော့ ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်နယ်၏ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် ဘက်ဂျက်သည် ငွေကျပ် ၁ဝ၄ ဘီလီယံရှိပြီး ပြည်နယ်တွင်း ရရှိသော အခွန်အကောက်မှာ ငွေကျပ် ၃ ဘီလီယံကျော်ရှိသည်။

ပြည်နယ်တွင် ရငွေ ကျပ် ၂၄ ဘီလီယံကျော်၏ ၄ဝ ရာခိုင်နှုန်းသည် စည်ပင်သာယာရေးအဖွဲ့ထံမှ ရရှိပြီး အသုံးစရိတ်၏ ၂၃ ရာခိုင်နှုန်းကို စည်ပင်သာယာအဖွဲ့သို့ ချထားပေးကြောင်း ၂ဝ၁၈-၂ဝ၁၉ Citizen’s Budget တွင် ဖော်ပြထားသည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်