ဓားဖြင့်ထိုးပြီး ထွက်ပြေးသူ ရဲတပ်သား အပါအဝင် မောင်နှမတစ်စု အရေးယူခံရ

75

မော်လမြိုင် ဇန်နဝါရီ ၃၀

ဘီးလင်းမြို့နယ် ကန်သာကျေးရွာ မြင်သာဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်၍ အမျိုးသားနှစ်ဦးကို ဓားဖြင့် ထိုးပြီး ထွက်ပြေးခဲ့သည့် ရဲတပ်သားတစ်ဦးနှင့် ၎င်း၏ ညီဖြစ်သူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဘီးလင်းမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဇော်လေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“အခင်းဖြစ်ပြီးတော့မှ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြစ်မှုကျူးလွန်သူ ဘီးလင်းရဲစခန်းက ရဲတပ်သား သစ်လွင်ထွန်းနဲ့ သူ့ရဲ့ညီဖြစ်သူ အောင်သူတို့နှစ်ဦး ဇန်နဝါရီ ၂၈ ရက်နေ့ ညနေပိုင်းက ပြန်လည်ဖမ်းဆီးရမိပြီး ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ဖြစ်စဉ်မှာ မိခင်ဖြစ်သူ၏ သီလရှင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ခြံစည်းရိုးကာသည့်ကိစ္စ အငြင်းပွားရင်း သီလရှင်၏ သားသမီးများနှင့် ဘုန်းကြီးကျောင်းအတွင်း ရောက်ရှိနေသူ နှစ်ဦး စကားများခဲ့ရာမှ ဖြစ်စဉ် အစပြုခဲ့ကြောင်း သိရသည်။

ရဲတပ်သား သစ်လွင်ထွန်း (၂၂ နှစ် ၊ ဘီးလင်းမြို့မရဲစခန်း) နှင့် အောင်သူ(၂၁ နှစ်) တို့နှစ်ဦးက မြင်သာဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် ဦးရဲအောင် (၄၆ နှစ် ၊ ဘီးလင်းမြို့နေ)နှင့် ဦးမင်းဟန် (၆၈ နှစ်၊ သထုံမြို့နေ) တို့နှစ်ဦးကို ဇန်နဝါရီ ၂၇ ရက် ညပိုင်းတွင် ဓားမြှောင်တစ်ချောင်းစီဖြင့် ဝင်ရောက်ထိုးသတ်ခဲ့သည်ဟု စစ်ဆေးသိရှိရကြောင်း စခန်းမှူးက ပြောသည်။

ဖြစ်စဉ်ကြောင့် ဦးရဲအောင်တွင် ဦးခေါင်းနောက်ပိုင်း၊ ဝဲဘက်ပုခုံး၊ ဝဲဘက်ရင်အုံတို့တွင် ပြတ်ရှဒဏ်ရာအချို့နှင့် ဦးမင်းဟန်တွင် ရင်ဘတ် ပြတ်ရှဒဏ်ရာ၊ နောက်ကျော ထိုးသွင်း ဒဏ်ရာအချို့ ရခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

သို့ဖြစ်၍ ရဲတပ်သား သစ်လွင်ထွန်းနှင့် ၎င်း၏မောင်နှမများဖြစ်သည့် အောင်သူ၊ လွင်လွင်ကျော်စိုး၊ သင်းသင်းစိုးတို့ ၄ ဦးကို ဘီးလင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူ ရဲတပ်သားကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့်လည်း အရေးယူသွားမည်ဖြစ်ကြောင်း ဘီးလင်းမြို့မရဲစခန်းမှူးက ပြောသည်။

Written by ခေတ်မင်း

Advertisements

Leave a Reply