မွန်ထွက် ကွမ်းသီးခြောက်များ အဝယ်ပြန်လိုက်

22

မော်လမြိုင် ဇန်နဝါရီ

မွန်ပြည်နယ်ထွက် ကွမ်းသီးခြောက်များမှာ ယခုနှစ် ဇန်နဝါရီ ပထမအပတ်မှစ၍ အဝယ်လိုက်ကာ ဈေးနှုန်း မြင့်တက်လာကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာမှ စတင်ကာ ကွမ်းသီးကို အခြောက်ခံကာ ရောင်းချခဲ့သော်လည်း ဇန်နဝါရီ ပထမအပတ်မှ စတင်ကာ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ဝယ်လိုအား ပိုမိုများလာခဲ့ကြောင်း ရေးမြို့နယ်မှ ကွမ်းသီး၊ ကွမ်းရွက် တောင်သူ ဦးဖေမြင့်က ပြောကြားသည်။

“တစ်နှစ်နဲ့ တစ်နှစ်ကမတူဘူးဖြစ်နေတယ်၊ မနှစ်ကကျတော့ အခြောက်ခံရောင်းတဲ့သူတွေ ရှုံးကြတယ်၊ ဒီနှစ်တော့ ပြန်ပြီးကောင်းလာပြီပေါ့နော်၊ ဈေးပြန်မကျရင်တော့ တောင်သူတွေအတွက် ပိုအဆင်ပြေတာပေါ့”ဟု ၎င်းက ပြောသည်။

ယခင်နှစ်တွင် ကွမ်းသီးအခြောက် တစ်ပိဿာ ၄၈ဝဝ ကျပ်ရှိခဲ့သော်လည်း ယခုနှစ်တွင် ကွမ်းသီးအခြောက် တစ်ပိဿာ ၅ဝဝဝ ကျပ်ထိ ပေါက်ဈေးရှိနေကြောင်း ဆက်လက်ပြောသည်။

သို့သော်လည်း ကွမ်းသီးခူးသည့် ရာသီဖြစ်သော ဧပြီလကုန်တွင် ကွမ်းသီးဈေးကွက်အတွင်း ဈေးနှုန်း အပြောင်းအလဲများ ထပ်ဖြစ်ပေါ်လာနိုင်သည်ဟု သုံးသပ်ပြောကြားသည်။

ကွမ်းသီးခြောက် ပြုလုပ်ရာတွင် လူအင်အားနှင့် အချိန် ကုန်သောကြောင့် ဈေးနှုန်း မြင့်မှသာ တောင်သူများအတွက် တွက်ချေကိုက်ကြောင်း ရေးမြို့နယ်မှ ကွမ်းရောင်းဝယ်ရေးတောင်သူ ဦးကြီးမြင့်က ဆိုသည်။

“ကွမ်းခြောက် ဈေး ပြန်ကောင်းလာတဲ့အတွက် ဝမ်းသာတယ်၊ ကျွန်တော်တို့က အချိန်ရော လူရော အပင်ပန်းခံပြီး လုပ်ရတာဖြစ်တယ်၊ အဲတော့ ဈေးကောင်းမှ အဆင်ပြေလိမ့်မယ်၊ မဟုတ်ရင် နစ်နာတာပေါ့”ဟု ၎င်းက ပြောသည်။

ကွမ်းသီးကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး နှင့် မွန်ပြည်နယ် ရေး၊ မုဒုံ မြို့နယ်တို့မှ မော်လမြိုင်သို့ လာရောက် တင်သွင်းကြပြီး မော်လမြိုင်မှ တစ်ဆင့် ပေါင်၊ ဘားအံ၊ မန္တလေး၊ ရန်ကုန်နှင့် တမူးမြို့များသို့ ပြန်လည်တင်ပို့ ရောင်းချလျက်ရှိသည်။

ထိုက်ထိုက်

Advertisements

Leave a Reply