အရှေ့အလယ်ပိုင်းဒေသထွက် Gas ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းလာနိုင်မယ်လို့ အီဂျစ် ဆို

ကိုင်ရို ဇန်နဝါရီ ၂၉

ဂတ်စ်ထွက်ကုန်ကို အရှေ့အလယ်ပိုင်းဒေသမှာ သေချာ ထုတ်နိုင်တဲ့အခါ စီးပွားရေးနဲ့ပတ်သက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေသာမက ငြိမ်းချမ်းရေးကိုပါ သယ်ဆောင်ပေးလာနိုင်မယ်လို့ အီဂျစ်စွမ်းအင်ဝန်ကြီး တာရပ်အယ်မူလာက ပြောပါတယ်။

“ဂတ်စ်ဟာ အရှေ့ပိုင်းအလယ်ပိုင်းဒေသကို ငြိမ်းချမ်းရေးသယ်ဆောင်ပေးလာနိုင်မယ့် တစ်ခုတည်းသော ကိုယ်စားလှယ်ပါပဲ” သူက ပြောဆိုလိုက်တာပါ။

လက်ရှိမှာ အီဂျစ်နိုင်ငံဟာ ဒေသက ထွက်ရှိတဲ့ ဂတ်စ်တွေကို အရှိန်အဟုန်နဲ့ လုပ်ကိုင်နေပြီး စီးပွားရေး လက်တွဲဖော်တွေအနေနဲ့ အစ္စရေး၊ ဆိုင်ပါရပ်စ်၊ ဂရိ၊ ဂျော်ဒန်၊ အီတလီနဲ့ ပါလက်စတိုင်းနိုင်ငံတို့နဲ့ပါ လက်တွဲ လုပ်ကိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကကျင်းပခဲ့တဲ့ စီးပွားရေးဆိုင်ရာ သီးသန့်ဆွေးနွေးပွဲ နဲ့ ပတ်သက်လို့ အီဂျစ်နိုင်ငံ စွမ်းအင်ဝန်ကြီးက အရှေ့အလယ်ပိုင်းဒေသမှာ ဂတ်စ်ကို အမှီပြုပြီး ငြိမ်းချမ်းရေးစတင်လုပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

“ပါလက်စတိုင်းနဲ့ အစ္စရေးတို့က အုပ်ချုပ်သူတွေကို ဖိတ်ပြီး စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်ခဲ့တယ်။ ပြီးတော့ အခြား အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဂရိ၊ ဆိုင်ပ်ရပ်စ်၊ဂျော်ဒန်နဲ့ အီတလီတို့ကိုပါ အတူတကွဆွေးနွေးစေခဲ့တာမို့ ကျနော်တို့ရဲ့ ခြေလှမ်းသစ်အတွက် အရမ်းဂုဏ်ယူမိပါတယ်”လို့ တာရပ်အယ်မူလာက ပြောပါတယ်။

ဆွေးနွေးပွဲကို တံခါးပိတ်လျှို့ဝှက်ဆွေးနွေးခဲ့ပေမဲ့ အကျိုးဆက်အနေနဲ့ ပါဝင်ဆွေးနွေးတဲ့ နိုင်ငံအသီးသီးရဲ့ ဂတ်စ်ထုတ်လုပ်တဲ့ အရင်းအမြစ်နဲ့ ပူပေါင်းဆောင်ရွက်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအထိ ဆွေးနွေးနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

အီဂျစ်နိုင်ငံဟာ ဂတ်စ်ထုတ်လုပ်မှုနဲ့ ပတ်သတ်လို့ အခြားနိုင်ငံတွေက ကမ်းလှမ်းချက်တွေ ရခဲ့ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပင်လယ်နီတဝိုက်က နိုင်ငံတွေကို အထူးလိုလားခဲ့တာကြောင့် စတင်ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဂရိနိုင်ငံမှာ အခြေစိုက်ပြီး ဂတ်စ်ထုတ်လုပ်မှာဖြစ်ပေမဲ့ အကျိုးတူပူးပေါင်းတဲ့ နိုင်ငံတွေကလည်း ၎င်းတို့ဒေသမှာရှိတဲ့ ဂတ်စ်တွေကို တင်ပို့ပြီး ပူးပေါင်းထုတ်လုပ်ကြမယ်လို့ သိရပါတယ်။

အီဂျစ်နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၇-၁၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း တစ်သောင်းကျော်ရှိခဲ့ပြီး လာမယ့် ၂၀၁၈-၁၉ခုနှစ်မှာတော့ ယခင်ကထက် သုံးဆမြင့်တက်လာမယ်လို့ အစိုးရအဖွဲ့က တရားဝင် ထုတ်ဖော်ပြောခဲ့ပါတယ်။

CNBC

Leave a Reply