ဗင်နီဇွဲလားအပေါ် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို တရုတ်နဲ့ ရုရှားတို့ ပြစ်တင်ရှုတ်ချ

ဝါရှင်တန် ဇန်နဝါရီ ၂၉

အမေရိကန်နိုင်ငံဟာ စီးပွားရေးအရ ထောက်ပံ့မှုပေးမယ်ဆိုပြီး ယခင် ဗန်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရိုလက်ထက်ကတည်းက ပေးထားခဲ့တဲ့ ကတိကို ပယ်ဖျက်ပြီး ဗန်နီဇွဲလားနိုင်ငံကို ရုတ်တရက် စီးပွားရေးပိတ်ဆို့လိုက်တာကြောင့် ရုရှားနဲ့ တရုတ်နိုင်ငံတို့က ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ခဲ့ကြပါတယ်။

“သံတမန်အရေးအရ ဆက်စပ်နေတဲ့ နိုင်ငံတစ်ခုကို စီးပွားရေးဖြတ်တောက်တာဟာ အဲ့ဒီနိုင်ငံမှာရှိတဲ့ သူတွေအားလုံးရဲ့ ဘဝနဲ့ စီးပွားရေးနောက်ဆက်တွဲအကျိုးဆက်တွေကို မငဲ့ရာရောက်တယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက သုံးသပ်ခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဆာဂီလာဗာရိုက အမေရိကန်နိုင်ငံဟာ သူ့ရဲ့ ငွေကြေးမူဝါဒနဲ့ စနစ်ကို အယုံအကြည်ရှိရင် ဒီလို ပိတ်ဆို့တာမျိုး မလုပ်သင့်ဘူးလို့ ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ ဗန်နီဇွဲလားအစိုးရကို အစစအရာရာ အပြည့်အဝ ထောက်ပံ့ပေးသွားပါမယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးက အမေရိကန်ရဲ့ ပိတ်ဆို့မှု ကြေညာချက်အပြီးမှာပဲ မီဒီယာတွေကို ထုတ်ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုဟာ ဗန်နီဇွဲလားနိုင်ငံ ရဲ့ အဓိက စွမ်းအင်နဲ့ ရေနံထုတ်လုပ်တဲ့ အဖွဲ့အစည်း PDVSAနဲ့ ထားရှိတဲ့ ကတိကဝတ်ကိုလည်း ဖောက်ဖျက်ရာရောက်တာကြောင့် ဒီလိုစီးပွားရေးပိတ်ဆို့မှုဟာ တရားမဝင်ဘူးလို့ PDVSAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီလိုပိတ်ဆို့မှုဟာ အမေရိကန်နဲ့ ဗန်နီဇွဲလားကိုထောက်ခံနေတဲ့ ရုရှားနဲ့ တရုတ်တို့ကြား ပဋိပက္ခကို ပိုမို ကြီးထွားစေပြီး ပါဝါပြိုင်ဆိုင်မှုတွေ မြင့်တက်လာမယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဗန်နီဇွဲလားနိုင်ငံရဲ့ အတိုက်အခံပါတီခေါင်းဆောင် ဂျူယမ်ကဒိုင်ယိုကတော့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ဟာ ဗန်နီဇွဲလားရဲ့ စီးပွားရေးမူဝါဒတွေကို ထိပ်တိုက် စိန်ခေါ်တဲ့သဘော ဆောင်နေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဂန်ရှန်းကလည်း အမေရိကန်ဟာ နောက်ဆက်တွဲအကျိုးဆက်တွေကို ရှေးရှုပြီး ပိတ်ဆို့မှုနဲ့ ပတ်သတ်တဲ့ မူဝါဒတွေကို ပြင်ဆင်ရေးဆွဲသင့်တယ်လို့ အကြံပြုထားပါသေးတယ်။

အမေရိကန်နိုင်ငံရဲ့ ဗန်နီဇွဲလားနိုင်ငံအပေါ်ပိတ်ဆို့ကြောင်းကြေညာချက်ကို ဇန်နဝါရီလ ၂၈ရက်နေ့ ညနေပိုင်းက ကြေညာခဲ့တာဖြစ်ပြီး ကြေညာချက်ထုတ်ပြီးတဲ့အချိန်ကစလို့ ပြန်မရုတ်သိမ်းခင်အထိ ဗန်နီဇွဲလား နိုင်ငံနဲ့ ဘယ်လို စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုကိုမှ မလုပ်တော့ဘူးလို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထား ပါတယ်။

CNBC

Leave a Reply