မူးယစ်ဆေးဝါးကို ပိုမို နှိမ်နင်းရမည်ဟူသော အစိုးရအတွက် သတိပေး ခေါင်းလောင်းသံ

43

သူ့ကိုလည်း မေ့မထားပါနဲ့

မွန်ပြည်နယ်တွင် မူးယစ်ဆေးစွဲ လူနာ နှစ်ဆ အထိ တိုးတက်လာပြီဟု မော်လမြိုင်မြို့ စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲ ကုသဌာန မှတ်တမ်းများက ညွှန်းဆိုလိုက်ပြီ ဖြစ်၏။

ထူးခြားမှုအနေဖြင့် ဆေးစွဲ လူနာ ၈၆ ရာခိုင်နှုန်းမှာ အသက် ၁၆ – ၃၄ နှစ်ကြား လူငယ်များပင်။
ယင်းဌာနသို့ ၂ဝ၁၆ ခုနှစ်တွင် အတွင်းလူနာ၊ ပြင်ပလူနာ ၁၈ဝ ဦး ရောက်ရှိခဲ့သော်လည်း ၂၀၁၇ တွင် ၅၇၆ ဦးအထိ တိုးတက်လာကာ ၃ ဆ ကျော်မြင့်တက်ခဲ့သည်။
တစ်ဆထက် တစ်ဆ မြင့်တက်လာမှုနှင့်အတူ ၂၀၁၈ တွင် လူနာပေါင်း ၁ဝ၁၄ ဦး ရှိလာသောကြောင့် ယခင်နှစ်ထက် နှစ်ဆ ခန့် ထပ်မံ မြင့်တက်ခဲ့ပြန်သည်။

မည်သို့ပင်ဖြစ် ထိုပြဿနာသည် မူးယစ်ဆေးဝါးကို ပိုမို နှိမ်နင်းမည်ဟူသော အစိုးရအတွက် သတိပေး ခေါင်းလောင်းအသံပင်။

လက်ရှိ အခြေအနေ

ဆေးစွဲ လူနာ တိုးတက်လာသော အခြေအနေနှင့် ပတ်သက်ပြီး မော်လမြိုင်မြို့ စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲ ကုသဌာနမှ တာဝန်ခံ အထူးကုဆရာဝန် ဒေါက်တာဝင်းကျော်သူက ယခုလို မှတ်ချက်ပြု၏။

“ဆရာတို့ဆီကို လာပြတဲ့ လူနာအရေအတွက် များလာတာတော့ သေချာတယ်။ ဒီလို လူနာများလာတဲ့အတွက် ပြည်သူလူထုထဲမှာ မူးယစ်ဆေးသုံးစွဲမှု များလာတယ်ဆိုပြီး သွယ်ဝိုက်တဲ့နည်းနဲ့ ကောက်ချက်ဆွဲလို့ရတယ်။ ကျယ်ကျယ်ပြန့်ပြန့် လုပ်ထားတဲ့ သုတေသန မရှိတော့ အသေးစိတ် မပြောနိုင်ဘူးပေါ့” ဟုဆိုသည်။

ယင်းဌာန မှတ်တမ်းများအရ၂ဝ၁၈ ခုနှစ်တွင် လာရောက်ပြသသော မူးယစ်ဆေးစွဲ ပြင်ပလူနာများတွင် စိတ်ကြွဆေးသုံးစွဲသူ ၉၂ ရာခိုင်နှုန်းရှိပြီး ကျန် ၈ ရာခိုင်နှုန်းမှာ စိတ်ကြွဆေးနှင့် အခြားဆေးတွဲသုံးသူများ၊ စိတ်ကြွဆေးနှင့် ဘိန်းစာရွက် တွဲသုံးသူများနှင့် ဘိန်းစာရွက်သီးသန့် သုံးစွဲသူများဖြစ်နေသည်။

လူနာ ၈၆ ရာခိုင်နှုန်းမှာ အသက် ၁၅ နှင့် ၃၄ နှစ်ကြား လူငယ်များဖြစ်သည်။ ပြင်ပလူနာအသစ် ၁၈၃ ဦးနှင့် လူနာအဟောင်း ၇၇၁ ဦး လာရောက်ပြသခဲ့ပြီး ၂ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်။

အတွင်းလူနာအနေဖြင့် မူးယစ်ဆေးစွဲလူနာ အယောက် ၆ဝ ဆေးရုံတင် ကုသခဲ့ပြီး စိတ်ကြွဆေးသုံးစွဲသူ ၆၆ ဒဿမ ၇ ရာခိုင်နှုန်းမှာ၊ ဆေးပေါင်းစုံသုံးစွဲသူ ၂၅ ရာခိုင်နှုန်း၊ ဘိန်းစာရွက် ၅ ဘိန်းစွဲသူ ၃ ဒသမ ၃ ရာခိုင်နှုန်းပါဝင်သည်။

“တကယ်တမ်း မူးယစ်ဆေးသုံးစွဲတဲ့သူတွေဟာဆိုရင် အယောက် ၁ဝဝ မှာ တကယ်တမ်း ပြဿနာဖြစ်နေတာ ၁ဝ ယောက်လောက်ပဲရှိတယ်။ အဲဒီ ၁ဝ ယောက်မှာမှ ဆေးရုံဆေးခန်းမှာ လာပြတာ တစ်ယောက်လောက်ပဲ ရှိတယ်” ဟု ဒေါက်တာ ဝင်းကျော်သူက ဆိုသည်။

ဆေးသုံးစွဲမှုကို လူထုကိုအခြေပြု၍ ကျယ်ကျယ်ပြန့်ပြန့်လုပ်ထားသော သုတေသနမရှိသဖြင့် သုံးစွဲသူဦးရေကို တိတိကျကျမပြောနိုင်သော်လည်း အန္တရာယ်ရှိသော ဦးတည်အုပ်စုများဖြစ်သည့် ရေလုပ်သားများ၊ ညမအိပ်ဘဲ အလုပ်လုပ်ရသူများ၊ ဇာတ်သဘင်သည်များ၊ အကျဉ်းသားများ စသည်တို့သည် မူးယစ်ဆေးသုံးစွဲမှုနှုန်း ပိုမိုမြင့်မားနိုင်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

ကောင်းသော တိုးတက်ခြင်း မဟုတ်ပါ

Mon Youth Progressive Organization မှ မွန်လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှုအကြောင်း စစ်တမ်းတစ်စောင်ကို ၂ဝ၁၇ – ၂ဝ၁၈ ခုနှစ်အတွင်း ကောက်ယူထားပြီး မတ်လ ၂ဝ၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

စစ်တမ်းကို ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကြာအင်းဆိပ်ကြီး၊ ဘားအံနှင့် ကော့ကရိတ်မြို့နယ်များတွင် ကောက်ယူထားပြီး ရွာပေါင်း ၉၃ ရွာကို လွှမ်းခြုံထားသည်ဟု ဆိုသည်။

လူငယ်ထု၏ ၇၃ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါး သုံးစွဲနေကြပြီး အသက် ၁၂ -၁၆ ကြား ကလေးများ၊ အမျိုးသမီးများနှင့် ရဟန်းသံဃာများပါ သုံးစွဲနေသည်ဟု စစ်တမ်းက ဆိုထားသည်။

မြို့နယ်အလိုက် လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှုကို ၂ဝ၁၃ ခုနှစ်က HURFOM မှ ပြုလုပ်ထားသော သုတေသနနှင့် ၂ဝ၁၇ တွင် MYPO ၏ သုတေသနကို စစ်တမ်းတွင် ထပ်မံနှိုင်းယှဉ်ပြထားသည်။

နှိုင်းယှဉ်ချက်အရ မြို့နယ်အများစုတွင် မူးယစ်ဆေးဝါးသုံးစွဲသူလူငယ် ၂ ဆခန့်မြင့်တက်လာသည်ကို တွေ့ရပြီး မော်လမြိုင်မြို့နယ်တွင် ၂ ဆခွဲခန့်နှင့် ထူးခြားချက်မှာ ပေါင်မြို့နယ်တွင် ၇ ဆခွဲအထိ မြင့်တက်လာကြောင်း ဆိုထားသည်။

အသက်အပိုင်းအခြားအနေဖြင့် သုံးစွဲသူ၏ ၄၈ ရာခိုင်နှုန်းမှာ အသက် ၂၁ နှင့် ၃ဝ ကြား၊ ၃၆ ရာခိုင်နှုန်းမှာ အသက် ၁၂ နှင့် ၂ဝ ကြား၊ ၁၁ ရာခိုင်နှုန်းမှာ အသက် ၃၁ နှင့် ၄ဝ ကြားနှင့် ၅ ရာခိုင်နှုန်းမှာ အသက် ၄ဝ နှင့် အထက်လူကြီးများဖြစ်ကြသည်။

မူးယစ်ဆေး အမျိုးအစားများမှာ စိတ်ကြွဆေး (WY)၊ ဘိန်းစာရွက်၊ စပ်ဆေး၊ ရေခဲ (အိုက်စ်)နှင့် ဆေးခြောက်တို့ဖြစ်ပြီး စိတ်ကြွဆေးကို အများဆုံးသုံးစွဲကြသည်။ သုံးစွဲသူ ၅၂ ရာခိုင်နှုန်းမှာ WY ကို သုံးစွဲကြပြီး ၃၂ ရာခိုင်နှုန်းမှာ ဘိန်းစာရွက်ဖြစ်သည်။

အချို့ကျေးရွာများတွင် အလှူအိမ်၌ ဝိုင်းကူသူများအား WY ဆေးပြားများဖြင့် ဧည့်ခံသည်အထိ ပေါ်ပေါ်ထင်ထင်သုံးစွဲလာသည်ကို တွေ့ရကြောင်း စစ်တမ်းကဆိုသည်။

၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းထားသော မူးယစ်ဆေးဝါးဥပဒေအပေါ် ပြည်သူများ သိနားလည်မှုနှင့် ပတ်သက်၍လည်း ထပ်မံ သုတေသနပြုထားသည်။

ဖြေဆိုသူ ၁ဝဝ တွင် ၃ ဦးသာ ဥပဒေကို သိရှိနားလည်ပြီး ၇ဝ ရာခိုင်နှုန်းမှာ ကြားဖူးရုံမျှသာရှိသည်။ ကျန် ၂၇ ရာခိုင်နှုန်းမှာ ဥပဒေကို လုံးဝမသိဟု စစ်တမ်းတွင် ဖော်ပြထားသည်။

၂ဝ၁၆ ခုနှစ်က အရေးယူခဲ့သော မူးယစ်ဆေးဝါးအမှုများတွင် ၉၆ ရာခိုင်နှုန်းမှာစိတ်ကြွဆေးများဖြစ်ပြီး ၂ ရာခိုင်နှုန်းမှာ ဘိန်းစာရွက်နှင့် ရေခဲ(အိုက်စ်)နှင့် ဆေးခြောက်အမှုများမှာ ၁ ရာခိုင်နှှုန်းစီ ရှိကြသည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး Mon Youth Progressive Organization ဥက္ကဋ္ဌ မိမရော့စွမ်းက

“နယ်ဘက်မှာဆို ပိုဆိုးတယ်။ ဆေးခန်းတို့ ပြန်လည်ထူထောင်ရေးစခန်းတို့ မရှိတော့ လူငယ်တွေ အရမ်းဒုက္ခရောက်တာရှိတယ်” ဟုဆိုသည်။

ဖြစ်နိုင်ပါက မြို့ပေါ်တွင်မဟုတ်ဘဲ ကျေးလက်အဆင့် ပြန်လည်ထူထောင်ရေးစခန်းများ တည်ဆောက်ပေးလျှင် ပိုမိုထိရောက်မည်ဖြစ်သည်ဟု ၎င်းကအကြံပြုသည်။

သတင်းပေးဖို့ အခက်အခဲ ရှိနေ

မူးယစ်ဆေးဝါးကို ပိုမို နှိမ်နင်းရေးအတွက် နိုင်ငံတော် သမ္မတ ဦးမြင့်ဝင်း တက်လာပြီးနောက်  အဓိက ထုတ်လုပ် ဖြန့်ဖြူး သိုလှောင်သည့် လက်ကြီးသမားများကို ဦးစားပေး နှိမ်နင်းရေး၊ အဓိက တာဝန်ရှိသူများကို ဦးစာပေး အရေးယူရန် စသည့် အချက် ငါးချက် ပါသော လုပ်ငန်းစဉ်ကို ချမှတ်ထားသည်ဟု ဆိုသည်။

ယင်းအပြင် ဗဟို၌လည်း မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းထားကာ ပြည်သူများ သတင်းပေးတိုင်ကြားဖို့လည်း တိုက်တွန်းထားသည်။

သို့သော်လည်း ယနေ့အချိန်အထိ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် လက်ကြီး သမားများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

သတင်းပေး တိုင်ကြားမည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်ခဲ့ဖူးသူ မော်လမြိုင်မြို့နေ ဦးမြင့်အောင် (အမည်လွှဲ)က ယခုလို ပြောဆိုသည်။

“သတင်းပေးတဲ့အခါကျရင် သတင်းပေးတွေ လုံခြုံမှု မရှိဘူး။ လုံခြုံမှုမရှိတဲ့အခါကျတော့ သတင်းပေးတဲ့အလုပ်ကို မလုပ်တော့ဘူး။ သတင်းပေးတဲ့လူကို ဆုချမယ်ပဲပြောတယ်။ သတင်းပေးတဲ့လူ သေမှာက ဘယ်သူကာကွယ်မှာလဲ” ဟု ဆိုသည်။

၎င်းအနေဖြင့်လည်းယခင်က မူးယစ်ဆေးဝါး သတင်းပေးတိုင်ကြားခဲ့ဖူးသော်လည်း အသက်အန္တရာယ်ပြုခြင်း ခံရပြီးနောက်ပိုင်း တိုင်ကြားခြင်းများ ဆက်လက်မပြုလုပ်တော့ကြောင်း ဖွင့်ဟလာသည်။

ထိုသို့ အသက်အန္တရာယ် ကြုံခဲ့ရသဖြင့် နိုင်ငံတော်သမ္မတက ဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကိုလည်း မယုံကြည်ကြောင်း၊ တိုင်ကြားဖူးသူအချို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် ရဲဝန်ထမ်းများ၏ ထောင်ချောက်ဆင် အမှုဖွင့်ခံရခြင်းများရှိခဲ့သည်ဟု ဆိုသည်။

“လူကို ဒုက္ခမပေးရင်တောင် မူးယစ်ဆေး ထောက်ချောက်ဆင် အမှုဖွင့်အရေးယူတာ အများကြီးရှိတယ်။ နှစ်ချက်ခုတ် သုံးချက်ပြတ်ပေါ့။ မူးယစ်ဆေးကို တိုက်ဖျက်နေတယ်ဆိုပြီးတော့ အကြောင်းပြလို့ ရတာပေါ့။ လက်ရှိမှာလည်း ထောင်ထဲရောက်နေတယ်။ နစ်နာတဲ့သူတွေ နာမည်နှင့်တကွ ဖော်ပြပေးလို့ရတယ်” ဟုပြောသည်။

“ကိုယ့်ရဲ့ လုံခြုံမှုအတွက် ယုံကြည်မှု မရတဲ့အခါမှာ တကယ်လုပ်နေတာ ကိုင်နေတာ တွေ့ရင်လည်း ဒီအတိုင်း မျက်စိဒေါင့်ထောင့်ပြီး ကြည့်နေရတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကြောင့် ၎င်းက“တရားဥပဒေ စိုးမိုးရေးနှင့် တိတိကျကျ မှန်မှန်ကန်ကန် ဒီကိစ္စကို အဂတိ မလိုက်စားဘဲနဲ့ မှန်မှန်ကန်ကန်လုပ်ရင် ထိရောက်နိုင်တာပေါ့။ အမျိုးသား စီမံကိန်းတစ်ခုလို ဘယ်သူမှ ဘက်မလိုက်ဘဲ လာဘ်မစားဘဲ လုပ်သင့်တယ်”ဟု ပြော၏။

ထိုအခြေအနေနှင့် ပတ်သက်ပြီး မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက နယ်မြေခံ မူးယစ်ဆေးဝါး နှိမ်နင်းရေးတာဝန်ရှိသူများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများ၏ မမြင်နိုင်သော နောက်ကွယ်က ဆက်စပ်မှုများကြောင့် ဗဟိုမှ တိုက်ရိုက်ဖမ်းဆီးနေသည်ကို ကောင်းသောပြောင်းလဲခြင်းဟု ၎င်းကသုံးသပ်သည်။ သို့သော်လည်း အားနည်းချက်များ ရှိနေသည်ဟု ဆိုသည်။

“ဒါက အားနည်းချက်တစ်ခုရှိတာ ဘာလဲဆိုတော့ အကယ်၍များ လူတစ်ယောက်က တိုင်တိုင်းသာ ဗဟိုက သွားဖမ်းနေရရင်တော့ ဗဟိုက ပုဂ္ဂိုလ်တွေ နယ်မြေကို တောက်လျှောက် အချိန်ပြည့်ပြေးနေရမယ်” ဟုဆိုသည်။

ယင်းအပြင် မိမိမကျေနပ်သူအပေါ် မူးယစ်ဆေးဖြင့် အဖမ်းခံရအောင် ထောင်ချောက်ဆင်နိုင်သဖြင့် အပြစ်မရှိသူများ ဒုက္ခရောက်နိုင်သည်ကို ဆင်ခြင်စဉ်းစားရန် လိုအပ်သည်ဟု ပြော၏။

ဘာတွေ လုပ်သင့်ပြီလဲ

ပြည်နယ်၌ မူးယစ်ဆေးဝါးသုံးစွဲရောင်းချမှုကို ဥပဒေဘောင်အတွင်းမှ အကောင်းဆုံး နှိမ်နင်း ဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ကြွေးကြော်ထားသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၆ ရက်က ကျင်းပသော ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးအပြီးမှာ ၎င်းက သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း လည်း ဖြစ်သည်။

ယင်းအပြင် လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်ရေးအတွက် ပြည်သူများနှင့် ပူပေါင်း ဆောင်ရွက်မည်ဟု ဆိုထားသည်။

မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ယခုလို မှတ်ချက်ပြုသည်။

“နယ်မြေခံ အစိုးရအဖွဲ့အစည်းနှင့် နယ်မြေခံရဲတွေ ပူးပေါင်းပြီး ဆောင်ရွက်သင့်တယ်။ နှိမ်နင်းတယ်ဆိုတာက ဖြစ်ပြီးမှ နောက်ကနေ လုပ်တာ။ ကာကွယ်တာက ဒါတွေမဝင်လာအောင် ငါတို့နယ်မှာ ဘယ်လိုကြိုတင်တားဆီးမလဲ ဆိုတဲ့စီမံချက်တွေ ထားသင့်တယ်” ဟု ဆိုသည်။ ထို့အပြင် မွန်ပြည်နယ်သို့ ဝင်လာနိုင်သော ဝင်ပေါက်များတွင် ဂိတ်များထားရှိကာ စနစ်တကျ တားဆီးနှိမ်နင်းမှု လုပ်သင့်ကြောင်းနှင့် ထိုသို့လုပ်ဆောင်ရာတွင် NCA လက်မှတ်ထိုးထားသော သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ၎င်းက အကြံပြုသည်။

“ဒါကိုဘာလို့ပြောလဲဆိုတော့ တချို့နယ်မြေတွေက အစိုးရအဖွဲ့အစည်းတွေ အကုန်လုံး မလွှမ်းခြုံနိုင်ဘူး။ တိုင်းရင်းသားလက်နက်ကိုင် ရောင်ရောင် ဘာရောင်ရောင်နဲ့ လုပ်စားနေတဲ့ အဖွဲ့အစည်းတွေရှိတယ်။ အဲဒီအဖွဲ့အစည်းတွေကို ဒီဘက်က အစိုးရအဖွဲ့နှင့် လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး ကာကွယ်တားဆီးရေး လုပ်သင့်တယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

၎င်းနှင့်အတူ ရေးမြို့ ဒေသခံ ဦးအောင်နိုင်ဝင်းက ယခုလို မှတ်ချက်ပြုပြန်သည်။

“ပြည်နယ်အစိုးရအနေနဲ့က ကျွန်တော်တို့ မွန်ပြည်နယ်က မူးယစ်ဆေးဝါး သုံးစွဲမှု ပျံ့နှံမှု အဆိုးဆုံးထဲမှာပါတယ်ဆိုတော့ ဦးစားပေးလုပ်ငန်းအနေနဲ့ လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ ဒေါက်တာအေးဇံ တက်လာတုန်းက မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီး ဖြေရှင်းသွားမယ်လို့ ပြောတယ်။ ဒီလိုပါပဲ တက်တဲ့ အစိုးရတိုင်းက ပြောတယ်။ လုပ်မယ်လို့ ပြောတယ်။ ဒါပေမယ့် တိတိကျကျလုပ်တာ မမြင်ရသေးဘူး”ဟု ၎င်းက ဆိုသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အစိုးရအနေဖြင့် ပညာပေး လုပ်ငန်း လုပ်ဆောင်မှု အပိုင်း သိပ်မတွေ့ရကြောင်း မွန်ပြည်နယ် တရား ဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ဝင် ဦးမောင်မောင်ဇော်ထွန်းက ထောက်ပြပြောဆိုသည်။

ထို့ကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဖမ်းဆီးအဖွဲ့များ အရည်အသွေး မြင့်မာအောင်း လေ့ကျင့်ပေးရန်နှင့် ထုတ်လုပ် ဖြန့်ဖြူ ရောင်းချသူများကို ဖော်ထုတ်နိုင်အောင် ကြိုပမ်းဆောင်ရွက်သွားဖို့ လိုကြောင်း ၎င်းက ပြော၏။

မည်သို့ပင်ဖြစ်စေ ဖြစ်စဉ် အားလုံးကို ခြုံ၍ ဦးအောင်နိုင်ဝင်းက ယခုလို မှတ်ချက်ပြုလိုက်သည်။

“ပြည်နယ်အစိုးရအနေနဲ့ လင်းယုန်စီမံချက်လိုမျိုး စီမံချက်ကို မူးယစ်ဆေးနဲ့ ပတ်သတ်တဲ့ စီမံချက်လိုမျိုး လုပ်လို့ရပါတယ်။လုပ်စေချင်ပါတယ်၊ စီမံချက်ဆိုတာက ဥပဒေမှာ ရှိပြီးသားကို အဆိုတင်ပြီးတော့ ထိရောက်အောင် လုပ်ဆောင်တာမျိုးပေါ့။ မူးယစ်ဆေးဝါးကို အဲလိုမျိုး တိတိကျကျ ဆောင်ရွက်ပြီးတော့ ပြတ်ပြတ်သားသား လုပ်ဆောင်မယ်ဆိုရင် ထိန်းနိုင်မှာပါ”ဟူ၍ပင်။

ထိုက်ထိုက်၊ စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်