ကုန်သွယ်ရေးတိုက်ပွဲ အဆုံးသတ်ရန် တရုတ်ကိုယ်စားလှယ် အမေရိကန်သို့ သွားရောက်ညှိနှိုင်း

ဝါရှင်တန် ဇန်နဝါရီ ၃၀

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာ ထိပ်တန်း စေ့စပ်ဆွေးနွေးသူ ဒုတိယဝန်ကြီးချုပ် လျူဟေး သည် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နှင့် တွေ့ဆုံဆွေးနွေးရန် ဝါရှင်တန်မြို့သို့ ဇန်နဝါရီ ၂၈ ရက်တွင် ရောက်ရှိလာခဲ့သည်။ ထိုသို့ ရောက်ရှိလာခြင်းသည် လတ်တလောဖြစ်ပွားနေသည့် အမေရိကန်၊ တရုတ် စီးပွားရေးအားပြိုင်မှုများအဆုံးသတ်ရန် လာရောက်ညှိနှိုင်းခြင်းဖြစ်ကြောင်း တရုတ်ကိုယ်စားလှယ်က မီဒီယာများကို ဖြေကြားခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့သည် ကမ္ဘာပေါ်တွင် အင်အားကြီးသော နိုင်ငံနှစ်နိုင်ငံဖြစ်ခြင်းကြောင့် ကုန်သွယ်ရေး ပဋိပက္ခရှည်ကြာပါက ကမ္ဘာ့စီးပွားရေးပါ အထိနာနိုင်မည့်အတွက် တရုတ်ဘက်မှ စေ့စပ်ရေးခြေလှမ်းကို စတင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ အစိုးရသတင်းဌာနတွင် ဖော်ပြသည်။

တရုတ်နိုင်ငံ၏ ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ကို တရုတ်ဒုတိယဝန်ကြီးချုပ်နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌတို့က ဦးဆောင်လာ ခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲ နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများကို ယာယီရပ်စဲထားကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးမှုအပြီး တွင် တရုတ်နိုင်ငံ၏ ပြည်ပပို့ကုန်များ အပေါ် အမေရိကန်ဒေါ်လာ ဘီလီယံ ရာပေါင်းများစွာ အခွန်တိုးမြှင့် ကောက်ခံသည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တရုတ်နှင့်အမေရိကန် တာဝန် ရှိသူများ၏ ဆွေးနွေးပွဲကို ဇန်နဝါရီ ၃ဝ ရက်တွင် ဖွင့်လှစ်မည်ဟု ရက် သတ်မှတ်ထားပြီး နှစ်ရက်ကြာ ကျင်းပမည့် ယင်းဆွေးနွေးမှုများ အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် တရုတ်ဒုတိယ ဝန်ကြီးချုပ် လျူဟေးနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးကဏ္ဍဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

AFP

Leave a Reply