ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ သုံးဦးသေဆုံး သုံးဦး ဒဏ်ရာရ

မော်လမြိုင် ဇန်နဝါရီ ၃၁

မော်လမြိုင်- မုဒုံ အဝေးပြေးလမ်းမပေါ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဘက်စုံမွေးမြူရေးတပ်အနီးတွင် ဇန်နဝါရီ ၃၁ ရက် နံနက်အစော ၄ နာရီခန့်က ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်မောင်းတစ်ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ရပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထပ်မံသိရသည်။

“မုဒုံဘက်က လာတဲ့ မှန်လုံခရီးသည်တင်ယာဉ်က ဆိုင်ကယ်တစ်စီးကို ကျော်တက်တဲ့အချိန်မှာ တစ်ဘက်ယာဉ်ကြောကို ရောက်သွားပြီးတော့ တစ်ဘက်ယာဉ်ကြောက မောင်းနှင်လာတဲ့ လိုက်ထရပ်ယာဉ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့တာ”ဟု အမှတ် (၇၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ခင်မောင်အေးက စစ်ဆေးတွေ့ရှိခဲ့ချက်ကို ဟင်္သာသို့ ပြောသည်။

ယာဉ်မောင်း ကျော်စွာလင်း မောင်းနှင်လာသော မိုးကောင်းကင် ခရီးသည်တင် မှန်လုံယာဉ်မှာ တစ်ဘက်ယာဉ်ကြောမှ ယာဉ်မောင်း ဦးတင်ကို မောင်းနှင်လာသော MAZDA BONGO SK 82T အမျိုးအစား လိုက်ထရပ်ယာဉ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ လိုက်ထရပ်ယာဉ်မောင်း ဦးတင်ကို (၄၅ နှစ်) ၊ ယာဉ်ပေါ်လိုက်ပါလာသူ ဦးမျိုးဝင်းအောင် (၃၄ နှစ်) နှင့် ဦးကိုလွင် (၄၀ နှစ်) မုဒုံမြို့နယ်နေသူတို့ သုံးဦးမှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ကျန် အမျိုးသား သုံးဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်စွာလင်း(၃၅ နှစ် ၊ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေသူ) ကို မုပွန်နယ်မြေရဲစခန်းမှ ယာဉ် (ပ) ၃/ ၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈၊ ၃၀၄ (က) အရ အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း ဒုရဲမှူး ခင်မောင်အေးက ပြောသည်။

ခေတ်မင်း

Leave a Reply