ကျိုက်ထီးရိုးတောင်ပေါ်တွင် အမှိုက်ခွဲစက်အသုံးပြုမည်

မော်လမြိုင် ဖေဖော်ဝါရီ

မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးတောင်ပေါ်တွင်တည်ဆောက်နေသောအမှိုက်ခွဲစက်ကို လာမည့် ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ် လည်ပတ်သွားမည်ဖြစ်ကြောင်းကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးတင်ဝင်းက ဟင်္သာမီဒီယာသို့ ပြောသည်။

အမှိုက်ခွဲစက် တည်ဆောက်မှု ပြီးစီးနေပြီဖြစ်သော်လည်း လျှပ်စစ်သွယ်တန်းတပ်ဆင်ရန် ကျန်ရှိနေသောကြောင့် ဖေဖော်ဝါရီလလယ်မှ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၎င်းကပြောသည်။

“မီးသွယ်ဖို့အတွက် ထရန်စ်ဖော်မာကို ပြန်ပြီးပြင်ဆင်ရတယ်၊ ပစ္စည်းတွေကိုလည်း တောင်ပေါ်တင်ရတာဆိုတော့ နည်းနည်းခက်တာပေါ့၊ လျှပ်စစ်ကျွမ်းကျင်ပညာရှင် ရောက်တာနဲ့ တပ်ဆင်မယ်၊ ပြီးရင် ဖွင့်မှာပေါ့”ဟု ဦးတင်ဝင်းက ပြောသည်။

Advertisements

အမှိုက်ခွဲစက် ဖွင့်လှစ်ပြီးပါက ဂေါပကအဖွဲ့အနေဖြင့် ဝန်ထမ်း ၁၃ ဦးခန့် အသစ်ခန့်အပ် တာဝန်ခွဲဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

တောင်ပေါ်တွင် နေ့စဉ်စွန့်ပစ်နေသောအမှိုက်များကို ခွဲစက်ဖြင့် အစို၊အခြောက်ခွဲကာ သန့်စင်သွားမည်ဖြစ်ပြီး စားကြွင်းစားကျန်များမှ တစ်ဆင့်သဘာဝမြေသြဇာ ရရှိရန်အတွက်လည်းဆောင်ရွက်သွားမည်ဖြစ်သည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် ဘုရားဖူးရာသီဖြစ်ပါက တစ်နေ့လျှင် အမှိုက် ၅ တန်နှင့် အထက် ထွက်ရှိနေပြီး အမှိုက်ခွဲစက်ထားရှိပါက ဘုရားရင်ပြင်တော်တွင် ယခင်နှစ်များထက်သန့်ရှင်းမှုများ ပိုရှိလာတော့မည်ဖြစ်သည်။

တောင်ပေါ်တွင် နေထိုင်သူများအနေဖြင့် အမှိုက်များကို စနစ်တကျပစ်ကြရန် လိုအပ်ပြီး၊ တောင်အောက်သို့ပစ်ချခြင်းများကို ရှောင်ရမည်ဖြစ်ကြောင်းနှင့်အမှိုက်ခွဲစက်ကို နံံနက် ၄ နာရီမှ စတင်လည်ပတ်ရန် စီစဉ်ထားသော်လည်း ဘုရားဖူးရာသီဖြစ်သောကြောင့် အချိန်သတ်မှတ်ချက် ပြန်လည်ညှိနှိုင်းရမည် ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

တောင်ပေါ်တွင် အမှိုက်များ သန့်ရှင်းစေရန်အတွက် ယခုထားရှိသော အမှိုက်ခွဲစက်အပြင် အမှိုက်ဖျက်စက်လည်း ထပ်မံလုပ်ဆောင်ရန်အတွက် စီစဉ်ထားကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

“ကျိုက်ထီးရိုးဂေါပကအဖွဲ့ကပဲ စီမံသွားမှာပါ၊ သူတို့ပဲ ဝန်ထမ်းခန့်မယ်၊ ထိန်းသိမ်းသွားမယ်၊ တောင်ပေါ်မှာတော့ အမှိုက်ဖျက်စက် ထပ်ထားပေးဖို့တော့ ရှိပါတယ်။ ဖြည်းဖြည်းချင်းဆောင်ရွက်ပေးသွားမှာပါ”ဟု ၎င်းကပြောသည်။

Advertisements

မွန်ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် TNA Recycle ကုမ္ပဏီတို့စာချုပ်ချုပ်ကာ ကျိုက်ထီးရိုးတောင်ပေါ်တွင် အမှိုက်ဖျက်စက်ကို ၂ဝ၁၈ခုနှစ်မှ စတင်ကာ ဆောင်ရွက်ခဲ့ပြီး ယခုနှစ်အတွင်း စတင်လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

ထိုက်ထိုက်

Advertisements

Leave a Reply