ကျိုက်ထီးရိုးဆံတော်ရှင်မုခ်ဦး အသစ်ပြန်လည်တည်ဆောက်မည်

မော်လမြိုင် ဖေဖော်ဝါရီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းအဝင်လမ်းရှိ ကျိုက်ထီရိုးဆံတော်ရှင် မုခ်ဦးသည် ပြိုကျပျက်စီးတော့မည့် အန္တရာယ်ရှိနေသည့်အတွက် ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ အသစ်ပြန်လည် တည်ဆောက်သွား မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် ဦးတင်ဝင်းက ပြောသည်။

ပြီးခဲ့သည့်လက ကင်မွန်းစခန်းအဝင်လမ်း တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ် ဘတ်ဖိုးကားနှင့် ချိတ်မိ၍ ကျိုက်ထီးရိုးမုခ်ဦး ကွဲအက် ထိခိုက် ပျက်စီးသွားခြင်းဖြစ်ကြောင်းသိရသည်။

“တော်တော်ထိသွားတယ်ဆိုတော့ ပြန်ပြင်လို့တော့ အဆင်မပြေတော့ဘူး၊ အသစ်ပြန်ဆောက်မှရမယ်၊ ပြန်ဆောက်ဖို့အတွက် ဂေါပကအဖွဲ့တွေ အစည်းအဝေးထိုင်ရမယ်၊ တိုင်ပင်ရဦးမယ်”ဟု ၎င်းကပြောသည်။

Advertisements

ယခုနှစ်အတွင်း မုခ်ဦးအသစ် ပြန်လည်တည်ဆောက်ရန်အတွက် ဂေါပကအဖွဲ့ဝင်များကို အစည်းအဝေးခေါ်ကာ ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ မုခ်ဦးအသစ်တည်ဆောက်ပါက ကုန်ကျမည့်စရိတ်နှင့် ကြာမြင့်မည့်အချိန်ကို သိရှိစေရန်အတွက် ပညာရှင်များနှင့် တွေ့ဆုံံညှိနှိုင်း ဆောင်ရွက်သွားမည်ကြောင်း ဖြည့်စွက်ပြောသည်။

လက်ရှိတွင် မုခ်ဦးသည် ပြိုကျနိုင်သော အနေအထားဖြစ်သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေးကာ ဆက်လက်ဆောင်ရွက်သင့်ကြောင်း ကင်မွန်းစခန်းမှ ဒေသခံ ဦးကိုကိုချစ်က အကြံပြု ပြောကြားသည်။

“အချိန်မရွေးပြိုကျနိုင်တဲ့ အနေအထားဖြစ်နေတော့ အန္တရာယ်များတယ်လေ၊ အဲဒီတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြိုသင့်ရင်လည်းဖြိုချလိုက်၊ ပြီးမှ အသစ်ပြန်ဆောက်တာ အဆင်ပြေမယ်၊ ပြန်ထိန်းသိမ်းလို့တော့ မရဘူး၊ ဖြိုမှကို ဖြစ်မှာ”ဟု ၎င်းက ပြောသည်။

ကင်မွန်းစခန်းအဝင်လမ်းဖြစ်နေသောကြောင့် မုခ်ဦး ပြိုကျသွားပါက ပြည်သူများ ထိခိုက်နိုင်သည့်အတွက် ပြိုကျသည်အထိ မစောင့်ဘဲ ၊အမြန်ဆုံး ဖြိုချရန် နှင့် တိုးချဲ့ထားသည့် လမ်းအကျယ်အတိုင်း အသစ်ပြန်လည် တည်ဆောက်စေချင်ကြောင်း တိုက်တွန်း ပြောကြားသည်။

ကင်မွန်းစခန်းအဝင်လမ်းရှိ အဆိုပါကျိုက်ထီးရိုးဆံတော်ရှင်မုခ်ဦး တည်ဆောက်ခဲ့သည်မှာ နှစ်ပေါင်း ၂ဝ နီးပါးခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

ထိုက်ထိုက်

Advertisements
Advertisements

Leave a Reply