ဂျပန်အာမခံကုမ္ပဏီကြီးနှစ်ခု တရုတ်တွင် တစ်ပြိုင်နက် ရင်းနှီးမြှုပ်နှံ

တိုကျို ဖေဖော်ဝါရီ ၅

ဂျပန်နိုင်ငံအခြေစိုက် အာမခံကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ နီပွန်လိုက်ခ်နဲ့ တိုကီရိုမာရင်းကုမ္ပဏီတို့ဟာ တရုတ်နိုင်ငံမှာ တစ်ပြိုင်နက် ရင်းနှီးမြှုပ်နှံမယ်လို့ ဖေဖော်ဝါရီ ၄ရက်မှာ တစ်ပြိုင်နက် ထုတ်ပြန်လိုက်ပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ကိုလိုက်ရှာတဲ့အခါ ဈေးကွက်ကြီးမားပြီး ပြိုင်ဆိုင်မှုနည်းပါးနေတဲ့ တရုတ်အာမခံဈေးကွက်ကို ရွေးချယ်ဖြစ်ခဲ့တယ်လို့ သူတို့က ဆိုကြပါတယ်။ ယခင်က အာမခံလုပ်ငန်းဟာ တရုတ်မှာ တွင်တွင်ကျယ်ကျယ်ရှိခဲ့ပေမဲ့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေကြားမှာ အမေရိကန်နဲ့ သြစတေးလျအခြေစိုက် အာမခံကုမ္ပဏီတွေက တရုတ်ဈေးကွက်ကို စွန့်ခွာခဲ့ကြပါတယ်။

တိုကီရိုမာရင်းကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်ကတည်းက တရုတ်မှာ ကနဦးဈေးကွက် မြှုပ်နှံခဲ့ဖူးပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၃သန်းကနေ ၂၀၁၆ခုနှစ်မှာ ၆၆ရာခိုင်နှုန်း အထိ ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါတယ်။ ဒီလိုရလဒ်ကြောင့် ၂၀၁၉ခုနှစ်အတွင်း တရုတ်တစ်နိုင်ငံလုံးကို ဈေးကွက်မြှုပ်နှံမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ပြိုင်ဘက်ဖြစ်တဲ့ နီပွန်လိုက်ခ်ကုမ္ပဏီကလည်း ဈေးကွက်ကို အပြိုင်အဆိုင် စိတ်ဝင်စားလာတာဖြစ်ပါတယ်။

အာမခံဈေးကွက်မှာတော့ လက်ရှိကမ္ဘာမှာ အမေရိကန်က နံပါတ်တစ်အဖြစ်ရပ်တည်နေပြီး တရုတ်နဲ့ ဂျပန်တို့က အသီးသီး အစဉ်အတိုင်းရှိနေကြပါတယ်။ ဂျပန်အာမခံ ကုမ္ပဏီတွေရဲ့ တရုတ်ဆီကို ခြေလှမ်းဟာ အမေရိကန်ရဲ့ ဈေးကွက်ကို စံချိန်ချိုးသွားနိုင်လောက်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါသေးတယ်။ ဒါ့အပြင် အာရှရဲ့ အကြီးမားဆုံး အာမခံဈေးကွက် ဖြစ်လာနိုင်မယ်လို့ လေ့လာသူတွေ က ပြောပါတယ်။

တရုတ်နိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အကန့်အသတ်နဲ့ လက်ခံခဲ့ပေမဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးကိစ္စ မပြေမလည်ဖြစ်ပြီးနောက်ပိုင်းမှာ ဈေးကွက်ကို ချဲ့ထွင်မှုအဖြစ် ကန့်သတ်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။ ပေကျင်းနဲ့ တိုကျိုစီးပွားရေးသမားတွေ ပူးပေါင်းပြီး အမေရိကန်ဈေးကွက်ကို မြေလှန်ပစ်တော့မယ်လို့ ဘဏ်လုပ်ငန်းရှင်တွေကလည်း ထင်ကြေးပေးနေကြပါသေးတယ်။

တရုတ်ရဲ့ အာမခံဈေးကွက်ဟာ ဂျပန်နဲ့ပူးပေါင်းလိုက်တဲ့အခါ အာဆီယံမှာ အကြီးမားဆုံး အလားအလာရှိတဲ့ အာမခံ ဈေးကွက်ဖြစ်လာပြီး အနောက်နိုင်ငံတွေကို နောက်ကျန်စေခဲ့မယ်လို့ အာရှအရေးအာမခံဆိုင်ရာ သုံးသပ်သူ မစ္စတာလင်ဒါရွန်းမက်တီက ပြောပါတယ်။

ဂျပန်အာမခံကုမ္ပဏီတွေဟာ တရုတ်နိုင်ငံမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၄၇၇၀၀၀အထိ ရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။

CNA

Leave a Reply